- By CNI
- Category: အင်တာဗျူး
- Hits: 54
CNI Interview
၂၀၂၆ ခုနှစ်၊ မေလ ၉
မြန်မာနိုင်ငံတွင် လက်ရှိအစိုးရကို တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများအနက် အာရက္ခတပ်တော် (AA)နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့သည် အကြီးမားဆုံး အဖွဲ့အစည်း များတွင် ပါဝင်သည်။
AA ကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ၁၇ နှစ်အကြာတွင် မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလား ပင်လယ်အော် ကမ်းရိုးတန်း တစ်လျှောက်ရှိ ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ထိုအနေအထားအရ မြန်မာနိုင်ငံအတွင်းရှိ အခြား လက်နက်ကိုင် အဖွဲ့အစည်းများထက်ပိုပြီး နယ်မြေအများဆုံးကို ထိန်းချုပ်ထားသည်ဟု ဆိုနိုင်သည်။
ရခိုင်ပြည်နယ်သည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ဒေသတွင်းရှိ ဘင်္ဂါလီများအပေါ် အစိုးရက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကြောင့် ကမ္ဘာ၏အာရုံစိုက်မှုကို ခံခဲ့ရသည့် နေရာတစ်ခုလည်း ဖြစ်သည်။
AA နှင့် ULA တို့ကို ဦးဆောင်နေသော ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ယခင်က မီဒီယာအချို့နှင့် အွန်လိုင်းမှတစ်ဆင့် လူတွေ့မေးမြန်းခန်းများ ဖြေကြားခဲ့ဖူးသော်လည်း နိုင်ငံခြားသား သတင်းထောက်တစ်ဦးနှင့် လူချင်းတွေ့ဆုံကာ သီးသန့်အင်တာဗျူးကိုမူ တစ်ကြိမ်တစ်ခါမျှ လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။
ယခုအခါတွင် ပထမဆုံး အကြိမ်အဖြစ် သူသည် The Diplomat သတင်းဌာနမှ သတင်းထောက် ရာဂျစ် ဘတ်တာချာရီယာ (Rajeev Bhattacharyya) နှင့် မတ်လ ၂ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ တစ်နေရာတွင် တွေ့ဆုံခဲ့သည်။
ရာဂျစ် ဘတ်တာချာရီယာသည် တွေ့ဆုံမည့် နေရာသို့ ရောက်ရှိရန်အတွက် ကုန်းကြောင်း၊ ရေကြောင်း ခရီးစဉ်များအပြင် တောတောင်ထူထပ်သော လမ်းများကိုပါ ခြေလျင်ခရီးဖြင့် ခက်ခက်ခဲခဲ သွားလာခဲ့ရသည်။
ထိုအင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် AA ၏ ဆက်ဆံရေးများအပြင် ၎င်းတို့အဖွဲ့အပေါ် စွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် သော ကိစ္စရပ်များ အပါအဝင် အကြောင်းအရာ အတော်များများကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
မေး ။ ။ ခင်ဗျားရဲ့ နောက်ခံအကြောင်းအရာနဲ့ အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်တစ်ယောက် ဘယ်လို ဖြစ်လာခဲ့သလဲဆိုတာကို ပြောပြပေးနိုင်မလား။
ဖြေ ။ ။ ကျနော် စစ်တွေမြို့မှာရှိတဲ့ ဥပဒေကျောင်းမှာ ပညာသင်ကြားခဲ့ပေမဲ့ ဆုံးခန်းတိုင်အောင် မတက်ခဲ့ ပါဘူး။ ကျနော်က တက်ကြွတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနဲ့ လှုပ်ရှားခဲ့သူဖြစ်ပြီး ကျနော် ၉ တန်း ကျောင်းသားဘဝတုန်းက စစ်တပ်နဲ့ ထိပ်တိုက် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြီးကြီးမားမားတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ အဲဒါက ကျနော် စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့တာပါပဲ။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျနော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး စတင်သွားလာခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၁၉၉၈ ခုနှစ် Operation Leech စစ်ဆင်ရေးအတွင်းမှာ ရခိုင်တော်လှန်ရေးသမားတချို့ ကျဆုံးသွားခဲ့ပြီးတဲ့အချိန်ပေါ့။
ကျနော်တို့ဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ရဲ့ လှုပ်ရှားမှုတွေဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီအဖွဲ့တွေဟာ ကျနော်တို့ ထင်ထားသလောက် အင်အား မတောင့်တင်းဘူးဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ အဲဒီမှာပဲ စည်းလုံး ညီညွတ်မှုဟာ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ကျနော် နားလည်လာခဲ့တယ်။ ၂၀၀၆ ခုနှစ်အထိတော့ ကျနော် တို့ဟာ ဒီရခိုင် လက်နက်ကိုင် အဖွဲ့တွေအားလုံး စုစည်းညီညွတ်သွားဖို့ မျှော်လင့်ခဲ့ကြတာပါပဲ။
အဲဒီနှစ်မှာ ကျနော် အိန္ဒိယနိုင်ငံကို အထောက်အထား စာရွက်စာတမ်းမရှိဘဲ ခရီးသွားခဲ့ပါတယ်။ မဏိပူရ်နယ်စပ် ကနေ အိန္ဒိယထဲကို ဝင်ပြီးတဲ့နောက် အင်ဖာ (Imphal) မှာ ခဏနေခဲ့တယ်၊ အဲဒီကမှတဆင့် အာသံပြည်နယ်က ဂူဝါဟတ်တီ (Guwahati) ကို သွားခဲ့ပါတယ်။ အဲဒီမှာ ထရိပူရ (Tripura) က ခေါင်းဆောင် တစ်ယောက် အပါအဝင် ခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဂူဝါဟတ်တီကနေ ဒေလီကို ရထားနဲ့ ဆက်သွားခဲ့ပါတယ်။
ဒေလီမှာ ရက်ပေါင်း ၂၀ ကြာ နေထိုင်ခဲ့ပြီး ဝီကတ်ပူရီ (Vikaspuri) မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားကွန်ဂရက် (Arakan National Congress) ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်တွေဟာ သေးငယ်တဲ့ ကိစ္စလေးတွေအပေါ် အငြင်းပွားနေကြတာကို တွေ့ခဲ့ရတယ်။ ကျနော်တို့ လိုချင်တဲ့ စည်းလုံးညီညွတ်မှုကို ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို အဲဒီမှာတင် ကျနော် အသေအချာ ယုံကြည် သွားခဲ့တယ်။ သူတို့နဲ့ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူးဆိုတာကိုလည်း ကျနော် သဘောပေါက်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာရှိတဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်ဆံရေး ထူထောင်ဖို့ စတင်စဉ်းစားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းကတဆင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။
ကျနော် စစ်တွေတက္ကသိုလ်မှာ ဥပဒေတက်နေရင်းနဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့သလို ကျောက်မျက်ရတနာ တွေလည်း ရောင်းချခဲ့ပါတယ်။ ဒီအလုပ်တွေကတဆင့် ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ တွေ့ဆုံရပြီး ကျနော့်ရဲ့ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။
ကျနော်နဲ့ အဆက်အသွယ်ရှိတဲ့ အမေရိကန်က သူငယ်ချင်းတချို့က ကျနော့်ကို အမေရိကန်မှာ ပညာသင်ဖို့ ဖိတ်ခေါ်ခဲ့ကြပေမဲ့ ကျနော်ကတော့ လက်တွေ့ကွင်းဆင်း လှုပ်ရှားရတဲ့ အလုပ်တွေကိုပဲ ပိုပြီး စိတ်ဝင်စား ခဲ့ပါတယ်။
ကျနော် ၂၀၀၅ ခုနှစ်ကတည်းက အိမ်ထောင်ကျခဲ့တာပါ။ ရခိုင်ပြည်အတွက် ကျနော့်ရဲ့ အစီအစဉ်တွေကိုလည်း ဇနီးသည်ကို ပြောထားပြီးသားပါ။ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ (၃) ဖြစ်တဲ့ ကျနော့်ရဲ့ အစ်ကိုကြီးက KIA နဲ့ ချိတ်ဆက်မိဖို့ ကူညီပေးခဲ့ပါတယ်။ ကျနော် ကချင်ပြည်နယ်ကို သွားဖို့အတွက် ကျနော့်ရဲ့ အိုမီဂါနာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားခဲ့တာကတော့ KIA နဲ့ အမြင်ချင်း ဖလှယ်ဖို့နဲ့ အဲဒီက သင်တန်းတွေကို နှစ်ပတ်ကြာ လေ့လာဖို့ပါ။
KIA နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ကျနော်တို့ သုံးနှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက KIA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်ပြီး KIA ကို နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲဖို့ ဖိအားပေး ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် KIA ထဲမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ KIA ဆီကနေ သင်တန်းပေးဖို့အတွက် ခွင့်ပြုချက်ရရှိခဲ့ပြီး တစ်နှစ်အကြာမှာ သင်တန်းတွေ စတင် နိုင်ခဲ့ပါတယ်။ ကျနော်တို့ဘက်က သင်တန်းသား ၅၀ လောက် ပို့ဖို့ စီစဉ်ထားပေမဲ့ KIA က သင်တန်းသား ၂၆ ယောက်ပဲ လက်ခံခဲ့ပါတယ်။ ကျနော်တို့ရဲ့ သူငယ်ချင်း တချို့ဆိုရင် ကချင်ပြည်နယ်ကိုအသွား လမ်းတစ်ဝက်မှာ စစ်ဘက်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ကျနော်တို့ဟာ ကချင်ပြည်နယ်မှာ ၂ နှစ်လောက်နေပြီးရင် ရိုင်ဖယ်သေနတ် အလက် ၂၀၀ နဲ့အတူ ပြန်လာဖို့ စိတ်ကူးထားခဲ့ကြတာပါ။ အဲဒီကာလအတွင်းမှာ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို သင်ယူခဲ့သလို၊ စစ်မဟာဗျူဟာနဲ့ နည်းဗျူဟာတွေ အကြောင်းကိုလည်း အများကြီး ဖတ်ရှုလေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်က ပြည်ပမှာ ပညာသင်ကြားနေတဲ့ လူငယ်တွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သင်တန်းပေးဖို့အတွက် လူသစ်စုဆောင်းရေးတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတုန်းက KIA အနေနဲ့ အစိုးရစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်လို့ ဒီလို သင်တန်းပေးနေတာ တွေကို လျှို့ဝှက်ထားဖို့အတွက် သူတို့ဘက်က တော်တော်လေး စိုးရိမ်ခဲ့ကြပါတယ်။ ၂ နှစ်အတွင်းမှာ ကျနော်တို့ သင်တန်းသား ၃၀၀ ခန့်ကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။
တစ်ခါတလေမှာ ရိက္ခာတွေ ပြတ်လပ်တာမျိုးရှိခဲ့ပြီး နောက်ပိုင်းမှာတော့ နယ်စပ်တစ်လျှောက် ကျောက်စိမ်း လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျနော်တို့ရဲ့ ကွန်ရက်ကို ချဲ့ထွင်ဖို့အတွက် လူ ၁၉ ယောက်ကို ရွှေတြိဂံဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေဆီ စေလွှတ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်က ကိုးကန့် (MNDAA) နဲ့ ပလောင် (TNLA) အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး အဲဒီဒေသတွေ ကနေ လက်နက်အချို့ကိုလည်း စုဆောင်းရရှိခဲ့ပါတယ်။
အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်တို့ရဲ့ ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံမှုဟာ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ပလက်ဝမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ကျနော်တို့က မြန်မာ စစ်တပ်က ဗိုလ်ကြီးတစ်ယောက်ကို ချေမှုန်းခဲ့ပါတယ်။
မေး ။ ။ ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိဘဲနဲ့ AA ရဲ့ စစ်ရေးအောင်မြင်မှုတွေက တကယ့်ကို အံ့မခန်းပါပဲ။ ဒီအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာများလဲ။
ဖြေ ။ ။ စကားတွေနဲ့သာ ပြောရပြီး လက်တွေ့မလုပ်တဲ့ အရာတွေရှိသလို၊ လက်တွေ့လုပ်ပြီးတိုင်း ထုတ် မပြောတဲ့ အရာတွေလည်း ရှိပါတယ်။ ပြီးတော့ ပြောတဲ့အတိုင်း လုပ်တဲ့အရာတွေလည်း ရှိတာပေါ့။ ရခိုင်ပြည် ဆိုတာ နယ်မြေအားဖြင့် သေးငယ်တဲ့ နေရာလေးတစ်ခုပါ။
ဒါပေမယ့် အရင်တုန်းက ကျနော်တို့ဟာ ဒီလောက် မသေးငယ်ခဲ့ပါဘူး။ နယ်မြေ အပိုင်းအစလေး တစ်ခုအပေါ်မှာ အငြင်းပွားနေမယ့်အစား ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ အာရုံစိုက် လုပ်ဆောင်ရမှာပါ။ နယ်မြေ စိုးမိုးချင်တဲ့ ရည်မှန်းချက်တွေအကြောင်း လျှောက်ပြောနေမယ့်အစား မိမိတို့ရဲ့ မစ်ရှင်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ပြီး လုပ်ဆောင်တာက ပိုကောင်းပါတယ်။
ကျနော်တို့ရဲ့ အောင်မြင်မှု နောက်ကွယ်မှာ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က အံ့မခန်းတဲ့ အောင်မြင်မှု အဆင့်ကိုတော့ မရောက်သေးပါဘူး။ ကျနော်တို့ စိတ်ရှည်ရမယ်၊ အာရုံစိုက်မှုကို မလျှော့ရဘူး၊ ပြီးတော့ ရှိတဲ့ အရင်းအမြစ် အကန့်အသတ်လေးတွေနဲ့ပဲ စနစ်တကျ စီမံခန့်ခွဲသွားရမှာပါ။
ကျနော်တို့ အောင်မြင်ရတဲ့ အဓိက အကျဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပါပဲ။ ကျနော်တို့ ရခိုင်ပြည်အတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ ပါတယ်။ အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အတော်များများ နေရပ်ကနေ မောင်းထုတ်ခံရပြီးတဲ့နောက် မွတ်စလင် လူ့အဖွဲ့အစည်းတွေနဲ့ကြားမှာ မယုံကြည်မှုတွေ အများကြီး ရှိခဲ့ပါတယ်။
သာမန် အချိန်မျိုးမှာဆိုရင် သူတို့ကို ချဉ်းကပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် သူတို့ကိုယ်တိုင် ကလည်း မိတ်ဆွေတွေကို ရှာဖွေနေကြတာဖြစ်လို့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို သူတို့ကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ တကယ်ကို အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။
နယ်မြေ အနေအထားကလည်း နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ စစ်တပ်မှာက ပိုကောင်းတဲ့ အခြေခံ အဆောက်အအုံတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိပေမဲ့ အဲဒါတွေကို အကောင်းဆုံးဖြစ်အောင် အသုံးချခဲ့ပါတယ်။ စစ်ပွဲတွေ အတွင်းမှာ အစွမ်းကုန်သတ္တိရှိပြီး ကျွမ်းကျင်မှုရှိကြောင်း ပြသခဲ့တဲ့ ကျနော်တို့ရဲ့ စစ်သားတွေနဲ့ အရာရှိတွေကို ကျနော် အရမ်းဂုဏ်ယူပါတယ်။ ကျနော်တို့ ဌာနချုပ်ဟာ ဂြိုဟ်တုဆက်သွယ်ရေး အပါအဝင် ရရှိနိုင်တဲ့ နည်းပညာအားလုံးကို ထိရောက်စွာ အသုံးပြုခဲ့ပြီး ထိရောက်တဲ့ ဆက်သွယ်ရေး စနစ်ဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့ပါတယ်။
အခုပြန်ကြည့်ပြီး ပြန်လည်သုံးသပ်တဲ့ အခါမှာတော့ ကျနော့်ရဲ့ အဖွဲ့တစ်ခုလုံးမှာ အများကြီး ကြိုတင်ပြင်ဆင်ထား ကြတဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ ကျနော် သူတို့နဲ့ သဟဇာတဖြစ်ဖြစ် အလုပ်လုပ်နိုင်ခဲ့ပါတယ်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
မေး ။ ။ ၂၀၂၅ ခုနှစ်ဟာ အခြေအနေတွေ တုံ့ဆိုင်းနေခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ AA အနေနဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပေမဲ့ တခြား တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာပြည် အလယ်ပိုင်းအထိ ထိုးဖောက် ဝင်ရောက်ခဲ့ပါတယ်။ ဒါဟာ မဟာဗျူဟာ အပြောင်းအလဲတစ်ခုကို ပြသနေတာလား။
ဖြေ ။ ။ မဟာဗျူဟာရဲ့ အသေးစိတ် အချက်အလက်တွေကို ပြောဖို့ကတော့ အချိန်စောလွန်းပါသေးတယ်။ အခုပြောရင် အချိန်မတန်သေးသလို ဖြစ်နေပါလိမ့်မယ်။ စစ်တပ်ဘက်က ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာဖို့ ကမ်းလှမ်းလာမယ်ဆိုရင် AA အနေနဲ့ ဒါကို ကြိုဆိုနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ တည်ငြိမ်မှုဆိုတာ လူတိုင်းရဲ့ အကျိုးစီးပွားအတွက်ပါပဲ။ ကျနော်တို့မှာ နိုင်ငံရေးအရ ရင့်ကျက်မှုရှိဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ ဒီအခြေအနေအတိုင်းပဲ ဆက်လက် ထိန်းသိမ်းထား ချင်ပါ တယ်။
မေး ။ ။ ကျနော် ရခိုင်ဒေသကို ရောက်ရှိခဲ့တဲ့ တစ်လနီးပါး ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက နေရာတစ်ခုကို ကျနော် သွားရောက်ခဲ့တာမှာ လူ ၁၇ ဦး သေဆုံးခဲ့တာကို တွေ့ရပါတယ်။ အခု ရွေးကောက်ပွဲတွေလည်း ပြီးသွားပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ ။ ။ အရပ်သားတွေရဲ့ လုံခြုံရေးက ကျနော်တို့အတွက် အဓိက ဦးစားပေးပါ။ အရပ်သား ပြည်သူတွေကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းမှန်သမျှကို ရှာဖွေဖော်ဆောင်နေပါတယ်။ ဒါဟာ ခက်ခဲတဲ့ကိစ္စ တစ်ခုပါ။ ဒီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း လုပ် ဆောင်နေပေမဲ့ အဲဒါတွေက သိပ်ပြီး ထိရောက်မှု မရှိသေးပါဘူး။ ဒါဟာ တကယ့်ကို ပြင်းထန်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဆက်ပြီး ဗုံးကြဲနေသရွေ့တော့ ကျနော်တို့ အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ရှာဖွေဖော်ဆောင်ဖို့ အလွန်ခက်ခဲနေပါလိမ့်မယ်။ စစ်တပ်ဟာ အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာပါ။ ဒါပေမယ့် ကျနော်တို့ကတော့ အဲဒီလို ဖိအားပေးမှုမျိုးတွေကို အရှုံးပေးမှာ မဟုတ်ပါဘူး။
မေး ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်က တရုတ်နိုင်ငံမှာ မြန်မာ့တပ်မတော်က ကိုယ်စားလှယ်တွေနဲ့ AA တို့ ဆွေးနွေးခဲ့ ကြတုန်းက ရခိုင်ဒေသမှာ မြန်မာ့တပ်မတော်ရဲ့ တပ်တွေ မရှိစေရဘူးဆိုတဲ့ အချက်ကို ခင်ဗျားတို့ဘက်က တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရပါတယ်။ အခုအချိန်မှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးမှုမျိုးတွေ ပြုလုပ်ဖို့ ဆန္ဒရှိပါသလား။
ဖြေ ။ ။ ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါ ကျနော်တို့ လိုလားတဲ့အချက်ပါ။ အစိုးရကတော့ ကျနော်တို့ကို ၂၀၂၃ ခုနှစ် မတိုင်ခင်က အခြေအနေမျိုးဆီ ပြန်သွားစေချင်နေတာပါ။ အဲဒီလိုသာဆိုရင် ကျနော်တို့ကလည်း ၁၇၈၄ ခုနှစ် (ရခိုင်မင်းဆက် ပျက်သုဉ်းခဲ့တဲ့နှစ်) အခြေအနေမျိုးဆီ ပြန်သွားချင်တာပေါ့။
အစိုးရအနေနဲ့ လက်တွေ့မဆန်တဲ့ အရာတွေကို တောင်းဆိုနေမယ့်အစား လက်တွေ့ အခြေအနေပေါ် အခြေခံပြီး အားလုံးပါဝင်နိုင်တဲ့၊ စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဆွေးနွေးပွဲဆိုတာ မြေပြင်က လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေလို့ မရပါဘူး။
မေး ။ ။ ၂၀၂၃ ခုနှစ်မှာ ကျနော် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို သွားတုန်းက တော်လှန်ရေးအဖွဲ့အစည်း အတော်များများက ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ အတော်များများက ၂၀၂၅ အကုန်မှာ စစ်အစိုးရ ပြုတ်ကျမယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောခဲ့ကြပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ အပြန်အလှန်အားဖြင့် စစ်တပ်က တချို့ဒေသတွေမှာ ပြန်လည် အသာစီး ရလာတာမျိုးတောင် ရှိနေပါတယ်။ ဒါကို ခင်ဗျား ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူဖြစ်ပြီး ကျနော်တို့ သူတို့ကို လေးစားပါတယ်။ တခြားသော အစုအဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး စုစည်းညီညွတ်ကြဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်။
လက်ရှိ အခြေအနေကတော့ ခန့်မှန်းရ ခက်နေဆဲပါပဲ။ စစ်တပ်က ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက် သံယိုမှုတွေလည်း ဒီထက်မက ပိုများလာနိုင်ပါတယ်။
မေး ။ ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း ပြောရရင် ခင်ဗျားတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) အစိုးရကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီးပါပြီ။ ယေဘုယျ အားဖြင့် တော့ BNP အစိုးရဟာ အစွန်းရောက်တဲ့ ရပ်တည်ချက်မျိုးကို ရှောင်ကြဉ်ပြီး ရခိုင်ပြည်အပေါ်မှာ မူဝါဒနှစ်ရပ် ကျင့်သုံးလိမ့်မယ်လို့ ယူဆကြပါတယ်။ အဲဒါတွေကတော့ ဘင်္ဂါလီဒုက္ခသည်တွေကို ပြန်လက်ခံဖို့ AA ကို ဖိအားပေးတာမျိုးနဲ့ တစ်ဖက်မှာလည်း RSO နဲ့ ARSA လို မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစိုးရသစ် အပေါ် ခင်ဗျားရဲ့ မျှော်လင့်ချက်က ဘာများလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ပါပဲ။ ပထမဦးစွာ ဒီဒေသမှာရှိတဲ့ လက်ရှိ အင်အားစုတွေကို မှားယွင်းတဲ့ စွပ်စွဲချက်တွေ လုပ်နေမယ့်အစား သူတို့ကို လုပ်ပိုင်ခွင့်တွေ ပေးအပ်ရပါမယ်။
ရခိုင်ပြည်သူ့တော်လှန်ရေး အစိုးရကို လုပ်ပိုင်ခွင့်အာဏာ မပေးဘဲနဲ့တော့ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ဖန်တီးဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။
ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ကျနော်တို့ ဖန်တီးချင်ပါတယ်။ ပြည်သူ တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့က ကျနော်တို့ရဲ့ အမြင့်ဆုံး ဦးစားပေး လုပ်ငန်းပါ။ ဒါပေမဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ပြဿနာတွေကို ပိုပြီး ကြီးထွား လာစေပါလိမ့်မယ်။ ကျနော် တို့ကတော့ ဘယ်လို အခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ။
ကျနော်တို့အတွက်ရော၊ ဘင်္ဂလားဒေ့ရှ်အတွက်ပါ ဘာမှအကျိုးရှိမှာ မဟုတ်တဲ့ အဲဒီလို အခြေအနေမျိုး မဖြစ်လာအောင် ကျနော်တို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားအတွက်လည်း ဖြစ်မှာမဟုတ်ပါဘူး။

သတင်းထောက် ရာဂျစ် ဘတ်တာချာရီယာနဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
မေး ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ချက်ချင်းပြန်စချင်တာလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့အတွက် နယ်စပ်ရဲ့ နှစ်ဖက်စလုံးမှာ စောင့်ဆိုင်းနေကြတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေထူထပ်တဲ့ နိုင်ငံတစ်ခုဖြစ်သလို နယ်စပ်တစ်လျှောက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ရေလုပ်သားတွေ အပါအဝင် လူထုနဲ့ လူ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။
မြေပြင်က လက်တွေ့ အခြေအနေတွေကိုသာ လက်ခံလိုက်မယ်ဆိုရင် ဒီပြဿနာတွေကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မှာပါ။ အဲဒီလို လက်ခံပြီးတာနဲ့ ကျနော်တို့ဘက်ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ။ ရေလုပ်သားတွေကိုလည်း လုပ်ကိုင်ခွင့် ပြုသွားမှာဖြစ်သလို သူတို့ရဲ့ လှုပ်ရှားမှုတွေကို လည်း စနစ်တကျ စည်းကမ်း သတ်မှတ်ပေးသွားမှာပါ။
မေး ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံအစီအစဉ်ဆိုတာ ဘာလဲ။ အမေရိကန်က တကယ်ပဲ ပါဝင်ပတ်သက်ဖို့ စိတ်ဝင်စားခဲ့တာလား။
ဖြေ ။ ။ အမေရိကန်က တကယ်စိတ်ဝင်စားခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ NGO တွေနဲ့ တချို့ပုဂ္ဂိုလ်တွေပဲ စိတ်ဝင်စားခဲ့ကြတာပါ။ ပြီးတော့ တခြားကမ္ဘာလုံးဆိုင်ရာ အင်အားစုတချို့လည်း ဒီစီမံကိန်းကို စိတ်ဝင်စားရင် စိတ်ဝင်စားမှာပေါ့။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒါဟာ လက်တွေ့မကျပါဘူး။ ဒုက္ခသည်တွေကို စစ်တလင်းထဲ ပြန်တွန်းပို့တာက လူသားမဆန်ပါဘူး။ စစ်ပွဲတွေ ပြီးရင်တောင်မှ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခု အရင်ရှိနေဖို့ လိုအပ်ပါတယ်။
မေး ။ ။ ပါကစ္စတန်နဲ့ တူရကီတို့က ဘင်္ဂါလီဒုက္ခသည်တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ ဘာကြောင့် ပါဝင်ပတ်သက်နေကြတာလဲ။
ဖြေ ။ ။ ဒါဟာ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ ကိစ္စရပ်ဖြစ်ပြီး (ဘင်္ဂါလီတွေကြားမှာ အစွန်းရောက် လက်နက်ကိုင် လုပ်ရပ်တွေ) ပိုမိုဆိုးရွားလာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်အတွက်ရော ကျနော်တို့အတွက်ပါ မကောင်းပါဘူး။
BNP အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကို စတင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ တစ်ခါတရံမှာ မူဝါဒတွေက မှန်ကန်နေတတ်ပေမဲ့ အကောင်အထည်ဖော်တဲ့ နေရာမှာ လမ်းချော်သွားတတ်တာ မျိုးတွေ ရှိပါတယ်။
မေး ။ ။ ပါကစ္စတန်အနေနဲ့ ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီး အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက် လာနိုင်တယ်လို့ ခင်ဗျားထင်သလား။
ဖြေ ။ ။ ဒုက္ခသည်တွေဟာ အသုံးချခံရနိုင်တဲ့အတွက် သူတို့ကို ကျနော်တို့ စောင့်ကြည့်နေဖို့ လိုပါတယ်။ ကျနော်တို့မှာ အိန္ဒိယနဲ့ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ဒီဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင် အစွန်းရောက်မှုတွေဟာ ဘေးပတ်ဝန်းကျင်ကို ပြန့်နှံ့သွားနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ကျနော်တို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။
မေး ။ ။ အိန္ဒိယအစိုးရအပေါ်မှာ ဘာတွေ မျှော်လင့်ထားသလဲ။
ဖြေ ။ ။ အိန္ဒိယဟာ ဒီဒေသတွင်းမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူပါ။ အိန္ဒိယနိုင်ငံ အနေနဲ့ ဒီထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်တာကို ကျနော်တို့ မြင်တွေ့ချင်ပါတယ်။ အိန္ဒိယနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကုလားတန်စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ အတွက်လည်း ကျနော်တို့ဘက်က ကူညီဖို့ အသင့်ရှိပါတယ်။
မေး ။ ။ AA အနေနဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို ခံနေရတယ်လို့ သိရပါ တယ်။ ဒါကို ခင်ဗျားတို့ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။
ဖြေ ။ ။ ဒါဟာ ဖိအားပေးတာမျိုး မဟုတ်ပါဘူး၊ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်း စေချင်တဲ့ ဆန္ဒရှိနေတာပါ။ တချို့လူတွေကတော့ ဒါကို ဖိအားလို့ ပြောကြမှာပေါ့။ တရုတ်နိုင်ငံ အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါပဲ၊ ဒါဟာ နိုင်ငံတိုင်း လုပ်ဆောင် လေ့ရှိတဲ့ အရာမျိုးပါ။
မေး ။ ။ AA ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဘင်္ဂါလီ၊ ခူမီးနဲ့ ချင်းလူမျိုးစုတွေဘက်က အတင်းအဓမ္မ စစ်သားစုဆောင်းတာမျိုးတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ခဏခဏ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ တချို့လူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်သဖွယ် အသုံးချနေကြတာပါ။ ဒီစွပ်စွဲချက် တွေရဲ့ အရင်းအမြစ်ကို ကြည့်မယ်ဆိုရင် သတ်မှတ်ထားတဲ့ အုပ်စုတချို့၊ အထူးသဖြင့် ပြည်ပရောက် တက်ကြွ လှုပ်ရှားသူတွေက သူတို့အတွက် အကျိုးရှိစေမယ့် ဇာတ်ကြောင်းတွေကို ဖန်တီးပြီး စွပ်စွဲနေကြတာကို တွေ့ရပါ လိမ့်မယ်။
ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ချင်းလူမျိုးစု တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ကျနော်တို့ဟာ ချင်းပြည်နယ်က ချင်းလူမျိုးစု အများစုနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျနော်တို့ အချင်းချင်း ကူညီကြသလို ရှေ့လျှောက်မှာလည်း မွတ်စလင် (ဘင်္ဂါလီ) လူ့အဖွဲ့အစည်းနဲ့ပါ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာပါ။
ကျနော်တို့ဟာ အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်နေပါတယ်။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဒီလို စွပ်စွဲချက်တွေ ရှိနေတာပါ။ အတင်းအဓမ္မ စစ်သားစုဆောင်းမှုနဲ့ ပတ်သက်လို့ကတော့ ရခိုင်ပြည်နယ်ဟာ စစ်ပွဲကို ရင်ဆိုင်နေရတာဖြစ်လို့ အရေးပေါ် အစီအမံတွေကတော့ လိုအပ်ပါတယ်။
ကျနော်တို့ဟာ လူသစ်စုဆောင်းတဲ့ နေရာမှာ အလွန်သတိထားသလို စုဆောင်းခံရသူတိုင်းကိုလည်း သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သေချာရှင်းပြပါတယ်။
မေး ။ ။ AA အနေနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ခင်ဗျား ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ရခိုင်မှာ နေထိုင်ခဲ့တဲ့ ကာလအတွင်း လေ့လာမိသလောက်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပြည်မ ဘက်ကနေ မူးယစ်ဆေးဝါးတွေ စီးဝင်လာမယ့် အန္တရာယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကပဲ ရခိုင်ပြည်နယ် မောင်တောမြို့က လူတစ်ယောက်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ စိတ်ကြွဆေးပြား အမြောက်အမြားနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါဟာ ရခိုင်ပြည်အတွက် ပေါ်ပေါက်လာနေတဲ့ စိန်ခေါ်မှုသစ်တစ်ခုလို့ ခင်ဗျား မမြင်ဘူးလား။
ဖြေ ။ ။ ဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ။ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာဟာ စစ်တပ် အုပ်ချုပ်စဉ် ကာလက ထက်စာရင် အခုအများကြီး လျော့နည်းသွားပါပြီ။ ပြည်မဘက်ကလာတဲ့ လမ်းကြောင်း အတော်များများကိုလည်း ပိတ်ဆို့ထားပါတယ်။
စစ်ဆေးရေးဂိတ်တွေလည်း အများကြီး ရှိပါတယ်။ (မြန်မာနိုင်ငံမှာ) မူးယစ်ဆေးဝါး ထုတ်လုပ်မှုက စက်မှုကဏ္ဍ အဆင့်အတန်းအထိ ရှိနေတာပါ။
ပြီးခဲ့တဲ့လက အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ စစ်တပ်ကတော့ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ခဲ့ပါတယ်။ အဲဒီ စက်ရုံဝင်းတစ်ခုလုံးကို သိမ်းဆည်းခဲ့တာပါ။ တကယ်တော့ သူတို့ဟာ အဲဒီစက်ရုံဝင်း တည်ရှိနေတာကို ကြာလှပြီဖြစ်တဲ့ကတည်းက သိထားကြတာပါ။
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်ပြီလို့တော့ ကျနော်တို့ မပြောနိုင် သေးပါဘူး။ သုံးစွဲသူတွေရော၊ ရောင်းဝယ်ဖောက်ကားသူတွေရော ရှိနေဆဲပါ။ ငါးဖမ်းလှေတွေဟာလည်း အထက် အောက် စုန်ဆန်သွားလာနေကြပြီး သူတို့ ဘာတွေ သယ်ဆောင်နေသလဲဆိုတာ ကျနော်တို့ အတိအကျ မသိနိုင် ပါဘူး။
ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox’s Bazar) နဲ့ စစ်တကောင်း (Chittagong) ဘက်ကို သွားနေတဲ့ သင်္ဘောတွေလည်း ရှိပါတယ်။ ဒီပြဿနာကို အမြစ်ပြတ်အောင် လုပ်ဖို့ဆိုတာ အချိန်ယူရဦးမှာပါ။

ရခိုင်ပြည်နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်
မေး ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်က ရွာတချို့ကို လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျနော် သွား ရောက်ခဲ့ပြီး ဒေသခံတွေနဲ့ စကားပြောခဲ့ပါတယ်။ ဘင်္ဂါလီမဟုတ်တဲ့ ရွာတွေနဲ့ ဘင်္ဂါလီရွာတချို့ဟာ ARSA အဖွဲ့ရဲ့ရန်ကို အမြဲတမ်း စိုးရိမ်ကြောက်လန့် နေကြရပါတယ်။ ခင်ဗျားတို့ အစိုးရအနေနဲ့ ဒီနေရာတွေမှာ အာဏာ မတည်ဆောက်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒီဒေသတွေအတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။
ဖြေ ။ ။ ဒါဟာ ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အဲဒီဒေသက ဝေးလံတဲ့ ကျေးရွာတွေ၊ အထူးသဖြင့် မြို (Mro) လူမျိုးစုတွေ နေထိုင်တဲ့ရွာတွေကို အကူအညီတွေ ပေးနေပါတယ်။ သူတို့ထဲက အစုအဖွဲ့ တချို့ကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေကြပါတယ်။
သူတို့ထဲက တချို့ဟာ ARSA အဖွဲ့နဲ့ လက်တွဲနေကြတယ်ဆိုတဲ့ သတင်းပို့ချက်တွေကိုလည်း ကျနော်တို့ ရရှိထား ပါတယ်။ အချင်းချင်းကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးတာတွေလည်း အများကြီးရှိခဲ့တာကတော့ အံ့သြစရာ မဟုတ်ပါဘူး။
မောင်တောမြို့ကို မသိမ်းပိုက်နိုင်ခင်တုန်းက စစ်တပ်နဲ့ ဒေးလ်မိုဟာမက် (Dil Mohammad) လို မူးယစ်ရာဇာ တွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ အလွန်ပဲ လက်ရဲဇက်ရဲ ရှိခဲ့ကြပါတယ်။ အခုတော့ ဒေသခံတွေအတွက် လုံခြုံရေး ပိုမိုကောင်းမွန်လာအောင် အဲဒီဒေသကို ကျနော်တို့ အထူးအာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။
မေး ။ ။ ဆရာဝန်နဲ့ ဆေးဝါးတွေလည်း အလွန်အမင်း ပြတ်လပ်နေသလို စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေကလည်း တကယ့်ကို စိတ်မကောင်းစရာပဲနော်။
ဖြေ ။ ။ ကျနော်တို့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေသလို ကျန်းမာရေး ဝန်ဆောင်မှုနဲ့ တခြား ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာအောင်လည်း ကြိုးစားနေပါတယ်။ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ပိုမိုရရှိဖို့၊ ဆေးဝါးတွေ စဉ်ဆက်မပြတ် စီးဝင်လာဖို့နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ပိုမိုစုဆောင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ဆေးတက္ကသိုလ်နဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်လှစ်ဖို့လည်း ဆုံးဖြတ်ထားပြီး ဒီလုပ်ငန်းစဉ် တွေအတွက် ကျနော်တို့ တကယ်ပဲ စိတ်လှုပ်ရှားနေပါတယ်။ ဒီနှစ်ထဲမှာ သူနာပြု ၁၂၀ ကို လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။
လောလောဆယ်မှာ ကျနော်တို့ဆီမှာ ဆရာဝန် ၅၀ ကနေ ၆၀ ကြား ရှိနေပြီး မကြာခင်မှာ နောက်ထပ် ဆရာဝန် တွေ ပူးပေါင်းလာဖို့လည်း မျှော်လင့်ထားပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ လူမျိုးရေးကို ကျနော်တို့ ဂရုမစိုက်ပါဘူး။ အိန္ဒိယဆရာဝန်တွေ အပါအဝင် ကျနော်တို့နဲ့ ပူးပေါင်းချင်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုသွားမှာပါ။

အိန္ဒိယလွှတ်တော်အမတ်နဲ့ AA ကို တွေ့ရစဉ်
မေး ။ ။ နွေဦးတော်လှန်ရေးရဲ့ ရှေ့လာမယ့် လအနည်းငယ်အတွင်း ဘာတွေ ဖြစ်လာမလဲဆိုတဲ့အပေါ် ခင်ဗျား ရဲ့ မျှော်လင့်ချက်က ဘာလဲ။
ဖြေ ။ ။ နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ဆိုတာ AA တစ်ဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့တင် မလုံ လောက်ပါဘူး။ ကျနော်တို့ အနေနဲ့ မြန်မာပြည် အလယ်ပိုင်းက ပြည်သူတွေရဲ့ အခြေအနေ၊ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ဒေသတွင်းက ဖြစ်ပေါ်ပြောင်းလဲမှုတွေစတဲ့ တခြား အချက်အလက်တွေကိုပါ ထည့်သွင်း စဉ်းစားရပါမယ်။
သူတို့ရဲ့ အခြေအနေတွေကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ သူတို့နဲ့ ကျနော်တို့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို၊ ရည်မှန်းချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ကူညီပေးထားပါတယ်။
မေး ။ ။ နောက်ထပ် နှစ်နှစ်တာကာလအတွင်း ရခိုင်ပြည်ရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲလို့ ခင်ဗျား မြင်ပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်တွေ့ချင်သလို၊ ဖြစ်နိုင်ခြေရှိပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းချက် တစ်ခုကိုလည်း ရှာဖွေချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျနော်တို့ဟာ အဆိုးဆုံး အခြေအနေတွေအထိ ကြိုတင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။
Source: The Diplomat
- By CNI
- Category: ဆောင်းပါး
- Hits: 295
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၂
ဂျပန်အစိုးရအဖွဲ့က လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ရန် မကြာသေးမီ သီတင်းပတ်တွင် ဆုံးဖြတ်လိုက်ခြင်းသည် ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ်သမိုင်း၌ မှတ်တိုင်တစ်ခု ဖြစ်သည်။
သို့သော် လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ခြင်းသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဝါဒ (Pacifism) နိဂုံးချုပ်သွားခြင်းတော့ မဟုတ်ပေ။
ဂျပန်၏ လုံခြုံရေးမူဝါဒကို ဖော်ပြရာတွင် တိကျမှုရှိရန် လိုပြီး၊ ပြောင်းလဲလာသော မျက်မှောက်ခေတ် လုံခြုံရေး အခြေအနေနှင့်အညီ မဖြစ်မနေ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မှုကိုလည်း နားလည်ရမည်ဖြစ်သည်။
ဧပြီ ၂၁ ရက်က ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ဆာနာအဲ (Takaichi Sanae) ၏ အစိုးရအဖွဲ့သည် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် နည်းပညာများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်ထားသည့် အခြေခံမူဝါဒ ၃ ရပ်အား ပြင်ဆင်ရန် အတည်ပြုခဲ့သည်။
ယခင်က ဂျပန်နိုင်ငံသည် ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သတိပေးနှိုးဆော်ရေး၊ စောင့်ကြည့်စစ်ဆေးရေး နှင့် မိုင်းရှင်းလင်းရေးတို့တွင် အသုံးပြုနိုင်သည့် လူသေစေနိုင်ခြင်းမရှိသော ပစ္စည်း အမျိုးအစားများကိုသာ တင်ပို့ ရောင်းချခွင့်ရှိခဲ့သည်။
ထိုပစ္စည်းများကိုလည်း တိုက်ပွဲဖြစ်ပွားနေသော နိုင်ငံများသို့ ပို့ဆောင်ခွင့် မရှိခဲ့ပေ။
ယခုအခါတွင်မူ ဂျပန်ကုမ္ပဏီများသည် ဂျပန်နိုင်ငံနှင့် လက်နက်တင်ပို့မှုဆိုင်ရာ သဘောတူညီချက် ရှိထားသော နိုင်ငံများသို့ ကာကွယ်ရေးပစ္စည်းများကို ရောင်းချနိုင်ပြီဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ဆာနာအဲနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုစာရင်းတွင် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်နေပြီး မကြာမီ၌ နိုင်ငံ ၂၀ အထိ တိုးလာရန် မျှော်လင့်ရသည်။
ဂျပန်အမျိုးသားလုံခြုံရေးကောင်စီသည် လက်နက် အရောင်းအဝယ် အားလုံးကို ပြန်လည်သုံးသပ်ပြီး ထိုပစ္စည်း ကိရိယာများအား မှန်ကန်သော ဝယ်သူများထံသို့ ရောက်ရှိစေရန် သေချာအောင် ဆောင်ရွက်မည်ဖြစ်သလို ဆုံးဖြတ်ချက်ချပြီးပါက လွှတ်တော်ကို အကြောင်းကြားမည်ဖြစ်သည်။
တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် နိုင်ငံများသို့ တင်ပို့ခြင်းအပေါ် ကန့်သတ်ချက်ကို ဆက်လက် ထားရှိမည် ဖြစ်သော်လည်း ခိုင်လုံသော အမျိုးသားလုံခြုံရေး အကြောင်းပြချက် ရှိသည်ဟု ယူဆပါက ကင်းလွတ် ခွင့်များဖြင့် လက်နက်များ တင်ပို့နိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ မူဝါဒ အပြောင်းအလဲမှာ စိန်ခေါ်မှုများ မြင့်တက်လာသော လုံခြုံရေး အခြေအနေကြောင့် ဖြစ်ကြောင်း နှင့် မည်သည့်နိုင်ငံမျှ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တစ်နိုင်ငံတည်းဖြင့် ကာကွယ်နိုင်တော့မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် တာကာအီချီက ပြောကြားခဲ့သည်။
အရေးကြီးဆုံး အချက်အနေဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကတည်းက ငြိမ်းချမ်းသောနိုင်ငံအဖြစ် လျှောက်လှမ်းခဲ့သည့် မိမိတို့၏ လမ်းစဉ်နှင့် အခြေခံမူများကို ဆက်လက် ထိန်းသိမ်း သွားမည့် ကတိကဝတ်မှာ အကြွင်းမဲ့ ပြောင်းလဲမှု မရှိကြောင်း တာကာအီချီက လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ သည်။
သတင်းမီဒီယာများကမူ ယခုစည်းမျဉ်းသစ်များသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဝါဒီ ဦးတည်ချက်မှ သွေဖည်သွား ခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြနေကြသည်။
လွန်ခဲ့သော သုံးနှစ်ကျော်ကလည်း ဂျပန်အစိုးရက အမျိုးသားလုံခြုံရေးဆိုင်ရာ စာတမ်းသစ် သုံးစောင်ကို ထုတ်ပြန်ခဲ့စဉ်ကလည်း မီဒီယာများက ထိုကဲ့သို့ သုံးသပ်ဖော်ပြခဲ့ဖူးသည်။
ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်ပွဲဆင်နွှဲနိုင်စွမ်းကို အမှန်တကယ် ကန့်သတ်ထားသည်။
အခြေခံဥပဒေ၏ ပုဒ်ခွဲ ၉ သည် နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် အင်အားသုံးစွဲခြင်းနှင့် စစ်မက်ပြုရန် လက်နက်ကိရိယာများ ပိုင်ဆိုင်ခြင်းတို့ကို တားမြစ်ထားသည်။
ထို့ကြောင့်ပင် ဂျပန်နိုင်ငံတွင် စစ်တပ်ဟု ခေါ်ဆိုခြင်းမရှိဘဲ မိမိကိုယ်ကို ကာကွယ်ရေးတပ်ဖွဲ့ (SDF) ဟုသာ ဖွဲ့စည်းခေါ်ဆိုထားသည်။
ထိုအချက်သည် ယခင်က လက်နက်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ထားရှိရခြင်း၏ အကြောင်းရင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် ဝိသေသလက္ခဏာအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်လာခဲ့သည်။

ဂျပန်က မိမိကိုယ်ကိုကာကွယ်ရေးတပ်ဖွဲ့(SDF)ကို တွေ့ရစဉ်
သို့သော် ဂျပန်နိုင်ငံသည် အင်အားလုံးဝ သုံးစွဲရန် ဆန္ဒမရှိသည့် အဓိပ္ပာယ်မျိုးဖြင့် ငြိမ်းချမ်းရေးဝါဒီ ဖြစ်နေခြင်း မဟုတ်ပါ။
၁၉၅၄ ခုနှစ်ကတည်းက SDF ကို တည်ထောင်ထားရှိခြင်းသည် အလုံးစုံ ငြိမ်းချမ်းရေးဝါဒီဆိုသည့် ရပ်တည်ချက်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ ဂျပန်သည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် အင်အားသုံးစွဲမည်ဖြစ်သည်။
ထို့ပြင် ဂျပန်အစိုးရ အဆက်ဆက်သည် နှစ်ဦးနှစ်ဖက် ကာကွယ်ရေးစာချုပ် အပိုဒ် ၅ ပါ ပြဋ္ဌာန်းချက်များအရ ဆန်ကာကူကျွန်းစု (Senkaku Islands) နှင့် သက်ဆိုင်ကြောင်း အတည်ပြုပေးရန် အမေရိကန်အား အမြဲမပြတ် တောင်းဆိုလေ့ရှိသည်ကို သတိပြုသင့်သည်။
ဆိုလိုသည်မှာ ဂျပန်အစိုးရသည် ၎င်းအား ကာကွယ်ပေးရန်အတွက် ၎င်း၏ မဟာမိတ်ဖြစ်သည့် အမေရိကန်အား အင်အားသုံးပေးရန် တောင်းဆိုခြင်းဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များ၌ SDF တပ်ဖွဲ့များ ပါဝင် နိုင်စေမည့် ဥပဒေများကို အတည်ပြုခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ဂျပန်-အမေရိကန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်ချက်များအား ပြင်ဆင်လိုက် ခြင်းဖြင့် ဂျပန်နိုင်ငံ၏ ပတ်ဝန်းကျင်ဒေသများရှိ အခြေအနေများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် SDF ၏ လုပ်ပိုင်ခွင့် အာဏာကို တိုးချဲ့ခဲ့သည်။

ဂျပန်က မိမိကိုယ်ကိုကာကွယ်ရေးတပ်ဖွဲ့(SDF)ကို တွေ့ရစဉ်
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ (9/11) အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တွင် SDF သည် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်များ အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်သည့် Operation Enduring Freedom နှင့် အီရတ်ကို ကျူးကျော်ဝင်ရောက်သည့် Iraqi Freedom စစ်ဆင်ရေးများကို ကူညီပံ့ပိုးပေး ခြင်းဖြင့် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း SDF သည် ၎င်း၏ တပ်ဖွဲ့များကို ပိုမိုစွမ်းဆောင်ရည် ထက်မြက်လာစေရန်အတွက် ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည်။
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယ သို့မဟုတ် စတုတ္ထမြောက် စစ်အသုံးစရိတ် အများဆုံး သုံးစွဲသည့်နိုင်ငံ ဖြစ်ပြီး အမေရိကန် ပြင်ပတွင် အဆင့်မြင့် F-35 တိုက်လေယာဉ် အများဆုံး ပိုင်ဆိုင်ထားကာ စစ်ဘက်သုံးဂြိုဟ်တု ကွန်ရက်များ၊ လေယာဉ်တင်သင်္ဘော အသေးစားများနှင့် ကုန်းရေနှစ်သွယ်သွား တပ်ဖွဲ့များကိုလည်း ပိုင်ဆိုင်ထား သည်။
ထို့ပြင် ဂျပန်သည် တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း၊ စုပေါင်းကာကွယ်ရေး စစ်ဆင်ရေးများတွင် ပါဝင်ခွင့်နှင့် ကြိုတင် ကာကွယ်သည့် ဆိုက်ဘာလုံခြုံရေးစနစ်တို့ကိုလည်း ဖော်ဆောင်ခဲ့သည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှုဆိုင်ရာ ပြောင်းလဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဂျပန်၏ လုပ်ရပ်သည် ငြိမ်းချမ်းသော နိုင်ငံဟူသည့် ဂျပန်၏ ဝိသေသလက္ခဏာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး စစ်ဝါဒသစ်၏ သက်သေဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သို့သော် ဂျပန်အနေဖြင့် အန္တရာယ်များကို မျက်ကွယ်ပြုထားရန် သို့မဟုတ် ပြည်ပ၏ ဖိအားပေး ခြိမ်းခြောက်မှု များကို ငုံ့ခံရန် မည်သည့် အခါကမျှ ဆန္ဒမရှိခဲ့ပေ။
ထို့ကြောင့် ဂျပန်နိုင်ငံသည် မည်သည့်အခါမျှ ငြိမ်းချမ်းရေးဝါဒီ သက်သက် မဟုတ်ခဲ့ဘဲ ကာကွယ်ရေးကဏ္ဍ အတွက် အမြဲတမ်း အသင့်ပြင်ထားသော နိုင်ငံဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 657
CNI International Article
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ပြီးခဲ့သည့် ၄ နှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းကို အချိန်တို အတွင်းမှာပင် တိုက်ခိုက် သိမ်းပိုက်နိုင်ရန် စီစဉ်ခဲ့သည်။
ယူကရိန်း အောင်ပွဲမှတဆင့် ရုရှားနိုင်ငံရဲ့ အဆင့်အတန်းကို ပြန်လည်မြှင့်တင်ပြီး ကမ္ဘာကြီးကို တစ်နိုင်ငံတည်းက လွှမ်းမိုးထားသည့် Unipolar အခင်းအကျင်းမှ အင်အားကြီးနိုင်ငံ အများအပြားရှိသည့် Multipolar ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို အရှိန်အဟုန်ဖြင့် ပြောင်းလဲရန် ပူတင်က ရည်မှန်းခဲ့ခြင်းဖြစ်သည်။
ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းတွင် ပါဝင်သည့် အင်အားကြီးနိုင်ငံများအနက် ရုရှားလည်း ပါဝင်လာမည်ဖြစ်သည်။
သို့သော် ထိုအစီအစဉ်က အကောင်အထည် ပေါ်ခဲ့ပါသလား၊ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး ၄ နှစ်ကြာသည်အထိ ရုရှား သည် ကမ္ဘာကြီးကို ခွဲဝေရယူရန် ကြိုးပမ်းနေကြသည့် အင်အားကြီးနိုင်ငံများထဲတွင် ပါဝင်လာတော့ခြင်း မရှိသည် ကို မြင်တွေ့ခဲ့ရသည်။
ရုရှားသည် အင်အားကြီးနိုင်ငံ ဖြစ်လိုသည့် ရည်မှန်းချက် ပြင်းပြခဲ့သော်လည်း လက်တွေ့တွင် အလယ်အလတ် တန်းစား အင်အားကြီးနိုင်ငံ တစ်ခုသာ ဖြစ်နေသဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရသလို ၎င်း၏ ရည်မှန်းချက်များကို နှောင့်ယှက်နေသည့် ရန်လိုသော အလယ်အလတ် တန်းစားနိုင်ငံ အများအပြားကိုလည်း ရင်ဆိုင်နေရသည်။
မဟာမိတ်နိုင်ငံ တိုက်ခိုက်ခံနေရချိန်တွင် လက်ပိုက်ကြည့်နေရခြင်း
********************************************************
မကြာသေးမီ ရက်ပိုင်းအတွင်း ရုရှားသည် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အလားတူ ဖြစ်စဉ်မျိုးကို ကြုံတွေ့ခဲ့ရသည်။
ထိုဖြစ်စဉ်မှာ အမေရိကန်နှင့် အစ္စရေး၏ ၎င်း၏ မဟာမိတ် အီရန်ကို ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ရုရှားသည် ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားထံမှ အကူအညီ တောင်းခံချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergei Lavrov) ၏ တုန့်ပြန်ပုံသည် အားရစရာ မကောင်းခဲ့ပေ။
လာဗရော့ဗ်၏ တုန့်ပြန်ချက်အရ ရုရှားသည် ကမ္ဘာ့အခင်းအကျင်းသစ်ကို ရှေ့တန်းက ဦးဆောင်နေသူနှင့်မတူဘဲ ဥရောပနိုင်ငံရေးသမား တစ်ယောက်၏ လေသံမျိုးနှင့် ဆင်တူနေသည်။
လာဗရော့ဗ်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှု၊ အကြောင်းမဲ့ စော်ကားမှု လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။
ထို့ပြင် နိုင်ငံတကာဥပဒေ၊ အပြန်အလှန် လေးစားမှုနှင့် သက်ဆိုင်ရာ အကျိုးစီးပွားများကို မျှတစွာ ထည့်သွင်း စဉ်းစားပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုခဲ့သည်။
ထိုပြောကြားချက်များအရ အီရန်စစ်ပွဲတွင် ရုရှား၏ ပါဝါသည် ကျဆင်းနေသည့် အချက်ကို ဖော်ပြရာ ရောက်နေ ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သေဆုံးသွားတဲ့ အီရန် အဓိပတိ အလီခါမေနီကို တွေ့ရစဉ်
လက်တွေ့အခြေအနေကို ရင်ဆိုင်နေရခြင်း
************************************
ရုရှားသည် ကိယက်ဗ် (Kyiv) တိုက်ပွဲတွင် အရေးနိမ့်ခဲ့ပြီး ယူကရိန်းမြောက်ပိုင်းရှိ သိမ်းပိုက်ထားသော နယ်မြေ အများအပြားမှ ဆုတ်ခွာခဲ့ရသည်။
ထို့ပြင် ယူကရိန်းအရှေ့ပိုင်းတွင်လည်း အချိန်ကြာလာသည်နှင့်အမျှ အင်အားပြုန်းတီးစေသည့် ရေရှည်တိုက်ပွဲ အဖြစ် ပြောင်းလဲသွားခဲသည်။
ယူကရိန်းဘက်တွင် တောင်ပိုင်းနယ်မြေ အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။
ထိုအချက်က ရုရှားအတွက် ဒွန်ဘတ်စ် (Donbas) ဒေသနှင့် ၂၀၁၄ ခုနှစ်က တရားမဝင် သိမ်းပိုက်ထားသည့် ခရိုင်းမီးယား (Crimea) ဒေသတို့ကြား ကုန်းလမ်းဆက်သွယ်ရေးတံတားတစ်ခု တည်ဆောက်နိုင်ရန် အခွင့်အရေး ရရှိသွားခဲ့သည်။
သို့သော် ယူကရိန်းအစိုးရသည် ယူကရိန်း၏ ပိုင်နက်နက်မြေ ၈၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အတွက် အရေးပါသည့် ပင်လယ်နက်လမ်းကြောင်းကိုလည်း ဆက်လက် အသုံးပြုနိုင်စွမ်း ရှိနေ သည်။
ယူကရိန်းစစ်မြေပြင်တွင် ရှေ့ဆက်မတိုးနိုင်တော့သည့် အချိန်တွင် ရုရှားသည် အရပ်ဘက် အခြေခံ အဆောက် အအုံများ၊ စွမ်းအင် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ဆောင်းရာသီ ကာလအတွင်း ယူကရိန်းပြည်သူများကို အေးခဲနေသည့် ဒုက္ခများပေးပြီး အရှုံးပေးလာအောင် ရုရှား က မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
ထိုနည်းဗျူဟာမျိုးသည် အောင်မြင်လေ့ မရှိသော်လည်း ယူကရိန်း ပြည်သူများအတွက်မူ အလွန်ဆိုးရွားသည့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။
တစ်ဖက်တွင်လည်း ယူကရိန်းကို ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင် အလျှော့ပေးလာအောင် ရုရှားက ဖိအားပေးနေ သော်လည်း ယူကရိန်းက ကြံ့ကြံ့ခံ တွန်းလှန်နေဆဲဖြစ်သည်။
လွယ်လွယ်နှင့် အင်အားကြီးနိုင်ငံမဖြစ်
********************************
ရုရှား၏ အားထုတ် ကြိုးပမ်းမှုများသည် အင်အားကြီးနိုင်ငံ အများအပြားရှိသည့် ကမ္ဘာ့အခင်းအကျင်းသစ်ကို ဖန်တီးလိုသည့် ရည်မှန်းချက်ကြောင့် ရှု့ပ်ထွေးလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယူကရိန်းကို အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများ အစုအဖွဲ့က ဝိုင်းဝန်း ကူညီထောက်ပံ့ ပေးလာကြခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ရုရှားသည် ဝင်ရိုးစုံကမ္ဘာတွင် အင်အားကြီး နိုင်ငံအဖြစ် ပါဝင်လိုသည့် ပထဝီနိုင်ငံရေး စိတ်ကူးယဉ် အိပ်မက်သည် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဆိုသည့် အချက်ကို နားလည်လာခဲ့သည်။
ရုရှား၏ လူဦးရေသည် လျော့နည်းလာပြီး သက်ကြီးပိုင်း အရေအတွက် များပြားလာသည်။
ထို့ပြင် ရုရှား၏ ဂျီဒီပီသည် ဂျပန် သို့မဟုတ် ဂျာမနီတို့နှင့် တစ်တန်းတည်းတွင် ရှိနေသော်လည်း အိန္ဒိယထက် နည်းပါးနေကာ အမေရိကန် သို့မဟုတ် တရုတ်တို့နှင့် နှိုင်းယှဉ်စရာ မလိုလောက်အောင်ပင် နိမ့်ကျနေသည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
ထို့ပြင် ရုရှား၏ စီးပွားရေးသည် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအပေါ်တွင်သာ အဓိက မှီခိုနေရသည်။
သို့သော် ရုရှားသည် ဥရောပ-အာရှ ကုန်းမြေပေါ်တွင် ဩဇာကြီးမားနေဆဲဖြစ်သည့် အလယ်အလတ်တန်းစား အင်အားကြီး နိုင်ငံဖြစ်ပြီး၊ ကုလသမဂ္ဂ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ကာ နျူကလီးယား လက်နက်လည်း ပိုင်ဆိုင် ထားသဖြင့် အင်အားကြီးနိုင်ငံအဆင့်ကို ပုံဖော်ရန် ကြိုးပမ်းနိုင်ဆဲဖြစ်သည်ဟု ယူဆခံထားရသည်။
သို့သော် လက်ရှိ ရလဒ်များက ရုရှား၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေခဲ့သည်။
တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခြင်း
********************************
ယူကရိန်းစစ်ပွဲတွင် အောင်ပွဲ မရယူနိုင်သည့် အချိန်တွင် အခြားနေရာများတွင် ရုရှား၏ ဩဇာဖြန့်ကြက် နိုင်စွမ်းလည်း ထိခိုက်လာခဲ့သည်။
တစ်ချိန်က အစ္စရေးနှင့် ရင်းနှီးခဲ့သည့် ဆက်ဆံရေးသည် ယခုအခါတွင် ပြိုလဲလုနီးပါး ဖြစ်နေကာ ဆီးရီးယားတွင် လည်း ခြေကုပ်ယူ အသားစီးရမှုကို ဆုံးရှုံးခဲ့သလို မဟာမိတ်များဖြစ်သည့် အီရန်နှင့် ဗင်နီဇွဲလားတို့ကိုလည်း အကူအညီ မပေးနိုင်တော့သည်ကို မျက်မြင်တွေ့နေရပြီဖြစ်သည်။
တစ်ချိန်က အကန့်အသတ်မရှိသည့် မိတ်ဖက် ဆက်ဆံရေးအဖြစ် ကြေညာခဲ့သည့် တရုတ်ကလည်း ယူကရိန်း စစ်ပွဲတွင် ရုရှားဘက်မှ သိသိသာသာ ရပ်တည်ပေးခဲ့ခြင်း မရှိသလို လက်နက်များလည်း ထောက်ပံ့ပေးခဲ့ခြင်း မရှိပေ။
အိန္ဒိယကမူ ရုရှားထံမှ ရေနံများကို လျှော့စျေးဖြင့် ဝယ်ယူနေသလို လက်နက်များကိုလည်း ဆက်လက် ဝယ်ယူ နေဆဲ ဖြစ်သည်။
သို့သော် ထိုအခြေအနေသည် အိန္ဒိယ၏ ဘက်ပေါင်းစုံ ချဉ်းကပ်သည့် ပထဝီနိုင်ငံရေး မဟာဗျူဟာ အစိတ်အပိုင်း သာ ဖြစ်သည်။

အီရန်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
စိတ်ကူးနှင့် လက်တွေ့
*******************
တစ်ဖက်တွင်လည်း ယူကရိန်းသည် စစ်ပွဲအစောပိုင်းက ရရှိခဲ့သည့် အမေရိကန်၏ အကူအညီများကို ဆုံးရှုံးခဲ့ရ သည်။
သို့သော် ယူကရိန်းသည် အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ဘဏ္ဍာရေးနဲ့ စစ်ရေးအရ အကူအညီတွေကို ဆက်လက် ရရှိနေဆဲဖြစ်သည်။
နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ စစ်ပွဲစတင်ခဲ့ချိန်ကတည်းက အမေရိကန်က ထောက်ပံ့ပေးခဲ့ သည့် ဒေါ်လာ ၇၅ ဘီလျံနီးပါးရှိ စစ်ရေးအကူအညီသည် ယူကရိန်းအတွက် ပြည်ပနိုင်ငံများ၏ စုစုပေါင်း အကူအညီ၏ ၃၀ ရာခိုင်နှုန်းသာရှိခဲ့သည်။
ကျန်သည့် အကူအညီ ၇၀ ရာခိုင်နှုန်းနှင့် လွန်ခဲ့သည့် ၁၂ လအတွင်း ရရှိခဲ့သည့် စစ်ရေးအကူအညီများ အားလုံး သည် ဂျာမနီထံမှ ၂၀ ရာခိုင်နှုန်း၊ ဗြိတိန်ထံမှ ၉ ရာခိုင်နှုန်း၊ နော်ဝေထံမှ ၈ ရာခိုင်နှုန်းနှင့် ဆွီဒင်ထံမှ ၇ ရာခိုင်နှုန်း နှင့် အခြား အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ကူညီပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရုရှား၏ ယူကရိန်းအပေါ် ဆင်နွှဲသည့် စစ်ပွဲသည် အင်အားကြီးနိုင်ငံ အများအပြား ပါဝင်သည့် ဝင်ရိုးစုံ ကမ္ဘာ ပေါ်ပေါက်ရေးအတွက် အရှိန်အဟုန် ကောင်းလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းသည် ရုရှားမျှော်မှန်းထားခဲ့သည့် ပုံစံမျိုးတော့ မဟုတ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 812
CNI International Article
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က X လူမှုမီဒီယာပေါ်ရှိ ပို့စ်တစ်ခုသည် အိန္ဒိယလူမျိုး များစွာကို အံ့အားသင့် စေခဲ့သည်။
X လူမှုမီဒီယာ အသုံးပြုသူတစ်ဦးက ကနေဒါတွင် အခြေချနေထိုင်သည့် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့် စကားပြော ဖြစ်ပုံကို ပို့စ်တင်ပြီး ပြန်လည် မျှဝေခဲ့ခြင်းဖြစ်သည်။
ထိုပို့စ်တွင် ကနေဒါ၌ နေထိုင်သည့် ၎င်း၏ သူငယ်ချင်းသည် ပညာတတ်တစ်ဦးဖြစ်ပြီး၊ အောင်မြင်မှု ရရှိနေကာ ဒေါ်လာ ၅ သိန်းခန့် စုမိဆောင်းမိနေကြောင်းနှင့် အိန္ဒိယသို့ ပြန်လာတော့မည် မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ ခြင်းဖြစ်သည်။
သူ့သူငယ်ချင်းသည် အိန္ဒိယကို မချစ်၍ ပြန်မလာခြင်း မဟုတ်ပေ။ ကနေဒါတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် စားဝတ်နေရေး အဆင်ပြေ ချောမွေ့နေချိန်တွင် အိန္ဒိယသို့ ပြန်လာခဲ့မည်ဆိုပါက မပြောပလောက်သည့် အခြေခံ ရပိုင်ခွင့်များအတွက် သည်းကြီးမဲကြီး ရုန်းကန် တောင်းဆိုနေရသည့် ဘဝကို မလိုချင်တော့ခြင်းကြောင့် ဖြစ်သည်။
ထိုပို့စ်အောက်တွင် မှတ်ချက်များစွာနှင့်အတူ ဆွေးနွေးမှုများ ပြင်းထန်ခဲ့သည်။

ကနေဒါနိုင်ငံရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်
တိုရွန်တိုမှ ဆရာဝန်များ၊ အမ်စတာဒမ်မှ အင်ဂျင်နီယာများ၊ အုတ်ကလန်းမှ သူနာပြုများ စသည်ဖြင့် နေရာဒေသ ကွဲပြားသော်လည်း ၎င်းတို့၏ ခံစားချက်ချင်းမှာ တူညီနေသည်။
၎င်းတို့၏ ဘုံခံစားချက်တစ်ခုမှာ အိန္ဒိယသည် ဆင်းရဲမွဲတေမှုနှင့် မဆိုင်ဘဲ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များမှ ဖြစ်ပေါ်လာသည့် စနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အိန္ဒိယတွင် နေထိုင်ရသည်မှာ အလွန်ပင်ပန်းလွန်း သည်ဆိုသည့် ခံစားချက်ပင်ဖြစ်သည်။
တရားဝင် စာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ပြည်ပသို့ သွားရောက် အခြေချနေထိုင်သူ ၂၀၀,၀၀၀ ကျော်ကို ဆုံးရှုံးနေရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ဒသမ ၆ သန်းကျော်သည် အိန္ဒိယပတ်စ်ပို့များကို စွန့်လွှတ် ခဲ့ကြသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် လူပေါင်း ၂၀၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခဲ့ကြသည်။
အိန္ဒိယ၏ ပြည်ပရောက် အသိုင်းအဝိုင်း (Diaspora) သည် လူဦးရေ ၃၅ ဒသမ ၄ သန်းအထိ ရှိနေပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး ပြည်ပရောက် အသိုင်းအဝိုင်း ဖြစ်လာခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ပြည်ပရောက် အိန္ဒိယသားများသည် အိန္ဒိယရှိ ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုများထံသို့ ဒေါ်လာ ၁၂၉ ဘီလီယံအထိ လွှဲပို့ခဲ့ကြပြီး ထိုပမာဏသည် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ကြည့်ပါက ပြည်ပမှ ပို့ငွေ အများဆုံး စံချိန်ဖြစ်သည်။
နိုင်ငံရေးသမားများက ခမ်းနားကြီးကျယ်သော ပြည်ပရောက် အသိုင်းအဝိုင်း ထိပ်သီး အစည်းအဝေးများတွင် ထိုကဲ့သို့ ငွေကြေးစီးဝင်မှုကို ဂုဏ်ပြုပြောဆိုလေ့ရှိကြသည်။
သို့သော် အိန္ဒိယနိုင်ငံရေးသမားများ ထုတ်မပြောသည့် အချက်မှာ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာသည် ပြည်တွင်းမှာထက် ပြည်ပတွင် ပိုမိုကောင်းမွန်သော ဘဝများကို တည်ဆောက်နိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။

အမေရိကန်ရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်
ထိုအချက်သည် အိန္ဒိယအာဏာပိုင်များ၏ စနစ်ပိုင်းဆိုင်ရာ ကျရှုံးမှုကို ဝန်ခံရာ ရောက်မည်ဖြစ်သဖြင့် နှုတ်ဆိတ် နေခဲ့ကြခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index) တွင် အိန္ဒိယသည် အဆင့် ၁၃၄ ၌ ရှိနေသည်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ၏ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် အိန္ဒိယသည် ရမှတ် ၁၀၀ လျှင် ၃၈ မှတ်သာ ရရှိထားပြီး ဂမ်ဘီယာနိုင်ငံထက်ပင် နိမ့်ကျနေသည်။
၂၀၂၄ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအရှိဆုံး နိုင်ငံများစာရင်း (World Happiness Report) တွင်လည်း အိန္ဒိယသည် အဆင့် ၁၂၆ တွင်သာ ရှိနေသည်။
ထိုအချက်များသည် အတိုက်အခံများ၏ ဝေဖန်မှုသက်သက် မဟုတ်ဘဲ ကမ္ဘာက စောင့်ကြည့်လေ့လာနေသည့် လက်တွေ့ကျသော ရလာဒ်များသာ ဖြစ်သည်။
ယနေ့ခေတ်တွင် အိန္ဒိယနိုင်ငံမှ ထွက်ခွာသွားကြသူများသည် အဆင်းရဲဆုံးသူများ သို့မဟုတ် မျှော်လင့်ချက် မရှိသည့်သူများ မဟုတ်ကြတော့ဘဲ နိုင်ငံရပ်ခြားတွင် ရွေးချယ်စရာ အခွင့်အလမ်းရှိသူများသာ ဖြစ်ကြသည်။
မိမိတို့၏ အရည်အချင်းဖြင့် ရွေးချယ်စရာရှိသူများက နိုင်ငံမှ ထွက်ခွာသွားပြီး ပြန်မလာတော့ခြင်းသည် မိခင် နိုင်ငံတွင် နေထိုင်ရခြင်း၏ တန်ဖိုးနှင့်ပတ်သက်သည့် ဆိုးရွားလှသော အခြေအနေတစ်ခုကို ဖော်ပြနေခြင်း ဖြစ်သည်။
“ကျနော် ဘန်ဂလူရူ (Bengaluru) မှာတုန်းက ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၃ နာရီလောက် ကားပိတ်တာနဲ့ အချိန်ကုန်ရတယ်၊ ကျနော့်ကို ဖြည်းဖြည်းချင်း သတ်နေတဲ့ ညစ်ညမ်းလေထုကို ရှူရှိုက်နေရတယ်၊ ပြီးတော့ စာရွက်စာတမ်း တစ်ခုရဖို့အတွက် လူတိုင်းကို လာဘ်ထိုးနေရတယ်။ မြူးနစ်မှာတော့ ကျနော် ဝင်ငွေ ပိုနည်းပါတယ်။ ဒါပေမယ့် ကျနော်မှာ ကိုယ်ပိုင်အချိန်တွေရှိတယ်၊ သန့်ရှင်းတဲ့လေရှိတယ်၊ ပြီးတော့ ရုံးပိတ်ရက် လည်း ရှိတယ်”ဟု ဂျာမနီနိုင်ငံ မြူးနစ် (Munich)မြို့သို့ ပြောင်းရွှေ့သွားသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။
ထိုအခြေအနေသည် သာမန် အိန္ဒိယလူမျိုး တစ်ဦး ပုံမှန်ဘဝအတိုင်း ရှင်သန်နိုင်ရန် ကြိုးစားရင်း ကျန်းမာရေး အတွက် လက်ဆုပ်လက်ကိုင် မပြနိုင်သည့် ပေးဆပ်မှုများပင် ဖြစ်သည်။
ဒေလီမြို့၏ လေထု အရည်အသွေးသည် ပုံမှန်အားဖြင့် ၄၀၀ ထက် ကျော်လွန်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဘေးကင်းလုံခြုံမှု သတ်မှတ်ချက်ထက် အဆ ၂၀ ပိုများနေသည်။

အိန္ဒိယနိုင်ငံသားတွေရဲ့ နိုင်ငံခြားသွားလိုသော အိပ်မက်ကို သရုပ်ဖော်ပြထားစဉ်
၂၀၂၃ ခုနှစ် Lancet ကျန်းမာရေး ဂျာနယ်၏ လေ့လာချက်အရ လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံသား ၂ ဒသမ ၁ သန်းကျော် နှစ်စဉ် သေဆုံးနေရပြီး ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ ၂၀ အနက် ၁၄ မြို့မှာ အိန္ဒိယ၏ မြို့များဖြစ်သည်။
လေထုညစ်ညမ်းမှုအပြင် စစ်ဆေးရေးဂိတ်များတွင် ပေးရသည့် တရားမဝင်ငွေကြေးများ၊ မြေဝယ်မည်ဆိုပါက ကြားပွဲစား ငှားရင်ငှား၊ သို့မဟုတ်ပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ဥပဒေကြောင်းအရ အငြင်းအခုံများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုအခြေအနေများသည် မူဝါဒ အမှားသက်သက်သာ မဟုတ်ဘဲ လူအများစု၏ သိက္ခာသည် အကြီးအကျယ် ခိုးယူခံနေရခြင်းလည်း ဖြစ်သည်။
ထိုစနစ် အမှားကြီးဖြင့် အကျိုးအမြတ် ရနေသူများသည် ထိုစနစ်ကြီးကို ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်အောင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသဖြင့် ခိုင်မာစွာ တည်ရှိနေခြင်းဖြစ်သည်။
အိန္ဒိယ၏ ပညာတတ်များ ပြည်ပသို့ထွက်ခွာမှု သို့မဟုတ် ဦးဏှောက် ယိုစီးမှုတွင် အမျိုးသမီးများလည်း ပါဝင်နေသည်။
ပြည်ပသို့ ထွက်ခွာသွားသည့် အမျိုးသမီးများအတွက် အဓိက တွန်းအားသည် လစာငွေကြောင့် မဟုတ်ဘဲ လွတ်လပ်ခွင့်ကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
အမျိုးသမီးများ အနေဖြင့် ည ၁၀ နာရီတွင် ဘေးအန္တရာယ်ကို ကြောက်ရွံ့ နေစရာမလိုဘဲ ရထားဘူတာကို လမ်း လျှောက် သွားနိုင်သည့် လွတ်လပ်ခွင့်၊ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ မရှိဘဲ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ခွင့်နှင့် မိသားစုတွေ့ဆုံပွဲတိုင်းတွင် အမျိုးသမီး တစ်ဦး၏ အိမ်ထောင်မှု တာဝန်ထက် ဘာကြောင့် အလုပ်က ပိုပြီးအရေးကြီး နေသနည်းဆိုသည့် မေးခွန်းထုတ် စစ်ဆေး မေးမြန်းမှုတွေကို မခံယူရတော့သည့် လွတ်လပ်ခွင့်များဖြစ်သည်။
“အိန္ဒိယမှာ ကိုယ့်ရဲ့ကိုယ်ပိုင် စည်းကမ်းချက်တွေနဲ့ နေထိုင်ရဖို့ တော်တော်ခက်ခဲပါတယ်။ အကုန်လုံးကို လိုက်ပြီး ညှိနှိုင်းနေရပါတယ်။ ပြည်ပမှာတော့ ကျမ ဘာမှ ညှိနှိုင်းနေစရာ မလိုဘူး။ ကျမ ရှင်သန်နေရုံပါပဲ” ဟု ကနေဒါကို ထွက်ခွာသွားတဲ့ ပြည်သူ့ကျန်းမာရေး သုတေသီတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း မြင့်မားသော်လည်း မူဝါဒများ မရေရာခြင်း (ဥပမာ- နောက် ကြောင်းပြန် အခွန်ကောက်ခြင်း၊ ငွေစက္ကူဖျက်သိမ်းခြင်း) တို့ကြောင့် ရေရှည်စီမံကိန်းများမှာ လောင်းကစားကဲ့သို့ ဖြစ်နေသည်။
စနစ်၏ ခန့်မှန်းရခက်မှုသည် ရင်းနှီးမြှုပ်နှံသူများကို တွန့်ဆုတ်စေသည်။
အိန္ဒိယတွင် "Smart Cities" စီမံကိန်းများ ရှိသော်လည်း မြို့ကြီးများတွင် ရေကြီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး အားနည်းခြင်းတို့မှာ နေ့စဉ်ပြဿနာ ဖြစ်နေသည်။
ကျန်းမာရေးဘတ်ဂျက် နည်းပါးမှုကြောင့် ကိုဗစ် ကပ်ရောဂါ ကာလတွင် ကျန်းမာရေး စနစ်တစ်ခုလုံး ပြိုလဲခဲ့ရ သလို၊ ပညာရေးစနစ်မှာလည်း အဆင့်မီရန် လိုအပ်နေဆဲဖြစ်သည်။
အဂတိလိုက်စားမှုသည် နိုင်ငံရေးနှင့် စီးပွားရေး ယန္တရားအတွင်း အမြစ်တွယ်နေပြီး ဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် လုပ်ငန်းစဉ်တိုင်းတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်နေရခြင်းတို့သည် နိုင်ငံသားတို့၏ သိက္ခာကို ထိခိုက်စေပြီး ပြည်တွင်းတွင် နေထိုင်လိုစိတ်ကို ကုန်ဆုံးစေသည်။
ယခု အခြေအနေနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှု တစ်ခုအတွင်း မှတ်ချက်ပေးသူတစ်ဦးက ယခုကိစ္စ တစ်ခုလုံးကို စာတစ်ကြောင်းတည်းဖြင့် အနှစ်ချုပ်ဖော်ပြခဲ့သည်။
“ခံစားချက်ကို မပြင်ပါနဲ့၊ စနစ်ကိုပဲ ပြင်ပါ။ အိန္ဒိယအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက ရှိပြီးသားပါ” ဟု ရေးသားခဲ့ သည်။
ထို့ကြောင့် အိန္ဒိယခေါင်းဆောင်များ ဖြေရှင်းရမည့် အချက်မှာ ပြည်ပရောက် အိန္ဒိယအသိုင်းအဝိုင်းများကို ဂုဏ်ပြု သည့် အခမ်းအနားများကိုသာ အရေးတယူ ကျင်းပနေရမည် မဟုတ်ဘဲ ဘတ်ဂျက်ခွဲဝေမှုများ၊ ဥပဒေပြုရေးနှင့် ဥပဒေစိုးမိုးရေး ကိစ္စရပ်များသာဖြစ်သည်။
ထိုအခြေအနေများကို မပြောင်းလဲသရွေ့ အိန္ဒိယနိုင်ငံသားများ အပြည့်တင်ထားသည့် လေယာဉ်များသည် ပြည်ပနိုင်ငံများသို့ ဆက်လက် ထွက်ခွာနေကြဦးမည်သာ ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 959
CNI Article
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ချင်းယူနစ်၊ ကချင်ယူနစ်၊ နာဂယူနစ် နဲ့ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) ဒေသဆိုပြီး သူတို့ သတ်မှတ်ထားကြောင်း၊ အဲဒီ ဒေသတွေကို ထိန်း ချုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသ တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်မယ်လို့ ပြော ခဲ့တယ်။
အဲဒီ ပြောကြားချက်ကတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်း အနားကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ လုပ်တဲ့ အချိန်က ဖြစ်တယ်။
ဒါပေမယ့် နာဂယူနစ်က ဘယ်ဒေသတွေလဲ၊ နာဂယူနစ်ထဲမှာ ဘယ်ဒေသတွေ ပါတယ်ဆိုတာကိုတော့ သူပြော မသွားဘူး။
ဆိုတော့ နာဂယူနစ်ဒေသတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီးဒေသ၊ ဟုမ္မလင်းဒေသ၊ ရွှေပြည်အေးဒေသ၊ ဖောင်းပြင်ဒေသ၊ တမူးဒေသတွေကို ထည့်သွင်းထားသလား သို့မဟုတ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီးဒေသ၊ ဟုမ္မလင်းဒေသကို ထည့်သွင်းထားသလား သို့မဟုတ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသပဲလား.........?
သို့သော် နာဂလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ NSCN-K/AM နဲ့ NSCN-K/YA တို့ကရော ဘယ်လို စဉ်းစား မလဲ၊ နာဂလက်နက်ကိုင်တွေ မျှော်တွေးထားတဲ့ နာဂယူနစ်က ဘယ်ဒေသတွေလဲ၊ နာဂယူနစ်ထဲမှာ ဘယ်ဒေသ တွေပါလဲ......?
အလားတူ အရှေ့နာဂအမျိုးသားအစည်းအရုံး(ENNO/ENDA)နဲ့ နာဂ PDF ကရော KIA ပြောတဲ့ နာဂယူနစ်ကို ဘယ်လို စဉ်းစားထားလဲ၊ နာဂယူနစ်က ဘယ်ဒေသတွေလဲ၊ နာဂယူနစ်ထဲမှာ ဘယ်ဒေသတွေပါသလဲ.......?

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းမြေပုံကို တွေ့ရစဉ်
ENNO/ENDA နဲ့ NPDF တွေက KIA ရဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှုနဲ့ စစ်သင်တန်းပေးမှုတွေကို ရရှိထားတဲ့ အဖွဲ့ တွေဖြစ်သလို KIA နဲ့ ပူးတွဲပြီးတော့ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းထဲမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ် တဲ့အတွက် KIA ပြောတဲ့ နာဂယူနစ်ဒေသကို ကြိုတင် ညှိနှိုင်း သဘောတူညီ ထားပြီးဖြစ်မယ်လို့ နားလည်မိတယ်။
ဒီနောက် NSCN-K/YA ကလည်း KIA နဲ့ဆက်ဆံရေး တစ်ရပ်ရှိထားသလို တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ ကြားနေရတဲ့ အခါကျတော့ KIA ပြောတဲ့ နာဂယူနစ်က ဘယ်ဒေသတွေ လဲဆိုတာကို အနည်းအကျဉ်းတော့ သိထားနိုင်တယ်လို့ မြင်တယ်။
ဒါပေမယ့် NSCN-K/AM အဖွဲ့ကတော့ အားလုံးနဲ့ ထိတွေ့ ဆက်ဆံနိုင်ရေးကို တည်ဆောက်ထားသလို ဆက်ဆံမှု တွေလည်း ရှိနေတယ်လို့ နားလည်ထားတဲ့အတွက် ဒီအဖွဲ့ရဲ့ နာဂယူနစ် နယ်မြေ စဉ်းစားချက်ကလည်း ဘယ်လို ရှိနေနိုင်သလဲ........?
နာဂလက်နက်ကိုင်တွေဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်းမှာရှိတဲ့ နာဂလူမျိုးစုတွေကို စုစည်းပြီးတော့ လွတ်လပ် တဲ့ နာဂပြည်ထောင်စု (သို့မဟုတ်) လွတ်လပ်တဲ့ နာဂနိုင်ငံတော် ထူထောင်ရေးကို ရည်မှန်းထားကြပါတယ်။
ဒါပေမယ့် ဘယ်ဒေသတွေကို စုစည်းပြီးတော့ အကောင်အထည်ဖော်မလဲ........?
ဒေသတွင်း သတင်းရင်းမြစ်တွေကတော့ မြန်မာနိုင်ငံထဲမှာ အခြေစိုက်ပြီး နေနေတဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ကချင်ပြည်နယ်ထဲက တနိုင်း-ရှင်ဗွေယန်ကနေ စစ်ကိုင်းတိုင်းဒေသကြီးထဲက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီး၊ ဟုမ္မလင်း၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ တမူးအထိ နာဂယူနစ်အနေနဲ့ စိတ်ကူးထားတယ်လို့ ဆိုကြတယ်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေကာမူ KIA ရဲ့ နာဂယူနစ် သတ်မှတ်ချက်နဲ့ နာဂ လက်နက်ကိုင်တွေရဲ့ နာဂယူနစ် သတ်မှတ်ချက် အကြား ဘယ်လို အပေးအယူလုပ်မလဲ၊ နာဂယူနစ် သတ်မှတ်ချက် အပေးအယူ အလုပ်ဖြစ်ခဲ့ရင် နာဂယူနစ် ထိန်း ချုပ်ရေးကို အကောင်အထည်ဖော်ရမှာဖြစ်တဲ့အတွက် အိန္ဒိယ-မြန်မာ- ရှမ်းနီက ဘယ်လို စဉ်းစားလာနိုင်သလဲ....?
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅-၁၆ ရက်မှာတော့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နာဂဒေသ (လဟယ်-လေရှီး)နဲ့ ဟုမ္မလင်းဒေသကို ရောက်ရှိလာခဲ့တယ်။
အဲဒီခရီးစဉ်မှာပဲ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် ဒေသတွင်းနေ ပြည်သူလူထုတွေ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့၊ နာဂဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တာ လုပ်ပေးမယ်၊ လက်နက်ကိုင်တွေဟာ ဒေသတွင်းက သယံဇာတတွေ တရားမဝင် ထုတ်ပြီးတော့ ရောင်းချ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောခဲ့တယ်။
နာဂဒေသနဲ့ ဟုမ္မလင်းဒေသ ခရီးစဉ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူး အခမ်းအနား မတက်ရောက်တော့ဘဲ သွားရောက်ခဲ့ပုံပေါ်တဲ့အခါကျတော့ ဒီခရီးစဉ်ကို အရေးကြီးပုံပေါ်တယ်။
အလားတူ KIA ရဲ့ နာဂယူနစ် သတ်မှတ်ချက်က ဘယ်ဒေသတွေ ပါတယ်ဆိုတာ သေချာမသိရပေမယ့် နာဂ ဒေသနဲ့ နီးကပ်တဲ့ ဒေသတွေဟာ ရှမ်းနီလူမျိုးတွေနဲ့ ရှမ်းမျိုးနွယ်စုတွေ နေထိုင်ရာ ဒေသတွေဖြစ်တဲ့အတွက် ရှမ်းနီ တွေရဲ့ အခန်းကဏ္ဍကလည်း ထည့်သွင်း စဉ်းစားရမယ့် အနေအထားမှာ ရှိလာနိုင်ပါတယ်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်
အိန္ဒိယကတော့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ အပေါ်ကို အခြေခံ စဉ်းစားပြီးတော့ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ပဋိပက္ခကို ဘယ်ဖက်မှ မပါဘဲ စောင့်ကြည့်ရေး မူဝါဒနဲ့ပဲ သွားမယ့်ပုံပေါ်တယ်။ ဒါပေမယ့် အိန္ဒိယရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်လာစေတဲ့ အခြေအနေ တစ်ခုဖြစ်ပေါ်လာရင်တော့ အိန္ဒိယရဲ့ စဉ်းစားချက်တွေကလည်း တစ် မျိုး ဖြစ်လာနိုင်ပါတယ်။
လက်ရှိလည်း အိန္ဒိယက မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မူးယစ်ဆေးဝါး မှောင်ခိုဈေး ကွက်၊ ရွှေမှောင်ခိုဈေးကွက်၊ လက်နက်ခဲယမ်း မှောင်ခိုဈေးကွက်၊ စစ်ပြေးရှောင် ဒုက္ခသည် ဝင်ရောက်မှု၊ မဏိပူရ ပြည်နယ်အတွင်းက ကူကီးနဲ့ကသည်း လူမျိုးရေး ပဋိပက္ခ အခြေအနေ၊ အိန္ဒိယ နာဂတွေနဲ့ နယ်စပ် ခြံစည်းရုံးခတ် မှု အခြေအနေ၊ NSCN-IM နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ ကုလားတန်မြစ် စီမံကိန်းရပ်တန့်နေမှု စတဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်နေရတယ်။
မည်သို့ပင်ဆိုစေကာမူ KIA ဟာ နာဂ လက်နက်ကိုင် အားလုံးကို စည်းရုံးနိုင်ပြီး စုစည်းကာ ပူးတွဲတိုက်ပွဲ ဖော်ဆောင်လာနိုင်ခဲ့မယ် ဆိုရင်တော့ နာဂယူနစ်နဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးနဲ့ ပေါင်းဖက်လိုက်မယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အလယ်ပိုင်းကနေ အထက်ပိုင်း အပါအဝင် ကချင်ပြည်နယ် ဝင်ပေါက် အားလုံးကို ထိန်းချုပ်သွားနိုင်မယ့် အနေအထား ရှိသွား နိုင်ပါတယ်။
ဒီနောက်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနဲ့ ချင်းယူနစ်ကို ပေါင်းစပ်နိုင်ဖို့အတွက် ဆက်လက် ဖော် ဆောင်လာနိုင်ခြေ ရှိပါလိမ့်မယ်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနဲ့ ချင်းယူနစ်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပြီးဆိုရင် တော့ ရခိုင်ပြည်နယ်ကို ချိတ်ဆက်ပြီး ပင်လယ်ထွက်ပေါက်ကို တည်ဆောက်လာနိုင်မည်။
တခြားတစ်ဖက်မှာလည်း မန္တလေးတိုင်းနဲ့ မကွေးတိုင်းက PDF တွေကို ပံ့ပိုးပေးပြီးတော့ မြန်မာနိုင်ငံရဲ့ အလယ် ဗဟိုကို စစ်ရေးဖိအားပေးထားပြီးတော့ မြန်မာ့တပ်မတော်၏ တန်ပြန် စစ်ရေးဖိအားကို ကာကွယ်ထားနိုင်မှာ ဖြစ် ပါတယ်။
KIA ရဲ့ နာဂယူနစ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး ထိန်းချုပ်ရေးနဲ့ ချင်းယူနစ် ပေါင်းစပ်ရေး မဟာဗျူဟာ အလုပ်ဖြစ် မဖြစ်ကတော့ စောင့်ကြည့်လေ့လာနေရန်သာ ရှိလေသတည်း။
- By CNI
- Category: ဆောင်းပါး
- Hits: 869
CNI International Article
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းသည် အာဆီယံအဖွဲ့အတွက် စိတ်လှုပ်ရှားစရာ အကောင်း ဆုံး ကာလများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာပေလိမ့်မည်။
ပင်လယ်ပြင် အခြေပြု နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်သည် မပြတ်ဆုံးနိုင်သေးသည့် ပြဿနာများနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ပထဝီနိုင်ငံရေး အခြေအနေ အပြောင်းအလဲများသည် အရှိန်အဟုန်ဖြင့် မြန်ဆန်လာခဲ့၍ အာဆီယံဥက္ကဋ္ဌ နေရာကို ရယူမည့် ဖိလစ်ပိုင်အတွက် ကြီးမားသည့် နိုင်ငံရေးလှိုင်းလုံး ရိုက်ခတ်မှု ဒဏ်ကို ခံနိုင်ရည်ရှိစေရန် သံတမန်ရေးရာ ကျွမ်းကျင်မှုများ လိုအပ်မည်ဖြစ်သည်။
ယခုနှစ် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုအတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာလည်း လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေနှင့် ကိုက်ညီမှုရှိနေသည်။
ထိုဆောင်ပုဒ်မှာ "အတူတကွ ပေါင်းစည်းပြီး အနာဂတ်ခရီး သွားကြမည်" (Navigating the Future, Together) ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။
လက်ရှိတွင် အာဆီယံအဖွဲ့သည် အဖွဲ့ဝင် (၁၁) နိုင်ငံဖြင့် ပိုမိုတက်ကြွလှုပ်ရှားနေပြီး၊ ပါပူအာနယူးဂီနီနိုင်ငံ ကလည်း အဖွဲ့ဝင်ဖြစ်ရန် စောင့်ဆိုင်းလျက်ရှိသည်။
စင်စစ်အားဖြင့် ပါပူအာနယူးဂီနီသည် ၁၉၈၆ ခုနှစ်ကတည်းက လေ့လာသူ နိုင်ငံအဆင့်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပါပူအာနယူးဂီနီနိုင်ငံသည် အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် ပါပူအာနယူးဂီနီနိုင်ငံကို အဖွဲ့ဝင်ဖြစ်ရေးအတွက် အင်တိုက်အားတိုက် ထောက်ခံခဲ့သည်။
အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့ပြီဖြစ်သဖြင့် ပါပူအာနယူးဂီနီနိုင်ငံကို အချိန်ဆွဲထားခြင်းသည် မမျှတရာ ရောက်လိမ့်မည်ဖြစ်သည်။

မလေးရှားထံမှ ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံနေစဉ်
ထို့ကြောင့် မကြာသေးမီက ဖိလစ်နိုင်ငံ၊ ဆီဘူး (Cebu) မြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ အာဆီယံဝန်ကြီး များက ပါပူအာနယူးဂီနီ၏ အဆင့်အတန်းကို အာဆီယံ၏ အထူးလေ့လာစောင့်ကြည့်သူ နိုင်ငံအဖြစ် မြှင့်တင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ပြီး ပါပူအာနယူးဂီနီသည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
ယခုအချိန်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇာရို (Theresa Lazaro) က တစ်ကြိမ်ပြီး တစ်ကြိမ် ဖြစ်ပေါ်လာသည့် ဖိအားများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အာဆီယံအနေဖြင့် ပိုမိုခိုင်မာစွာ စုစည်းရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
သတိပြုရမည့်အချက်မှာ တစ်ချိန်က ဆွေးနွေးဖက် နိုင်ငံသစ်များကို လက်ခံရန် ပွင့်လင်းမှုရှိခဲ့သော အာဆီယံသည် ယခုအခါတွင် ဆွေးနွေးဖက်အသစ်များ လက်ခံခြင်းအပေါ် ကန့်သတ်ချက် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်က တူရကီနိုင်ငံသည် အာဆီယံ၏ အပြည့်အဝ ဆွေးနွေးဖက်နိုင်ငံ (full dialogue partner) ဖြစ်လာရန် မျှော်လင့်ခဲ့သော်လည်း အာဆီယံအဖွဲ့အတွင်း သဘောတူညီမှု မရရှိခဲ့သောကြောင့် ဖြစ်မလာခဲ့ပေ။
ဗြိတိန်သည် ၂၀၂၁ ခုနှစ်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် Brexit အပြီး အာဆီယံ၏ အပြည့်အဝ ဆွေးနွေးဖက် နိုင်ငံအဖြစ် ဝင်ခွင့်ရခဲ့သည့် နောက်ဆုံးနိုင်ငံဖြစ်သည်။
အခြားနိုင်ငံ အများအပြားကလည်း အပြည့်အဝ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်လာရန် စိတ်ဝင်စားမှုကို ထုတ်ဖော် ပြသထား ကြသည်။
အာဆီယံအနေဖြင့် ခန့်မှန်းရခက်သော ကမ္ဘာ့အခြေအနေတွင် မိတ်ဖက် အဖွဲ့အစည်းများ တိုးချဲ့ခြင်းသည် အလွန်အရေးကြီးသည်ဟု ယုံကြည်ထားသည်။
သို့သော် အာဆီယံသည် အဖွဲ့ဝင် အရေအတွက် အပေါ်၌သာ အာရုံစိုက်နေခြင်း မဟုတ်ဘဲ မိတ်ဖက်ပြုမှုများသည် အာဆီယံ၏ ဗဟိုကျမှုနှင့် စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် သေချာ လုပ်ဆောင်ရမည်ဖြစ်သည်။
ထိုသို့သော ဆက်ဆံရေးများသည် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာတွင် ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးကို မြှင့်တင်ပေးနိုင်ရမည်ဖြစ်သည်။
လက်ရှိတွင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဖိလစ်ပိုင်သည် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးစာချုပ်(TAC) ဆိုင်ရာ လမ်းညွှန်ချက်များ ပြင်ဆင်ရေးကို ကြီးကြပ်လုပ်ဆောင်နေသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
ဖိလစ်ပိုင် လက်ထက်တွင် အာဆီယံသည် TAC စာချုပ်ထဲ၌ ပါဝင်သည့်နိုင်ငံများ (HCPs) အနေဖြင့် မည်သို့ ထိတွေ့ ဆက်ဆံရမည်ဆိုသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်သစ်များကို ဖော်ဆောင်သွားမည် ဖြစ်သည်။
ယခုနှစ်တွင် TAC စာချုပ်သည် အနှစ် ၅၀ ပြည့်မြောက်ပြီ ဖြစ်သဖြင့် စာချုပ်၌ လက်မှတ် ရေးထိုးထားသည့် နိုင်ငံ အားလုံးအနေဖြင့် စာချုပ်ပါ တန်ဖိုးထားမှုများနှင့် မူဝါဒများကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် လိုက်နာ စောင့်ထိန်းကြစေရန် အာဆီယံက ဆန္ဒရှိနေသည်။
ထိုမူဝါဒသည် အာဆီယံ၏ ယခင်က ကျင့်သုံးခဲ့သော အဖွဲ့၏ လွှမ်းမိုးမှုကို ပြသရန်အတွက် လက်မှတ်ရေးထိုးသည့် နိုင်ငံအရေအတွက် တိုးချဲ့ရေးကို ဦးစားပေးသည့် မူဝါဒမှ ခွဲထွက်လိုက်ခြင်းလည်း ဖြစ်သည်။
အာဆီယံဝန်ကြီးများသည် မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေး နှစ်ခုလုံးအပေါ် ညီညွတ်စွာ ရပ်တည်ခဲ့ ကြပြီး ဘုံသဘောတူညီချက်နှင့် စုပေါင်းလှုပ်ရှားမှုတို့၏ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ကြသည်။
ဖိလစ်ပိုင်သည် အစည်းအဝေး မတိုင်မီကတည်းက မြန်မာနိုင်ငံ အတွင်းနှင့် အပြင်ရှိ သက်ဆိုင်သူများနှင့် ထိတွေ့ ဆက်ဆံမှုများကို ဆောလျင်စွာ စတင်လုပ်ဆောင်ခဲ့သည်။
ထို့ပြင် အာဆီယံသည် မြန်မာ့တပ်မတော် အစိုးရက အပြည့်အဝ အကောင်အထည်ဖော်ရမည့် ဘုံသဘောတူ ညီချက် ၅ ရပ် အပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေသည်။
မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက် ရှိနေဆဲဖြစ်ကြောင်း ကိုလည်း အာဆီယံရှင်းလင်းစွာ ပြောကြားထားသည်။
သို့သော် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ပြန်လည် ပူးပေါင်းလိုသည့် ဆန္ဒနှင့် ပူးပေါင်း နိုင်စွမ်းရှိကြောင်းကို လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သက်သေပြရမည်ဖြစ်သည်။
တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ကျွန်းတုများ တည်ဆောက် ခြင်းနှင့် တင်းမာမှုကို မြင့်တက်စေနိုင်သော ပြင်းထန်သည့် ဖြစ်ရပ်များအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။
ယခင် အစည်းအဝေးများတွင် ကဲ့သို့ပင် အာဆီယံသည် နိုင်ငံတကာ ဥပဒေများနှင့်အညီ မိမိကိုယ်ကို ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ကြရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တို့ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း ၂၀၀၂ ခုနှစ်ကတည်းက စတင်ခဲ့သည့် ပင်လယ်ပြင်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (COC) ဆွေးနွေးညှိနှိုင်းမှုများသည် ပိုမိုမြန်ဆန်ပြီး ထိရောက်လာဖွယ်ရှိသည်ဟု မျှော်လင့် ရသည်။

အာဆီယံအစည်းအဝေး ကျင်းပနေစဉ်
အာဆီယံနှင့် တရုတ်ခေါင်းဆောင်များသည် COC ကို ယခု ၂၀၂၆ ခုနှစ်တွင် အပြီးသတ်ရန် သတ်မှတ်ခဲ့ကြသည်။ သို့သော် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး အဓိကပြဿနာအချို့မှာ ယနေ့တိုင် ပြေလည်ခြင်း မရှိသေးပေ။
ထိုကဲ့သို့ ကြီးမားသော စိန်ခေါ်မှုများအပြင် အာဆီယံအဖွဲ့ဝင် ဝန်ကြီးများသည် ဖိလစ်ပိုင်၏ ဦးစားပေး စီးပွားရေး လုပ်ငန်းစဉ် ၁၉ ရပ် ကို အတည်ပြုခဲ့ကြသည်။
ထိုလုပ်ငန်းစဉ်များမှာ အဖွဲ့ဝင်နိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှုများကို အားကောင်းစေရန် ရည်ရွယ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဆန်းသစ် တီထွင်မှုတို့ကို ဦးစားပေးထားသည်။
ထို့ပြင် အာဆီယံ ဒစ်ဂျစ်တယ် စီးပွားရေး မူဘောင်သဘောတူညီချက် (ASEAN Digital Economy Framework Agreement) ကို အပြီးသတ်နိုင်ခဲ့ပါက ထိုသဘောတူညီချက်သည် ကမ္ဘာ့ ပထမဦးဆုံးသော ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင် ဖြစ်လာနိုင်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများအတွက် စံပြနမူနာတစ်ခု ဖြစ်လာ နိုင်သည်။
လက်ရှိတွင် အာဆီယံသည် ဒစ်ဂျစ်တယ် ကုန်သွယ်ရေး တိုးချဲ့ရန်နှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မျှော်လင့်နိုင်ပြီဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ထရီလျံ (ဘတ် ၆၃.၄ ထရီလျံခန့်) အထိ ရောက်ရှိလာနိုင်ခြေရှိသည်။
သို့သော် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌတာဝန် အောင်မြင်မှုရှိ၊ မရှိဆိုသည်မှာ အချက် ၂ ချက်ပေါ်၌သာ မူတည် နေပါသည်။
ပထမအချက်မှာ ဖိလစ်ပိုင်ကိုယ်တိုင် အဓိကနေရာမှ ပါဝင်နေသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်း (COC) ကို အပြီးသတ်နိုင်ရေး ဖြစ်သည်။
ဒုတိယအချက်မှာ ဖိလစ်ပိုင်သည် ၎င်း၏ ပြည်တွင်းရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် အတွေ့အကြုံ များကို အခြေခံပြီး မြန်မာ့အရေးကို ဖြေရှင်းရာတွင် ပိုမို ပါဝင်ကူညီပေးနိုင်ရေး ဖြစ်ပေသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 861
CNI International Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
လက်ရှိ ကမ္ဘာ့အခြေအနေသည် ယူကရိန်းစစ်ပွဲ၊ ဂါဇာပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ၏ မတည်ငြိမ်မှုများ၊ အင်အားကြီး နိုင်ငံများကြား အားပြိုင်မှုများအပြင် ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အရေးယူ ဆောင်ရွက်မှုများ နှင့် ဂရင်းလန်း (Greenland) ကျွန်းကို အမေရိကန်က ထိန်းချုပ်ရန် ကြိုးပမ်းမှုများကြောင့် ရှုပ်ထွေးပွေလီသည့် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုအကျပ်အတည်းများသည် ဒေသတွင်း အခင်းအကျင်းများ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများ၏ ရည်မှန်းချက်များ ကြောင့်သာ မဟုတ်ဘဲ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ပုံစံနှင့်ပတ်သက်ပြီး အတွင်းစည်းတွင် သဘောထား ကွဲလွဲမှုများ၏ ရလဒ်များဖြစ်သည်။
ဤအားပြိုင်မှု၏ ဗဟိုချက်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) နှင့် အမေရိကန် လျှို့ဝှက်အုပ်စိုးမှု ရပ်ဝန်း (American Deep State) ဟု အများက ခေါ်ဆိုကြသည့် အင်အားစုတို့ ထိပ်တိုက်တွေ့နေခြင်းဖြစ်သည်။
လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) ဆိုသည်မှာ အစိုးရအထက်တွင် ရှိနေသည်ဟု ယူဆရသည့် ရွေးကောက်ခံ မဟုတ်သော သြဇာကြီး အဖွဲ့အစည်းများ၊ အမြစ်တွယ်နေသော အကျိုးစီးပွားအုပ်စုများနှင့် ဝါဒရေးရာ ကွန်ရက် များ ပါဝင်သည့် အင်အားစုဟု မှတ်ယူနိုင်သည်။
ထို့ပြင် Deep State ကို အရိပ်ထဲမှ အစိုးရအဖွဲ့၊ လျှို့ဝှက်အစိုးရအဖွဲ့၊ မမြင်ရသည့် အစိုးရအဖွဲ့ အစရှိသဖြင့် အမျိုးမျိုး ခေါ်ဆိုလေ့ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထိုပဋိပက္ခသည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြား တစ်ဖက်ဖက်အား ရွေးချယ်မှုမျိုး မဟုတ်ဘဲ အမေရိကန်၏ အာဏာ ကို မည်သူက ထိန်းချုပ်မည်နည်း၊ အာဏာအသုံးချမှုကို မည်သို့သော အကြောင်းပြချက်ဖြင့် တရားမျှတအောင် ပြုလုပ်မည်နည်း၊ နောက်ဆုံးတွင် မည်သူ့အကျိုးစီးပွားကို အလုပ်အကျွေး ပြုမည်နည်း ဆိုသည့် မေးခွန်းများအပေါ် အခြေခံထားသည်။
သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုပါက အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် အမြဲတမ်း ပါဝင်ပတ်သက်နေရန် ပုံဖော်ထားခြင်းမျိုး မဟုတ်ခဲ့ပေ။
ဒုတိယကမ္ဘာစစ် မတိုင်မီက အမေရိကန်၏ မဟာဗျူဟာသည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခြင်းနှင့် လိုအပ် သည့် ကိစ္စရပ်များတွင်သာ ပါဝင်ခြင်းအပေါ်မှာ အခြေခံခဲ့သည်။
အမေရိကန်သမ္မတ ဂျော့ဂျ်ဝါရှင်တန် (George Washington) သည် အမြဲတမ်း မဟာမိတ်ဖွဲ့ခြင်းကို ရှောင်ကြဉ်ရန် သတိပေးခဲ့ဖူးသည်။
ထိုသတိပေးချက်သည် ပြည်ပရေးရာကိစ္စများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခြင်းသည် သမ္မတနိုင်ငံ စနစ်ဖြင့် အုပ်ချုပ်မှုစနစ် (Republican governance) ကို ထိခိုက်ပျက်ပြား စေမည်ဆိုသည့် စိုးရိမ်မှုကို ထင်ဟပ်စေခဲ့သည်။
၁၈၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မွန်ရိုးဝါဒ (Monroe Doctrine) သည် ဥရောပ၏ အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများကို ရှောင်ရှားရင်း အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်၏ လွှမ်းမိုးမှုကို အတည်ပြုနိုင်ရန် စနစ် တကျ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က အမေရိကန်၏ အာဏာသည် စစ်မှန်သော်လည်း ပထဝီဝင်အရ ကန့်သတ်ချက်ရှိပြီး မဟာဗျူဟာ မြောက် သတိထား ဆောင်ရွက်သည့် ပုံစံမျိုးသာ ဖြစ်ခဲ့သည်။
သို့သော် ဒုတိယကမ္ဘာစစ်နှင့် ဆိုဗီယက်ယူနီယံ၏ အင်အားကြီးထွားလာမှုတို့က ထိုအခြေအနေကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။
အမေရိကန်သည် နေတိုးကဲ့သို့သော အဖွဲ့အစည်းများနှင့် မာရှယ်စီမံကိန်း (Marshall Plan) ကဲ့သို့သော မူဝါဒ များမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု အခန်းကဏ္ဍကို လက်ခံကျင့်သုံးလာခဲ့သည်။

အမျိုးသားတစ်ဦး သတင်းအချက်အလက် စိစစ်နေစဉ်
သို့သော် စစ်အေးတိုက်ပွဲ အစောပိုင်းကာလ မဟာဗျူဟာများသည် လက်တွေ့ကျသော အခြေအနေပေါ်တွင်သာ အခြေခံခဲ့ကြသည်။
သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါ (Dwight Eisenhower) သည် "စစ်ဘက်-စက်မှု လုပ်ငန်းစုကြီးများ" (Military-Industrial Complex) ၏ အန္တရာယ်ကို သတိပေးခဲ့ပြီး အမြဲတမ်း စစ်အင်အား ပြင်ဆင်နေခြင်းသည် ဒီမိုကရေစီ နည်းကျ ထိန်းကျောင်းမှုများကို ပုံပျက်စေနိုင်သည့် အချက်ကို လက်ခံခဲ့သည်။
သမ္မတ ရော်နယ် ရေဂင် (Ronald Reagan) ကလည်း မူဝါဒရေးရာအရ ပြင်းထန်သည့် စကားလုံးများကို အသုံးပြု ခဲ့သော်လည်း လက်တွေ့တွင်မူ ဖိအားပေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ပေါင်းစပ်အသုံးပြုကာ တင်းမာမှုများ ကို လျှော့ချရန်သာ ကြိုးပမ်းခဲ့သည်။
ထိုအချိန်က အမေရိကန်၏ အာဏာကို ရှင်းလင်းသော ရည်မှန်းချက်များနှင့် သတ်မှတ်ထားသော အကန့်အသတ် များ၊ စည်းဘောင်များအတွင်း၌သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
စစ်အေးတိုက်ပွဲ ပြီးဆုံးသွားချိန်တွင် ထိုကဲ့သို့ ထိန်းချုပ် ကန့်သတ်မှုများကို ပြိုပျက်သွားစေခဲ့သည်။
ပြိုင်ဘက်ကင်းသွားသည့် အခါတွင် လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသည် အမေရိကန်၏ အာဏာကို ပုံစံ ပြောင်းလဲသွားစေခဲ့သည်။
ထို့နောက်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စည်းမျဉ်းအခြေပြု အခင်းအကျင်း (Rules-based order) ဟူသော စကားလုံးများဖြင့် အခြားနိုင်ငံများ၏ အရေးကိစ္စများတွင် ကြားဝင်စွက်ဖက်ခြင်းကို သာမန်လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်လာခဲ့သည်။
အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံများ၏ ဖြစ်ရပ်များက တစ်ထပ်တည်း တူညီနေသည့် သာဓကတစ်ခုကို ပြသရာရောက်ခဲ့သည်။
ထိုသာဓကမှာ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ပြီးနောက်တွင် ရေရှည် မတည်ငြိမ်မှုများ၊ မူလရည်မှန်း ချက်ထက် ကျော်လွန်လာသော စစ်ရေးချဲ့ထွင်မှုများနှင့် မဟာဗျူဟာမြောက် ကျိုးကြောင်းကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လေယာဉ်ကိုတွေ့ရစဉ်
စစ်ပွဲသည် နိုင်ငံခြားရေးမူဝါဒ၏ လက်နက် တစ်ခုမျှသာ မဟုတ်တော့ဘဲ အုပ်ချုပ်ရေးယန္တရား၏ အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ အခြေအနေမျိုးမှာပင် အမေရိကန် လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (American Deep State) ဟုခေါ်သည့် အင်အားစုသည် အတွေးအမြင် တစ်ခုအဖြစ် မဟုတ်ဘဲ လုပ်ငန်းသဘာဝအရ အပြန်အလှန် အမှီပြုနေသည့် စနစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ကာကွယ်ရေး ကန်ထရိုက်တာများ၊ ထောက်လှမ်းရေးအေဂျင်စီများ၊ ဗျူရိုကရေစီအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်အဖွဲ့များ၊ မီဒီယာအဖွဲ့အစည်းများနှင့် ပညာရှင် အသိုင်းအဝိုင်းများက အချင်းချင်း အားဖြည့်ပေးနေသည့် ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့ကြသည်။
ထိုအုပ်စုများ၏ တရားဝင် တည်ရှိမှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော အကျပ်အတည်းများ အပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။
ရွေးကောက်ပွဲများက နိုင်ငံ့ခေါင်းဆောင်များကိုသာ ပြောင်းလဲနိုင်ခဲ့သော်လည်း မူဝါဒ လမ်းကြောင်းများမှာမူ သိသိသာသာ တည်ငြိမ်နေခဲ့သည်။
ကျရှုံးမှုများကို လိုအပ်ချက် တစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများကိုမူ အဖွဲ့အစည်း အသီးသီးကြားတွင် အစဖျောက်ခဲ့ကြသည်။
ဘိုင်ဒန်အစိုးရ၏ ပြင်းထန်သော လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသို့ ပြန်လည်ကူးပြောင်းမှုသည် ထိုစနစ်ကြီး၏ စိတ်ပျက်ရသည့် အခြေအနေများကို ဖော်ထုတ်ပြသရာ ရောက်ခဲ့သည်။
ယူကရိန်းအရေးတွင် အမေရိကန်သည် နေတိုး အင်အားစု နယ်မြေ ချဲ့ထွင်ရေးနှင့် မဟာဗျူဟာမြောက် အရိပ် လက္ခဏာ ပြမှုများမှတဆင့် ရုရှားနှင့် ထိပ်တိုက်တွေ့ရန် တွန်းအားပေးခဲ့သော်လည်း ခိုင်မာသည့် သံတမန်ရေးရာ ထွက်ပေါက်တစ်ခုကိုမူ ရှာဖွေရန် ငြင်းဆန်ခဲ့သည်။
အချုပ်အခြာအာဏာကို ကိုယ်ကျင့်တရားအရ ကာကွယ်ခြင်းဟု အမည်တပ်ထားခြင်းသည် နောက်ဆုံးတွင် ယူကရိန်းအား ပျက်စီးစေခဲ့သလို ဥရောပစီးပွားရေးကို ကျပ်တည်းစေသည်။
ထို့နောက် ရုရှား၏ စစ်အင်အား ချဲ့ထွင်မှုကို ခိုင်မာစေပြီး ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုများအား ပိုမိုနက်ရှိုင်းစေ သည့် ကြားခံစစ်ပွဲ (Proxy war) တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဂါဇာဒေသတွင် အမေရိကန်၏ မူဝါဒ မတည်ငြိမ်မှုနှင့် ဘက်ရွေးတတ်သည့် ကိုယ်ကျင့်တရား စံနှုန်းများသည် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများကို ပိုမိုရဲတင်းလာစေခဲ့ပြီး အရပ်သားများအပေါ် ကြီးမားသော ဒုက္ခများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
အမေရိကန်သည် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်သူ သို့မဟုတ် ပြတ်သားသော ဆုံးဖြတ်ချက် ချနိုင်သူအဖြစ် မပေါ်လွင်ဘဲ ဖြစ်ရပ်များအပေါ် တုန့်ပြန်ရုံ သက်သက်သာ လုပ်ဆောင်နိုင်သည့် အခြေအနေတွင် ရှိနေကာ စကားလုံးများနှင့် မြေပြင် အခြေအနေကြားတွင် ပိတ်မိနေခဲ့သည်။
ထရမ့်၏ ထွက်ပေါ်လာမှုသည် စစ်အေးတိုက်ပွဲလွန်ခေတ်က အမြစ်တွယ်နေသော အယူအဆဟောင်းများကို ပြတ်တောက်သွားစေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထို့ပြင် သံတမန်ရေးရာကို ကိုယ်ကျင့်တရားဆိုင်ရာ အသိအမှတ်ပြုမှုအဖြစ် မဟုတ်ဘဲ အကျိုးအမြတ်အတွက် အသုံးချရမည့် လက်နက်တစ်ခုအဖြစ်သာ သဘောထားခဲ့သည်။
ထရမ့်သည် အီရန်နှင့် တင်းမာမှုများ မြင့်တက်လာခြင်းကို ရှောင်ရှားခဲ့ပြီး ရုရှားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မှု ကိုလည်း ငြင်းပယ်ခဲ့သည်။
ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန်၏ တပ်အင်အားကို လျှော့ချခဲ့ကာ ယခင်က မဆက်ဆံခဲ့သည့် ပြိုင်ဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
၎င်း၏ သမ္မတ သက်တမ်းအတွင်း ကြီးမားသော စစ်ပွဲအသစ်များ မရှိခြင်းက အမြဲတမ်း စစ်ရေး ပါဝင်ပတ်သက်မှု အပေါ် မှီခိုနေသော စနစ်ကြီးတစ်ခုလုံး သို့မဟုတ် Deep State အတွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ ခဲ့သည်။
သို့သော် ထရမ့်သည် အမေရိကန်၏ လွှမ်းမိုးမှုကို မည်သည့်အခါကမျှ ဆန့်ကျင်ခဲ့ခြင်းမရှိပေ။
ထိုအချက်ကို ဗင်နီဇွဲလားနှင့် ဂရင်းလန်း (Greenland) ကိစ္စများတွင် မြင်တွေ့နိုင်သည်။
ထရမ့်အနေဖြင့် အင်အားသုံးရန် သို့မဟုတ် ဖိအားပေးရန် ဝန်မလေးခြင်းသည် Deep State နှင့် ၎င်းကြားက ပဋိပက္ခနှင့် ဆန့်ကျင်ဘက်ဖြစ်မနေဘဲ ၎င်း၏မူဝါဒကို ပိုပြီး ရှင်းလင်းသွားစေခြင်းဖြစ်သည်။
ထရမ့်သည် အာဏာအသုံးချမှုကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ ထိုအာဏာကို Deep State အင်အားစုက ချုပ်ကိုင် ထားခြင်းကိုသာ ဆန့်ကျင်နေခြင်းဖြစ်သည်။
ရွေးကောက်ခံ မဟုတ်သည့် အင်အားစုများက စီမံခန့်ခွဲသည့် အခြေအနေထက် သမ္မတက တိုက်ရိုက်ထိန်းချုပ် သည့် တိုတောင်းပြီး အကျိုးအမြတ်ကို အခြေခံသော လုပ်ဆောင်ချက်များကိုသာ ထရမ့်ကို ပိုမိုနှစ်သက်သည်။
ဗင်နီဇွဲလားတွင် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏ စစ်ဆင်ရေးက ထိုသဘောတရားကို ထင်ဟပ်စေသည်။
တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် ခေါင်းစဉ် တပ်ထားသော်လည်း လက်တွေ့တွင် အနောက် ကမ္ဘာခြမ်း၌ လွှမ်းမိုးမှုရယူရန်နှင့် ရေနံကြောင့်ဖြစ်သည်။
လက်ရှိ အမေရိကန်နိုင်ငံရေး အခင်းအကျင်းတွင် ဖြစ်ပွားနေသော သမ္မတထရမ့်နှင့် Deep State ကြား ထိပ်တိုက် တွေ့ဆုံမှုသည် ရိုးရှင်းသော ပုဂ္ဂိုလ်ရေး ရန်ငြိုးဖွဲ့မှု မဟုတ်ပေ။
အမေရိကန်၏ အချုပ်အခြာအာဏာကို မည်သို့ အသုံးချမည်နည်းဆိုသည့် မတူညီသော ပုံစံနှစ်ခုကြား အားပြိုင်နေ သည့် ဖွဲ့စည်းပုံဆိုင်ရာ တိုက်ပွဲ (Structural Battle) တစ်ခု ဖြစ်သည်။
ထရမ့်၏ နိုင်ငံခြားရေးမူဝါဒသည် အစဉ်အလာ သံတမန်ရေးရာ စံနှုန်းများကို ဖယ်ရှားခဲ့ပြီး ဗင်နီဇွဲလား၏ ရေနံ အပေါ် အာရုံစိုက်မှုနှင့် ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည် မွန်ရိုးဝါဒကို ပြန်လည်နိုးထစေခဲ့ သည်။
တစ်ဖက်တွင် Deep State ဟုခေါ်သည့် ဗျူရိုကရေစီ ယန္တရားသည် ၎င်းတို့၏ အာဏာကို စည်းမျဉ်းအခြေပြုမှုနှင့် လူသားချင်းစာနာမှုဟူသော ပုံရိပ်များနောက်တွင် တည်ဆောက်ထားသည်။
ထရမ့်က ဆုံးဖြတ်ချက်ချသည့် အာဏာကို သမ္မတထံတွင်သာ ဗဟိုပြုစေလိုပြီး အစဉ်အလာ လုပ်ထုံးလုပ်နည်းများ ကို လျစ်လျူရှုမှုများသည် Deep State ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်စိန်ခေါ်ရာ ရောက်သည်။
ထို့ကြောင့် Deep State သည် ထောက်လှမ်းရေး သတင်းများ ပေါက်ကြားစေခြင်းနှင့် မီဒီယာများမှတဆင့် တိုက်ခိုက်ခြင်းများသည် ထရမ့်ကို ပုဂ္ဂိုလ်ရေး မနှစ်သက်မှုကြောင့်သာ မဟုတ်ဘဲ ၎င်းတို့၏ တည်ရှိမှုနှင့် လွှမ်းမိုး မှုကို ကာကွယ်ရန် တုန့်ပြန်ခြင်းသာ ဖြစ်သည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက ထရမ့်နှင့် Deep State အကြား အားပြိုင်မှုသည် အမေရိကန်နိုင်ငံရေး၏ နက်ရှိုင်းသော အကျပ်အတည်းကို ထင်ဟပ်နေသည်ဟု မှတ်ယူနိုင်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 922
CNI Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
ဗင်နီဇွဲလားနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများဖြင့် ဖွဲ့စည်းထားသည့် သြဇာကြီးမားသော လူနည်းစုသည် ၎င်းတို့အား သစ္စာခံသည့် ကွန်ရက်များနှင့် လုံခြုံရေးအေဂျင်စီများ၏ အကူအညီဖြင့် အာဏာကို ရေရှည်ဆုပ်ကိုင်ထားနိုင်ခဲ့ကြသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ရာထူးမှ ဖယ်ရှားလိုက်နိုင်သော်လည်း ထိုအာဏာရှင် စနစ်မှာ ဆက်လက် ရှင်သန်နေဆဲဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံ၏ အာဏာဖွဲ့စည်းပုံနှင့် ဗင်နီဇွဲလား၏ အနာဂတ်ကို ပုံဖော်နေသည့် အမေရိကန်အရာရှိများ အကြောင်းကို လေ့လာဆန်းစစ်ကြည့် ရမည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
¤ ဗင်နီဇွဲလား
ဒယ်လ်စီ ရော့ဒရီဂွက်ဇ် (DELCY RODRIGUEZ)
*****************************************
သူကဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာဒူရိုအစိုးရ လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခု အခါ အမေရိကန်၏ ကြီးကြပ်မှုအောက်တွင် နိုင်ငံကို စီမံခန့်ခွဲနေရသူ ဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဒယ်လ်စီသည် ဝါရင့်ရှေ့နေတစ်ဦးဖြစ်သလို ပါတီတွင်း ဝါရင့်အရာရှိတစ်ဦးလည်း ဖြစ်သည်။ ဒုတိယသမ္မတ၊ ရေနံဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန်များကို ယူခဲ့စဉ်က စီးပွားရေးအာဏာ အားလုံးကို ဆုပ်ကိုင်ထားနိုင်ခဲ့၍ သူမကို ဘုရင်မ (Tsarina) ဟု တင်စားခေါ်ဝေါ်ကြသည်။
မာဒူရိုအစိုးရတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်းကြောင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုအောက်တွင် ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါ အမေရိကန်အစိုးရ၏ ယုံကြည်မှုကို ရရှိထားသည်။
အထူးသဖြင့် အမေရိကန် ရေနံကုမ္ပဏီကြီးများက ပျက်စီးယိုယွင်းနေသော ဗင်နီဇွဲလား၏ စွမ်းအင်ကဏ္ဍကို ပြန်လည် တည်ဆောက်ရန်အတွက် ဒယ်လ်စီကို အသင့်တော်ဆုံးနှင့် အတူတကွ အလုပ်နိုင်ဆုံးသူအဖြစ် ရှုမြင်ကြသည်။

ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရော့ဒရီဂွက်ဇ်ကို တွေ့ရစဉ်
ဂျော့ချ် ရော့ဒရီဂွက်ဇ် (JORGE RODRIGUEZ)
*****************************************
သူက ဘယ်သူလဲ - ယာယီသမ္မတ ဒယ်လ်စီ၏ အစ်ကိုဖြစ်ပြီး ၂၀၂၁ ခုနှစ်မှစ၍ ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
နောက်ခံနှင့် တာဝန် - အာဏာရ ဆိုရှယ်လစ်ပါတီက အပြတ်အသတ် အင်အားသာလွန်သော လွှတ်တော်ယန္တရား တစ်ခုလုံးကို ဦးဆောင်ထားသည်။
ဘာကြောင့် အရေးပါသနည်း - ဂျော့ချ်သည် မာဒူရိုအစိုးရ လက်ထက်ကတည်းက အမေရိကန်၊ နိုင်ငံရေး အတိုက် အခံများနှင့် ဆက်သွယ်ညှိနှိုင်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ ယခင်က ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျဉ်းသားလွှတ်ပေးရေး ဆွေးနွေးမှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။
ဂျော့ချ်သည် ဒယ်လ်စီနှင့်အတူ ပြည်ပအစိုးရများနှင့် လက်တွေ့ကျကျ ညှိနှိုင်းဆွေးနွေးနိုင်သူ တစ်ဦးအဖြစ် ရှုမြင် ခံထားရပြီး နောက်ထပ် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာနိုင်စေရန် ရေနံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များကို ရှေ့တန်းမှ ဦးဆောင်လာလိမ့်မည်ဟု အမေရိကန်က ခန့်မှန်းထားသည်။
ဒီအိုဒါဒို ကာဘယ်လို (DIOSDADO CABELLO)
*******************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ကာဘယ်လိုသည် ဗင်နီဇွဲလားနိုင်ငံ၏ စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ (DGCIM) နှင့် Colectivos ဟုခေါ်သော လက်နက်ကိုင်အဖွဲ့များအပေါ် သြဇာလွှမ်းမိုး ထားနိုင်မှုကြောင့် လေးစားခံရသူဖြစ်သည်။
Colectivos အဖွဲ့များသည် အာဏာရပါတီနှင့် မဟာမိတ်ပြုထားသည့် မော်တော်ဆိုင်ကယ် ဂိုဏ်းများဖြစ်ပြီး အတိုက်အခံများနှင့် အတိုက်အခံ ထောက်ခံသူများကို ခြိမ်းခြောက် နှိပ်ကွပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြား သည်။
ဘာကြောင့် အရေးပါသနည်း - ကာဘယ်လိုကို ဗင်နီဇွဲလားတွင် ဖိနှိပ်မှုများ၏ အဓိက လက်သည်အဖြစ် လည်း ကောင်း၊ "ချားဗက်စ်ဝါဒ" (Chavismo) ကို လက်ဆင့်ကမ်းနေသည့် အဓိက ခေါင်းဆောင်အဖြစ် လည်းကောင်း ရှုမြင်ကြသည်။
သူသည် မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် အမေရိကန်၏ တရားစွဲဆိုခြင်းကို ခံထားရသော် လည်း ထိုစွဲချက်များကို ငြင်းဆိုထားသည်။
အမေရိကန်က ၎င်းအား ဖမ်းဆီးနိုင်ရန်အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅ သန်း ထုတ်ထားသည်။
လက်ရှိတွင် ကာဘယ်လို အနေဖြင့် ယာယီသမ္မတ ဒယ်လ်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက အမေရိကန်၏ ဖမ်းဆီးမှုကို ခံရမည့် အဓိက ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးခံထားရသည်။

ဗင်နီဇွဲလား အလံကို တွေ့ရစဉ်
ဗလာဒီမာ ပါဒရီနို (VLADIMIR PADRINO)
************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ပါဒရီနိုသည် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ကွပ်ကဲသူဖြစ်သည်။
အမေရိကန် အရာရှိများကမူ မာဒူရိုအလွန် အကူးအပြောင်း ကာလအတွင်း အာဏာလေဟာနယ် မဖြစ်စေရန် အတွက် ၎င်း၏အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်ဟု ရှုမြင်ထားသည်။
သူက ဘာကြောင့် အရေးပါသနည်း - ပါဒရီနိုသည် ကာဘယ်လို ထက်စာလျှင် ဝါဒစွဲ နည်းပါးသူ ဖြစ်သည်။
ပါဒရီနိုသည် ယာယီသမ္မတ ဒယ်လ်စီကို သစ္စာခံမည်ဟု ကတိပြုထားပြီး၊ ၎င်း၏ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းအတွက် အမေရိကန်၏ လမ်းညွှန်ချက်များကို လိုက်နာမည့်သူအဖြစ် ယူဆခြင်းခံရသည်။
ပါဒီရီနိုသည် အမေရိကန်၏ မူးယစ်ဆေးဝါး မှောင်ခိုမှုစွဲချက်ဖြင့် တရားစွဲခံထားရပြီး ဒေါ်လာ ၁၅ သန်း ဆုကြေးငွေ ထုတ်ပြန်ခံထားရသော်လည်း ကာကွယ်ရေးဝန်ကြီးရာထူးကို ၁၁ နှစ်ကျော်တိုင်အောင် ဆုပ်ကိုင်ထားနိုင်သူ ဖြစ် သည်။
မာရီယာ ကိုရီနာ မာချာဒို (MARIA CORINA MACHADO)
***************************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာချာဒိုသည် ၎င်း၏ ဘဝသက်တမ်း တစ်လျှောက်လုံး အာဏာရပါတီကို ရာထူးမှ ဖယ်ရှား ရန် ကြိုးပမ်းခဲ့ပြီး ၎င်းအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲထားသည့် မာဒူရိုအစိုးရ၏ အလွဲသုံးစားမှုများကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - မာချာဒိုသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ခဲ့သော အတိုက် အခံ ပါတီများ၏ ပဏာမ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။
သို့သော် မာဒူရိုအစိုးရက ၎င်းအား အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည်။
မာချာဒိုသည် အမေရိကန် အစိုးရအဖွဲ့ဝင် အချို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသော်လည်း အမေရိကန်သမ္မတ ထရမ့်ကမူ မာချာဒိုသည် နိုင်ငံကို အုပ်ချုပ်ရန် ထောက်ခံမှု အလုံအလောက် မရှိကြောင်း ပြောကြားထားသည်။
¤ အမေရိကန်
မာကို ရူဘီယို (MARCO RUBIO)
*******************************
သူက ဘယ်သူလဲ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ယာယီအကြံပေးပုဂ္ဂိုလ် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - သမ္မတ ထရမ့်ပြီးလျှင် ရူဘီယိုသည် ဗင်နီဇွဲလားဆိုင်ရာ စစ်ဆင်ရေးများတွင် လူသိအများ ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ဗင်နီဇွဲလား ခေါင်းဆောင်များအား အမေရိကန်၏ လမ်းညွှန်ချက်များကို လိုက်နာလာစေရန် ဖိအားပေးသည့် လုပ်ငန်းစဉ်များတွင် ရူဘီယိုသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။
ဘာကြောင့် အရေးပါသနည်း - ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်ပြီး စပိန်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့် ရူဘီယိုသည် လက်တင်အမေရိက အရေးကိစ္စများကို ကာလရှည်ကြာ ကိုင်တွယ် လာခဲ့သူဖြစ်သည်။
မာဒူရိုကို ရာထူးမှ ဖယ်ရှားနိုင်ခြင်းသည် ၎င်း၏ မျှော်မှန်းချက်တစ်ခု အောင်မြင်သွားခြင်းဖြစ်ပြီး နောက်ထပ် တစ်ဆင့် အနေဖြင့် ကျူးဘားအစိုးရကိုပါ ပြောင်းလဲပစ်ချင်သည်ဟု ပြောကြားထားသည်။
သူသည် ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလျက် ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကို တွေ့ရစဉ်
ဂျွန် ရက်ကလစ်ဖ် (JOHN RATCLIFFE)
***********************************
သူက ဘယ်သူလဲ - အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ရက်ကလစ်ဖ်သည် အမေရိကန်၏ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဦးဆောင်သူဖြစ်ပြီး ဗင်နီဇွဲလားအရေးကို လပေါင်းများစွာ ကြိုတင်ပြင်ဆင် ကိုင်တွယ်ခဲ့သည့် အဓိက အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - သမ္မတ ထရမ့်၏ အမာခံ မဟာမိတ်ဖြစ်သည့် ရက်ကလစ်ဖ်သည် ရူဘီယို၊ အိမ်ဖြူ တော် လက်ထောက် စတီဖင် မေလာ (Stephen Miller) နှင့် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (PETE HEGSETH) တို့ ပါဝင်သော ဗင်နီဇွဲလားဆိုင်ရာ ဦးဆောင်မှုအဖွဲ့၏ နေ့စဉ်နီးပါး ပြုလုပ်သည့် အစည်းအဝေးများနှင့် ဖုန်းဖြင့် ဆွေးနွေးမှုများတွင် ပါဝင်လေ့ရှိသည်။
မာဒူရိုကို ဗင်နီဇွဲလား နိုင်ငံအတွင်းမှ လျှို့ဝှက်စွာ ဖယ်ရှားလိုက်သည့် စစ်ဆင်ရေးတွင် CIA သည် အလွန်အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှစ၍ ဗင်နီဇွဲလား မြေပြင်တွင် CIA အဖွဲ့ငယ်လေးတစ်ခု စတင်အခြေချခဲ့ပြီး ၎င်းတို့သည် စစ်ဆင်ရေး စတင်ချိန်တွင် မာဒူရို၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ မာဒူရိုရှိနေသည့် တိကျသော နေရာကို ထောက်လှမ်းပေးနိုင်ခဲ့ကြသည်။
စတီဖင် မီလာ (STEPHEN MILLER)
***********************************
သူက ဘယ်သူလဲ - အိမ်ဖြူတော်၏ မူဝါဒဆိုင်ရာ ဒုတိယအရာရှိချုပ် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မီလာသည် ဗင်နီဇွဲလား အပါအဝင် လက်တင်အမေရိကနိုင်ငံများကို အဓိက ပစ်မှတ်ထား သည့် သမ္မတ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်သော အစီအစဉ်များကို ရေးဆွဲခဲ့သူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - မီလာသည် အိမ်ဖြူတော် အနောက်ဘက်ဆောင်၏ ကဏ္ဍအသီးသီးအပေါ် ကြီးမား သော သြဇာအာဏာကို ကျင့်သုံးသူ ဖြစ်သည်။
၎င်း၏ ဦးဆောင်မှုအောက်တွင် အစိုးရအဖွဲ့သည် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးမှုများကို သိသိသာ သာ တိုးမြှင့်ခဲ့ပြီး ပြည်နှင်ဒဏ် ပေးခြင်းဆိုင်ရာ ဥပဒေကြောင်းအရ ကန့်သတ်ချက်များကို အစွမ်းကုန် တွန်းအား ပေးခဲ့သည်။
ယခုအခါ သူသည် နိုင်ငံခြားအစိုးရ တစ်ခုကို ဖယ်ရှားခြင်းဖြစ်စေ သို့မဟုတ် ဂရင်းလန်း (Greenland) ကျွန်းကို လိုအပ်သည့် နည်းလမ်းဖြင့် သိမ်းပိုက်ခြင်းဖြစ်စေ "ကမ္ဘာကြီးကို အင်အားဖြင့်သာ အုပ်ချုပ်သည်" ဟူသော အယူအဆကို ပြတ်ပြတ်သားသား ဖော်ထုတ်ပြောကြားနေသူ ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်
ပိ ဟက်ဆက် (PETE HEGSETH)
****************************
သူက ဘယ်သူလဲ - အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာဒူရိုကို ဗင်နီဇွဲလားနိုင်ငံမှ ဖယ်ရှားခဲ့သည့် စစ်ဆင်ရေး အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်၏ စစ်ဆင်ရေးအားလုံးအတွက် တာဝန်ရှိသူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဟက်ဆက်သည် မကြာသေးမီလများအတွင်း ကာရစ်ဘီယံ ပင်လယ်ပြင်၌ အမေရိကန် စစ်အင်အားကို အလုံးအရင်းဖြင့် တိုးမြှင့်ချထားရန် စီစဉ်ညွှန်ကြားခဲ့သူဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိရသော သင်္ဘောများကို ပြင်းထန်စွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် စစ်အင်အားကို အသုံးပြုပြီး မာဒူရိုကို ဖမ်းဆီးနိုင်ခဲ့သည့် လျှပ်တပြက် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။
လက်ရှိ ဗင်နီဇွဲလား အစိုးရအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက နောက်ထပ် စစ်ရေးအရ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နိုင်သည်ဟူသော "အင်အားသုံး ခြိမ်းခြောက်မှု" ကိုလည်း ဟက်ဆက်က ကိုင်စွဲ ထားသည်။
ခရစ် ရိုက် (CHRIS WRIGHT)
******************************
သူက ဘယ်သူလဲ - အမေရိကန်ပြည်ထောင်စု၏ စွမ်းအင်ဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ဗင်နီဇွဲလား၏ အနာဂတ် ရေနံလုပ်ငန်းနှင့် ကုန်သွယ်ရေး အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်၏ စွမ်းအင်မူဝါဒများအတွက် တာဝန်ရှိသူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဗင်နီဇွဲလား၏ ရေနံကဏ္ဍကို ပြန်လည် တည်ဆောက်မည့် ထရမ့်၏ စီမံကိန်းကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည်။
အမေရိကန်ကုမ္ပဏီဖြစ်သော Chevron အနေဖြင့် ဗင်နီဇွဲလားတွင် လုပ်ငန်းများ ပိုမိုတိုးချဲ့လာမည်ဟု မျှော်လင့်ရ သလို ဗင်နီဇွဲလားတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သည့် ConocoPhillips နှင့် Exxon Mobil တို့လည်း ပြန်လည် ဝင်ရောက်လာလိမ့်မည်ဟု ရိုက်က ပြောကြားခဲ့သည်။
ထို့ပြင် ရိုက်က ဗင်နီဇွဲလားကို တရုတ်နိုင်ငံ၏ လက်ဝေခံနိုင်ငံ ဖြစ်လာရန် အမေရိကန်က ခွင့်ပြုမည် မဟုတ် ကြောင်း၊ သို့သော် တရုတ်နိုင်ငံသို့ ရေနံရောင်းချမှုကိုမူ ဆက်လက် ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ဆောင်းပါး
- Hits: 1056
CNI International Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် ဖုန်းပြောဆိုချိန်က ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခနှင့်ပတ်သက်ပြီး “လမ်းဘေးမတော်တဆမှု” ဟု သုံးနှုန်းပြောဆိုခဲ့သည်။
ထရမ့်သည် နိုဝင်ဘာ ၁၀ ရက်က ထိုင်းပြည်သူများကို ဒေါသထွက် နာကျင်စေခဲ့သည့် ထိုင်းနယ်စပ်အနီးရှိ Huay Santamaria အရပ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံအတွက်မူ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများသည် စစ်သားများ ဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပိုသည်။
၎င်းတို့သည် တစ်စုံတစ်ဦး၏ သား၊ တစ်စုံတစ်ဦး၏ ခင်ပွန်း သို့မဟုတ် တစ်စုံတစ်ဦး၏ ဖခင်ဖြစ်သည်။
ပိုအရေးကြီးသည့် အချက်မှာ ၎င်းတို့သည် ထိုင်းနိုင်ငံ၏ နယ်စပ်ကို ကာကွယ်ရင်း ဒဏ်ရာရခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှေ့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီမှု ယူကြစဉ်
ထို့ကြောင့် ထရမ့်၏ အသုံးအနှုန်းဖြစ်သည့် လမ်းဘေး မတော်တဆမှုဆိုသည့် ပြောကြားချက်သည် မှားယွင်း နေသည်။ အဘယ်ကြောင့်ဆိုသော် မြေမြှုပ်မိုင်းများသည် သူ့အလိုလို ပေါက်ကွဲခြင်းမရှိပေ။
အထက်ဖော်ပြပါ ဖြစ်စဉ်တွင် ကမ္ဘောဒီးယား စစ်သားများက လူများကို ထိခိုက်စေရန် သို့မဟုတ် သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် မြေမြှုပ်မိုင်းများကို ထောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုဖြစ်စဉ်သည် ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။
ယခင်က နယ်စပ်ဒေသတစ်လျှောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ် ၇ ကြိမ်ခန့် ရှိခဲ့သည်ဟု ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) က ပြောကြားခဲ့သည်။
ထိုကဲ့သို့ မြေမြှုပ်မိုင်းများ ပေါက်ကွဲသည့် အကြိမ်တိုင်းတွင် ထိုင်းက ကမ္ဘောဒီးယားကို မြေမြှုပ်မိုင်းများ ဖယ်ရှား ပေးရန် တိုက်တွန်းခဲ့ဖူးသည်။ သို့သော် အခြေအနေမှာ ထူးခြားမလာခဲ့ပေ။
အမှန်တရားကို ပြောရမည်ဆိုပါက ထိုဖြစ်စဉ်များကို မတော်တဆမှုဟု ခေါ်ဆိုခြင်းသည် မိုင်းများကို ရည်ရွယ် ချက်ရှိရှိ ထောင်ထားသည်ဆိုသည့် အချက်ကို မျက်ကွယ်ပြုရာ ရောက်နေသည်။
ထိုင်းနိုင်ငံက ထိုမြေမြှုပ်မိုင်းများ အန္တရာယ်ကို ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း ကမ္ဘောဒီးယားက အရေးတယူ ဖြေရှင်းခြင်းမရှိပေ။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် နှစ်နိုင်ငံနယ်စပ်၌ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကို ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲကြေညာချက်၌ သဘောတူညီမှု ရရှိခဲ့သည်။
ထိုသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သမ္မတ ထရမ့်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) တို့က ပူးတွဲတက်ရောက်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် မည်သည့် တိုးတက်မှုမှ ဖြစ်ထွန်းမလာခဲ့ပေ။
ထရမ့်၏ မှတ်ချက်စကားသည် အဆပေါင်းသန်းချီ ပိုမိုနာကျင်စေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုမှတ်ချက်စကားသည် အမေရိကန်ထံမှ ထွက်လာခြင်းကြောင့်ဖြစ်သည်။
ထိုင်းနှင့် အမေရိကန်သည် နှစ်ပေါင်း ၁၉၀ ကျော်ကြာ မိတ်ဆွေများဖြစ်ခဲ့သည့် အချက်ကို မေ့လျှော့ထား၍ မရပေ။
ထိုင်းသည် ၁၈၃၃ ခုနှစ်က အမေရိကန်နှင့် ဆက်ဆံရေး ထူထောင်ခဲ့သည့် ပထမဆုံး အာရှနိုင်ငံဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ ရှေ့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီကြစဉ်
ထိုင်းနှင့် အမေရိကန်သည် အတူတကွ တိုက်ပွဲဝင်ခြင်း၊ စစ်သားများကို ပူးတွဲလေ့ကျင့်ခြင်းနှင့် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုများ ရှိခဲ့သည်။
ထို့ပြင် ထိုင်းနှင့် အမေရိကန်သည် နှစ်စဉ်နှစ်တိုင်း မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ဒေသတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း ထိုင်းနှင့် အမေရိကန်သည် ဒေသတွင်း အကြီးဆုံး စစ်ရေး လေ့ကျင့်မှုကို ပူးတွဲပြုလုပ်ခဲ့သည်။
မိတ်ဆွေများအဖြစ် အမေရိကန်သမ္မတသည် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်မီ နှစ်ဖက်စလုံးမှ အသံများကို နားထောင်သင့်သည်။
ထိုင်းလူမျိုး အများစုကမူ ထရမ့်သည် ကမ္ဘောဒီးယား၏ အသံကိုသာ နားထောင်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အသံကို နားထောင်ခဲ့ခြင်းမရှိကြောင်း ခံစားနေရသည်။
ထရမ့်သည် ထိုင်းနှင့်ကမ္ဘောဒီးယား ခေါင်းဆောင်များကို ဖုန်းဆက်သွယ် ပြောဆိုခြင်းမပြုမီ နောက်ဆုံးရ အခြေအနေများကို သိရှိနိုင်ရန် ဘန်ကောက် (Bangkok) နှင့် ဖနွမ်ပင် (Phnom Penh) မြို့တော်များသို့ ထိပ်သီး အမေရိကန်ထိပ်သီးအရာရှိတစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုင်းသည် နယ်စပ်လုံခြုံရေး၊ အပစ်အခတ်ရပ်စဲရေး၊ နှစ်နိုင်ငံ စစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို အဖြေရှာရေးတို့ကို လိုလားကြောင်း အနူတင်နှင့် သီဟဆက်တို့က ထပ်တလဲလဲ ပြောကြားခဲ့ သည်။
သို့သော် ငြိမ်းချမ်းရေးရရှိရန် အမှန်တရားအပေါ် အခြေခံရန်လိုအပ်ပြီး မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေ များကို မျက်ကွယ်ပြု၍ မရနိုင်ပေ။
လက်ရှိတွင် ထိုင်းလူမျိုးများက ဖြေဆိုရခက်ခဲသည့် မေးခွန်းများကို မေးလာကြပြီဖြစ်သည်။
ထိုမေးခွန်းများမှာ အမေရိကန်သည် ထိုင်းနိုင်ငံကို တန်းတူညီမျှ မိတ်ဖက်တစ်ဦးအဖြစ် လေးစားဆဲ ရှိ၊ မရှိ ဖြစ်သည်။
အာရှတွင် အမေရိကန်၏ သက်တမ်းအရှည်ဆုံးနှင့် အကြီးမြတ်ဆုံး မဟာမိတ်ဖြစ်သည့် ထိုင်းသည် အမေရိကန် အတွက် အရေး ပါ၊မပါနှင့် ထိုင်းသည် အလွယ်တကူ မေ့လျော့ခံရဖွယ် ရှိ၊မရှိ အစရှိသည့် မေးခွန်းများဖြစ်သည်။
ထိုမေးခွန်းများသည် စိတ်ပျက်မှုများကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး အမုန်းတရားအပေါ် အခြေခံပြီး ထွက်ပေါ် လာသည့် မေးခွန်းများ မဟုတ်ပေ။
အမေရိကန်အနေဖြင့် တင်းမာမှုများ မြင့်တက်သည့် အကြောင်းရင်းများကို ပွင့်လင်းသည့် စိတ်သဘောထားဖြင့် လေ့လာသုံးသပ်လိမ့်မည်ဟု မျှော်လင့်ရသည်။
ထရမ့် အနေဖြင့် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ငြိမ်းချမ်းရေး ဖော်ဆောင်သူ ဖြစ်ချင်မည်ဆိုပါက အသံများကို ပိုမိုနားထောင်ရမည်ဖြစ်သည်။
ထရမ့်အနေဖြင့် မြေပြင်တွင် ဖြစ်ပွားနေသည့် အမှန်တရားကို သိရှိရန် အလွန်အရေးကြီးသည်။
ထို့ကြောင့် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကဲ့သို့ ထရမ့်၏ အလွယ်တကူပြောကြားသည့် စကားလုံးများသည် နှစ်နိုင်ငံဆက်ဆံရေးများကို အဖုအထစ်သာ ဖြစ်လာစေနိုင်မည်ဖြစ်ပေသည်။
Source: Thai PBS World
- By CNI
- Category: အားကစား
- Hits: 747
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ယူနိုက်တက်အသင်းဟာ မွန်တာရေးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာလာခဲ့တဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ရာမို့စ်ကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ရာမို့စ်ဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘဲ အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကလည်း ခံစစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေချိန်မှာ ရာမို့စ်ဟာ သူတို့ရဲ့ ရွေးချယ်စရာအဖြစ် ရှိနေတယ်လို့ အခုအပတ် အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းမှာ ဖော်ပြထားတာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အသက်အရွယ် ရနေပြီဖြစ်တဲ့ နာမည်ကြီး ကစားသမား တွေကို ခေါ်ယူခဲ့ပေမယ့် ရလဒ်တွေက ကောင်းမွန်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

ရာမို့စ်ကို တွေ့ရစဉ်
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ လူငယ် ကစားသမားတွေကိုသာ ခေါ်ယူဖို့ အာရုံစိုက်နေတာပါ။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ဇန်နဝါရီမှာ ကွင်းလယ်နဲ့ တောင်ပံ နောက်ခံလူတို့ကို အသင်းလူ စာရင်းထဲ အားဖြည့်ဖို့ စိတ်ဝင်စားနေပါတယ်။
ဘာလီဘာ၊ ဝါတန်၊ အန်ဒါဆန်နဲ့ ဂယ်လာဂါတို့ဟာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ပစ်မှတ်အဖြစ် ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို ဇက်ခ်ဇီ၊ ကိုဘီမေနူး တို့ အပါအဝင် ကစားသမားအချို့ကို ထွက်ခွာခွင့် ပေးရဖွယ်ရှိနေပါတယ်။
ကိုဘီမေနူးကို ခေါ်ယူဖို့ နာပိုလီအသင်းက စိတ်ဝင်စားနေပြီး ဇက်ခ်ဇီကို ရိုးမားအသင်းက ခေါ်ယူချင်နေတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: ဆောင်းပါး
- Hits: 869
CNI International Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေး အားပြိုင်မှုများကို မကြာခဏ ကြုံတွေ့ရလေ့ ရှိသော်လည်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် နိုင်ငံရေး အကျပ်အတည်းသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) သေဒဏ် ချမှတ်ခံခဲ့ရသည်။ ၎င်း၏ Awami League ပါတီလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။
လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သက်တမ်းရင့် နိုင်ငံရေး အင်အားစုများသည် နိုင်ငံရေးစင်မြင့်ထက်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ထိုဖြစ်စဉ်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သာမန် အစိုးရအဖွဲ့ အပြောင်းအလဲ တစ်ခုထက်ပိုသည့် အခင်းအကျင်း နှင့် ရင်ဆိုင်နေရသည်ကို ပြသနေခြင်းဖြစ်သည်။
နိုင်ငံရေးအင်စတီကျူးရှင်းများ အားနည်းလာချိန်တွင် ထိုကဲ့သို့ ပရမ်းပတာ အခြေအနေများသည် ဘူးပေါ်သလို ပေါ်လာခြင်း ဖြစ်သည်။
အာဏာနှင့် တာဝန်ခံမှုကြား ဟန်ချက်ညီမှု ကျိုးပျက်သွားချိန်တွင် နိုင်ငံရေးစနစ်သည်လည်း လျင်မြန်စွာ ယုတ်လျော့သွားပုံကို ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်က သက်သေပြရာ ရောက်နေသည်။
ဟာဆီနာ ကျဆုံးမှုသည် ၎င်း၏ အုပ်ချုပ်မှု တစ်ခုတည်းသာ အဆုံးသတ်ခြင်း မဟုတ်ဘဲ အလွန်ခိုင်မာသည့် ဗဟိုက ချုပ်ကိုင်ထားသော အချုပ်အခြာ အာဏာအပေါ်တွင် တည်ဆောက်ထားသည့် စနစ်တစ်ခုလည်း ပြိုလဲသွားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးကို Awami League ပါတီက ဆယ်စုနှစ် တစ်စုကျော်ကြာ ဝန်းရံထားခဲ့ပြီး ထိုပါတီသည် ဗျူရိုကရေစီစနစ်၊ ရဲတပ်ဖွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်များကို ထိန်းချုပ်ထားသည်။
ဟာဆီနာကို ဆန့်ကျင်သူများက ဟာဆီနာ၏ အစိုးရသည် လွတ်လပ်ခွင့်ကို ကန့်သတ်ထားသည်ဟု ဝေဖန်ကြ သည်။ ထောက်ခံသူများကမူ ဟာဆီနာ၏ အစိုးရသည် တည်ငြိမ်မှုနှင့် စီးပွားရေး တိုးတက်မှုကို ယူဆောင်လာ ပေးသည်ဟု ဆိုကြသည်။
ထိုယူဆချက် နှစ်ခုစလုံးတွင် အမှန်တရားအချို့ ပါဝင်နေသည်။
သို့သော် ပိုပြီးအရေးကြီးသည့် မေးခွန်းတစ်ခုရှိသည်။ ထိုမေးခွန်းမှာ နှစ်ပေါင်းများစွာကြာ လွှမ်းမိုးထားသော နိုင်ငံရေး အင်အားစုတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားချိန်တွင် မည်သည့် အရာများ ဖြစ်ပျက်လာနိုင် သနည်းဆိုသည့် မေးခွန်းဖြစ်သည်။

ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့သော ဆန္ဒပြ လူငယ်တွေကို တွေ့ရစဉ်
ထိုမေးခွန်းကို မကြာသေးမီ လများအတွင်းက ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များက အဖြေပေးနိုင်ခဲ့သည်။
အင်စတီကျူးရှင်းများသည် ၎င်းတို့ဘာသာ အလိုအလျောက် ပြန်လည် တည်ဆောက်နိုင်ခြင်းမရှိဘဲ ဦးဆောင် နိုင်မည့် အင်အားစုကို လိုအပ်နေသည်။
Awami League ပါတီ ကျဆုံးခြင်းက နိုင်ငံရေးနယ်ပယ် မည်မျှကျဉ်းမြောင်းလာသည်ကို ပြသခဲ့သည်။
ဒီမိုကရေစီခိုင်မာသည့် နိုင်ငံများတွင် အင်အားကြီး နိုင်ငံရေးပါတီများက စနစ်ကို တည်ငြိမ်စေရန် ကူညီပေးသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးသည် Awami League ပါတီတစ်ခုနှင့် ဟာဆီနာ တစ်ဦးတည်း အပေါ်တွင် သာ အများအားဖြင့် မူတည်ခဲ့သည်။
ထိုဖွဲ့စည်းပုံ ဖယ်ရှားခံလိုက်ရချိန်တွင် အရေးပေါ် အစီအစဉ်တစ်ခု မရှိတော့ဘဲ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့သည်။
တစ်ချိန်က ဟာဆီနာ၏ အာဏာပိုင် အဖွဲ့အစည်းကို လိုက်နာခဲ့သည့် အစိုးရဌာနများသည် ယခုအခါ မည်သူ၏ ဦးဆောင်မှုနောက်သို့ လိုက်ရမှန်းမသိ ဖြစ်လာခဲ့သည်။
အရပ်ဘက်လူ့အဖွဲ့အစည်းတွင် လွတ်လပ်ခွင့် ပိုမိုရှိသော်လည်း ဦးတည်ချက်မရှိပေ။
အရေးအကြီးဆုံး အချက်မှာ နိုင်ငံရေး လေဟာနယ် ဖြစ်သွားချိန်တွင် အခွင့်အလမ်းကို စောင့်နေကြသည့် အခြား အင်အားစုများအတွက် နေရာလွတ်များကို ဖွင့်ပေးရာရောက်ခဲ့သည်။

ရှိတ်ဟာဆီနာကို တွေ့ရစဉ်
အခြေခံဥပဒေယိမ်းယိုင်ခြင်းနှင့် သဘောထား တင်းမာသည့် အင်အားစုများ ခေါင်းထောင်လာခြင်း
*****************************************************************************************
တစ်ချိန်က ဘေးဖယ်ခံထားရသည့် အင်အားစုများသည် ယခုအခါတွင် သက်ဝင်လှုပ်ရှားလာခဲ့ကြသည်။
Jamaat-e-Islami ပါတီနှင့် ၎င်းပါတီ၏ ကျောင်းသားအဖွဲ့ဖြစ်သည့် Islami Chhatra Shibir အဖွဲ့တို့သည် ဟာဆီနာ ပြုတ်ကျခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်း လျင်မြန်စွာ အင်အားကောင်းလာခဲ့သည်။
၎င်းတို့ အင်အားစုသည် စစ်တကောင်း (Chittagong) ၊ ရာ့ဂျ်ရှဟီ (Rajshahi) နှင့် (Sylhet) မြို့များတွင် ထောက်ခံမှုများ အခိုင်အမာ ရရှိထားသည်။
Jamaat-e-Islami ပါတီနှင့် Islami Chhatra Shibir အဖွဲ့တို့က ၎င်းတို့ကိုယ်ကိုယ် အစ္စလာမ်မစ် ဖွဲ့စည်းပုံနှင့် တရားမျှတမှုတို့ကို ကာကွယ်သူများအဖြစ် ပုံဖော်ခဲ့ကြသည်။
Hefazat-e-Islam နှင့် အခြား ဘာသာရေး ကွန်ရက်များကဲ့သို့ အင်အားစုများသည်လည်း ဩဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့သည်။
ထိုအင်အားစုများသည် အင်အားကြီး ပါတီများ မရှိသည့် နိုင်ငံရေး ဟာကွက်များတွင် အဖြည့်ခံ အင်အားစုအဖြစ် ပါဝင်လာကြသည်။
အင်စတီကျူးရှင်း ပြိုလဲသည့် အခိုက်အတန့်အတွင်း သဘောထား တင်းမာသည့် အင်အားစုများသည် ခိုင်မာ အားကောင်းလာကြသည်။
၎င်းတို့သည် လျှင်မြန်စွာ ဖွဲ့စည်းနိုင်ပြီး လူထုကို တိကျပြတ်သားသည့် မက်ဆေ့ချ်များ ဖြန့်နိုင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေ မဲထည့်ဖို့လုပ်နေကြစဉ်
ထိုအင်အားစုများသည် တရားဝင် အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များထက် ဗလီများနှင့် ချိတ်ဆက်ထားသည့် ကွန်ရက်များ၊ ဒေသခံ အဖွဲ့အစည်းများကို အသုံးပြုပြီး လည်ပတ်နေကြသည်။
၎င်းတို့၏ လုပ်ဆောင်ချက်များသည် လူထုကို ဆွဲဆောင်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူထုကို ကိုယ်စားပြုနေပြီး တစ်ချိန်တည်းမှာပင် အခြားနိုင်ငံရေး ပလက်ဖောင်းများက အားနည်းနေခြင်းကြောင့် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက် ယူနွတ် (Muhammad Yunus) လက်ထက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းသည် နိုင်ငံရေး အခင်းအကျင်းကို ပုံမှန်ပြန်ထိန်း သိမ်းရန် ရည်ရွယ်ခဲ့သည်။
သို့သော် Awami League ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခြင်းသည် မဲဆန္ဒနယ်များတွင် နေရာလွတ်များကို ဖြစ်ပေါ်စေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် တောရောမြို့ပါ မကျန် ခိုင်မာစွာ အမြစ်တွယ်နေသည့် အင်အားအကြီးဆုံး Awami League ပါတီမပါဘဲ ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် ယှဉ်ပြိုင်မှုကို မတည်မငြိမ် ဖြစ်စေမည်ဖြစ်သည်။
လက်ရှိတွင် အင်အားနည်းသော်လည်း စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံရေး အင်အားစုများသည် လူထု၏ ဆွေးနွေးပွဲ စကားဝိုင်းများကို လွှမ်းမိုးထားသည်။
ထိုအခြေအနေများအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိသည်ဟု ထင်ရသော်လည်း စစ်မှန်သည့် နိုင်ငံရေး ယှဉ်ပြိုင်မှုကို ထင်ဟပ်စေမည် မဟုတ်ပေ။
သို့သော် လက်ရှိတွင် စည်းကမ်း တင်းကျပ်သည့် အယူဝါဒ အုပ်စုများသည် ခေါင်းထောင်လာသည်ကို ငြင်းနိုင် မည်မဟုတ်ပေ။
Jamaat-e-Islami ပါတီနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများသည် ယခင်က ပိတ်ထားခဲ့သည့် ရုံးခန်းအဟောင်း များကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။
Islami Chhatra Shibir ကျောင်းသား အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာ တက္ကသိုလ်များတွင် ပြန်လည်လှုပ်ရှား လာကြသည်။
အင်အားနည်းသည့် အစ္စလာမ်မစ် အုပ်စုများကလည်း မဟာမိတ်များဖွဲ့လာကြသည်။
ထိုအခြေအနေများက ယခင်က အခြေတည်ခဲ့သည့် နိုင်ငံရေးစနစ် ဗဟိုချက်သည် ပြိုလဲသွားပြီး နိုင်ငံရေး လေဟာ နယ်တွင် မူဝါဒများကို ကျယ်ကျယ်လောင်လောင် ပြောဆိုပြီး စနစ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့များက နေရာ ဝင်ယူလာသည့် လက္ခဏာများဖြစ်သည်။

ရှိတ်ဟာဆီနာနဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် ယူနွတ်ကို တွေ့ရစဉ်
ရွေးကောက်ပွဲ ကျင်းပရေးသာမဟုတ်ဘဲ ဒီမိုကရေစီကိုပါ ပြန်လည်တည်ဆောက်ရေး
**************************************************************************
ယခင်အစိုးရအဖွဲ့သည် ကြီးမားသည့် အမှားများကို လုပ်ခဲ့သည်။ ကျောင်းသားများ၏ ဆန္ဒပြမှုကို အင်အားသုံး ဖြိုခွင်းခဲ့သည်။ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့သည်။ နိုင်ငံရေး ပြိုင်ဘက်များကို အာဏာသုံးပြီး နှိပ်ကွပ်ခဲ့သည်။
ထိုလုပ်ရပ်များက နိုင်ငံရေးစနစ်ကို ထိခိုက်စေခဲ့သည်။
သို့သော် Awami League ပါတီကို ချက်ချင်း ဖယ်ထုတ်ခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်းတော့ မဟုတ်ပေ။
နိုင်ငံရေးစနစ်သည် ယှဉ်ပြိုင်မှုရှိနေချိန်မှသာ အင်စတီးကျူးရှင်းများသည် တည်ငြိမ်နေမည်ဖြစ်သည်။
Awami League ပါတီကို ဖယ်ထုတ်ခြင်းဖြင့် နိုင်ငံရေးစနစ်သည် အကြမ်းဖက်မှုများ၊ အစွန်ရောက်မှုများနှင့် ဆက်နွှယ်မှု ရှိခဲ့သည့် အင်အားစုများကို မရည်ရွယ်ဘဲ အင်အားတောင့်တင်း သွားစေနိုင်သည်။
ဘင်္ဂလားဒေ့ရှ်၏ စိန်ခေါ်မှုမှာ အုပ်ချုပ်သူကို ပြောင်းလဲခြင်းတစ်ခုသာ မဟုတ်ပေ။
စစ်မှန်သည့် စိန်ခေါ်မှုမှာ တရားမျှတသော နိုင်ငံရေးပြိုင်ဆိုင်မှုကို ပြန်လည်ထူထောင်ရန်ဖြစ်သည်။
အပေါ်ယံ သုံးသပ်ကြည့်ပါက မှန်ကန်ပုံရသော်လည်း စစ်မှန်သည့် ပြိုင်ဆိုင်မှုမရှိသော ရွေးကောက်ပွဲများသည် အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။
အဓိက ပါတီများ မပါဝင်သော၊ ဟန်ချက်ညီသော အသံများ မပါဝင်သော၊ အားနည်းသော အင်စတီကျူးရှင်များသာ ပါဝင်သော စနစ်တစ်ခုသည် တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။
ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များထက် အရေးကြီးသည့် အချက်များရှိသည်။
နိုင်ငံသားများ အနေဖြင့် စည်းမျဉ်းများသည် တသမတ်တည်း ရှိနေမည်ဟု ယုံကြည်ရမည်ဖြစ်သည်။
ပါတီများအနေဖြင့် အင်စတီးကျူးရှင်းများသည် ကြားနေဖြစ်ကြောင်း ယုံကြည်ရမည်။
တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ အနေဖြင့် ၎င်းတို့၏ သစ္စာစောင့်သိမှုသည် ခေါင်းဆောင် တစ်ဦးတည်းအပေါ် မဟုတ် ဘဲ စနစ်အပေါ်တွင်ဖြစ်ကြောင်း နားလည်ရမည်ဖြစ်သည်။
လက်ရှိ အကျပ်အတည်းအရ အင်စတီးကျူးရှင်းများသည် စည်းမျဉ်းများထက် ပုဂ္ဂိုလ်ရေးနောက်ကို လိုက်နေ ကြောင်း ပြသနေသည်။
ထိုပုဂ္ဂိုလ်များ ရုတ်တရက် မရှိတော့ချိန်တွင် အင်စတီကျူးရှင်းများ ပြိုလွဲသွားမည်ဖြစ်သည်။
တရားရုံးများ၊ အစိုးရ အေဂျင်စီများ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့များသည် မရေရာသည့် အခြေအနေကို ရင်ဆိုင် နေရသည်။ ထို့ကြောင့် တည်ငြိမ်မှုပျက်ယွင်းသွားရခြင်းဖြစ်သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သမိုင်းဝင် အလှည့်အပြောင်း ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
နောက်တက်လာမည့် အစိုးရအဖွဲ့သစ်၏ ဆုံးဖြတ်ချက်များသည် နောက်ထပ် နှစ်ပေါင်းများစွာ ကြာသည်အထိ နိုင်ငံရေးကို ပုံဖော်ပေးသွားမည်ဖြစ်သည်။
အာဏာပိုင်များ အနေဖြင့် တရားမျှတသည့် နိုင်ငံရေးကို ပြန်လည်ထူထောင်ရမည်ဖြစ်သည်။
ပါတီတိုင်းသည် ယှဉ်ပြိုင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး အစွန်းရောက်များ၏ အသံများကို စည်းမျဉ်းများနှင့် ထိန်းချုပ်ရ မည်ဖြစ်သည်။
အင်စတီကျူးရှင်းများအနေဖြင့်လည်း ဘက်မလိုက်ဘဲ တသမတ်တည်း ရှိရမည်ဖြစ်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 1158
CNI International Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉
အမေရိကန်သည် လာမည့် ရက်ပိုင်းအတွင်း ဗင်နီဇွဲလားနှင့် ဆက်နွှယ်နေသည့် စစ်ဆင်ရေးများကို နောက်ထပ် အဆင့်သစ်တစ်ခု စတင်တော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ရိုက်တာသတင်းအေဂျင်စီ၏ သတင်း တစ်ရပ်၌ ဖော်ပြခဲ့သည်။
ရိုက်တာသည် အမည်မဖော်လိုသည့် အမေရိကန် အရာရှိလေးဦးကို ကိုးကားပြီး ထိုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုအရာရှိ ၄ ဦးအနက် ၂ ဦးက ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) ကို ဆန့်ကျင်သည့် အစီအစဉ်တွင် လျှို့ဝှက်စစ်ဆင်ရေးများသည် ပထမအဆင့် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထိုသတင်းသည် လွန်ခဲ့သည့် ၁ လကျော်က ဗင်နီဇွဲလားတွင် လျှို့ဝှက်စစ်ဆင်ရေးများ ပြုလုပ်ရန် ဗဟိုထောက် လှမ်းရေး အေဂျင်စီ (CIA) ကို ညွှန်ကြားထားသည်ဟု ပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကြေညာချက် အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ အမေရိကန်သည် မူးယစ်-အကြေမ်းဖက်မှုကို တိုက်ဖျက်ရန်ဆိုသည့် ကြေညာချက်ဖြင့် ကာရစ်ဘီယံဒေသတွင် စစ်အင်အား အလုံးအရင်း ဖြန့်ကြက်ချထားခဲ့သဖြင့် CIA ၏ စစ်ဆင်ရေး အစီအစဉ်ကို အများစုက ခန့်မှန်းသိရှိခဲ့ပြီးဖြစ်သည်။
စက်တင်ဘာလ အစောပိုင်းကတည်းက ထရမ့်သည် ကာရစ်ဘီယံ ပင်လယ်ပြင်၌ မူးယစ်ဆေးဝါး မှောင်ခိုကူးသည် ဟု ယူဆရသည့် သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။

အမေရိကန် လေယာဉ်အုပ်စုကို တွေ့ရစဉ်
ထိုလုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေနှင့် အမေရိကန်၏ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှု များသည် ဒေသခံ ငါးဖမ်းသမားများကိုသာ ထိခိုက်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်သည် ၎င်း၏ စစ်ရေး လုပ်ဆောင်ချက်များကို တရားမျှတကြောင်း ပြသနိုင်ရန်နှင့် နိုင်ငံရေး ထိန်းချုပ် မှုကို ပိုမိုခိုင်မာစေရန် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို အကြောင်းပြပြီး လုပ်ဆောင်ခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ ဖူးသည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
ထို့ပြင် CIA သည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ပတ်သက် ဆက်နွှယ်မှုရှိနေကြောင်း The New York Times သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် The CIA Drug Connection Is as Old as the Agency ဟူသည့် ဆောင်းပါးဖြင့် ဖော်ပြထားသည်။
ထရမ့်က သူသည် ပြည်ပနိုင်ငံများတွင် စစ်ပွဲဆင်နွှဲမည် မဟုတ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သည်။
သို့သော် သူသည် အာဏာရလာခဲ့ပြီးနောက် အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး လက်ရှိတွင် ဗင်နီဇွဲလားတွင် လည်း နောက်ထပ် ပဋိပက္ခတစ်ခုကို စတင်ရန် ပြင်ဆင်နေပုံပေါ်သည်။
အမေရိကန်သည် မာဒူရိုအား ပစ်မှတ်ထားနေသည့် အကြောင်းပြချက်မှာ ကျိုးကြောင်းခိုင်လုံမှု အားနည်းသည်။
အမေရိကန်တွင် ဖြစ်ပွားနေသည့် ဖန်တနိုင်းလ် မူးယစ်ဆေးဝါး ပြဿနာအတွက် ထရမ့်အစိုးရအဖွဲ့က မာဒူရိုကို အပြစ်ပုံချသည်။
သို့သော် ဗင်နီဇွဲလားနိုင်ငံတွင် ဖန်တနိုင်းလ် မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း မရှိပေ။
ဗင်နီဇွဲလား မူးယစ်မှောင်ခိုဂိုဏ်းများသည် ကိုကင်း အများစုကို ဥရောပသို့ တင်ပို့နေခြင်းဖြစ်ပြီး အမေရိကန်ကို ဖန်တနိုင်းလ်များ တင်ပို့ခြင်းမရှိကြောင်း NBC News အပါအဝင် အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
သို့သော် နိုဝင်ဘာ ၁၃ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) က ဗင်နီဇွဲလား နိုင်ငံအနီးတွင် အမေရိကန်၏ စစ်အင်အား တိုးမြှင့်မှုသည် မိမိတို့၏ အမိမြေကို ကာကွယ်ရန်နှင့် မူးယစ်-အကြမ်း ဖက်မှုကို တိုက်ဖျက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် ဆင်းရဲချို့တဲ့သည့် အမေရိကန်နိုင်ငံသားများကို အစား အစာ ထောက်ပံ့မှုများ လျှော့ချမည်ဟု ပြောကြားခဲ့သည့် ထရမ့်အစိုးရအဖွဲ့၏ ကာကွယ်ရေးဝန်ကြီးတစ်ဦးက အမိမြေ ကာကွယ်ရေးဆိုသည့် မှတ်ချက်စကားကို ပြောကြားခဲ့ခြင်းသည် ရှေ့၊နောက် ညီညွတ်မှု ရှိမနေပေ။
ထို့ပြင် အမေရိကန်အစိုးရသည် နိုင်ငံအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်တိုင် သေနတ်ကိုင် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးအတွက် ရန်ပုံငွေကို လျှော့ချဖြတ်တောက်ခဲ့သည်။
ထို့ကြောင့် ပြည်တွင်း ပြဿနာများကို ဖြေရှင်းခြင်းထက် မာဒူရိုကို အပြစ်ပုံချခြင်းသည် ပိုမိုလွယ်ကူနေသည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
မာဒူရိုသည် ယခင်သမ္မတ ဟူဂိုချာဗက်ဇ် (Hugo Chávez) ကဲ့သို့ အမေရိကန် ခေါင်းဆောင်များကို မျက်စိစပါးမွေး စူးစေသူဖြစ်သည်။
လက်ရှိတွင် အမေရိကန်က မာဒူရိုအား မူးယစ် အကြမ်းဖက် သမားတစ်ဦးအဖြစ် တံဆိပ်ကပ်ရန် ကြိုးပမ်းနေကြ သည်။
ဗင်နီဇွဲလားတွင် အမေရိကန်၏ လှုပ်ရှားမှု အစီအစဉ်များအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို လည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည်။
ရူဘီယိုသည် ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်သည့် လက်ယာယိမ်း ဗင်နီဇွဲလား နိုင်ငံသားများနှင့် ကျူးဘား ပြည်ပြေးများ အများအပြား နေထိုင်နေသည့် ဖလော်ရီဒါတွင် နိုင်ငံရေးထောက်ခံမှုကို ပိုမိုရရှိရန် ကြိုးပမ်းနေ ဖွယ်ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
မာဒူရိုကို ဖြုတ်ချမှုသည် အောင်မြင်ခဲ့မည်ဆိုပါက ရူဘီယိုသည် အမေရိကန်ရှိ မာဒူရို ဆန့်ကျင်သည့် ဗင်နီဇွဲလား နိုင်ငံသားများ၏ ထောက်ခံမှုကို ပိုမိုရရှိပြီး နိုင်ငံရေး အမြတ်ထွက်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
ထို့ပြင် အမေရိကန်သည် စိတ်ဓာတ်စစ်ဆင်ရေး အနေဖြင့် ဗင်နီဇွဲလား၏ ကာရာကက်စ် (Caracas) မြို့တော်ပေါ် သို့ ဝါဒဖြန့် စာစောင်များ ကြဲချရန် စီစဉ်ခဲ့သည်ဟုလည်း The Washington Post သတင်းစာက ဖော်ပြခဲ့သည်။
ထရမ့် အစိုးရအဖွဲ့ အနေဖြင့် ၎င်းတို့၏ အစီအစဉ်များကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက မတည်ငြိမ်မှုသာ ဖြစ်လာနိုင်ခြေရှိသည်။
ထို့ပြင် ထိုလုပ်ဆောင်ချက်များသည် အမေရိကန်ကို ပိုမိုဘေးကင်းလုံခြုံ စေမည်မဟုတ်ဘဲ ဗင်နီဇွဲလား ပြည်သူများ အတွက်လည်း ကောင်းကျိုးရှိလိမ့်မည် မဟုတ်ပေ။
Source: Al Jazeera
- By CNI
- Category: ဆောင်းပါး
- Hits: 1312
CNI Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သည် တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ နယ်မြေအဖြစ် ၂၀၂၁ ခုနှစ်နောက်ပိုင်း ထင်ရှားလာခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သည် ၂၀၂၀ ပြည့်နှစ် ရှေ့ပိုင်း ကာလများတွင် တည်ငြိမ် အေးချမ်းလှပြီး တော်လှန်သူများ (ဝါ) သူပုန်များ မကြီးစိုးနိုင်သော နယ်မြေဖြစ် ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ တော်လှန်သူများ (ဝါ) သူပုန်များ အဖွဲ့အစည်းပေါင်း မရေအတွက်နိုင် လောက်အောင်ကို ပေါ်ပေါက်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများအထိ စစ်မီးများ တောက်လောင်လာခဲ့ကာ လူပေါင်း သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်၍ စစ်ဘေးရှောင်နေကြရသည်။
ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ မလုပ်နိုင်တော့သလို ကုန်စည် စီးဆင်းမှုများလည်း ပြတ်တောက်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကုန်စည်ရှားပါးမှု ဒဏ်များ ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မှတ်ပုံတင် ၅/ ကိုင်ဆောင်သူများနှင့် ချင်းပြည်နယ် ၄/ ကိုင်ဆောင်သူများသည် တခြားသော ဒေသများကို သွားရောက်သည့်အခါမှာ စစ်ဆေးမေးမြန်းမှု တင်းကြပ်ခံရမှုများကိုလည်း ရင်ဆိုင် လာကြရသည်။
အဆိုပါ အခြေအနေများသည် အနောက်မြောက်ဒေသ တစ်လျှောက် မတည်ငြိမ်မှုများနှင့် စစ်ပွဲများကြောင့် ဖြစ်သည်။

လက်နက်ကိုင် အင်အားစုများ ထိန်းချုပ်ထားသော မြို့များကို ပြသထားစဉ်
ထိုစစ်ပွဲများ ချုပ်ငြိမ်းရေးနှင့် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်တိုင်းသည် အဓိက တာဝန်ရှိသည်။ ထို့ကြောင့် နမခစစ်တိုင်းသည် တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ အနောက်မြောက်ဒေသ တည်ငြိမ်အေးချမ်းရေး မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမလဲဆိုသော ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်း ရမည်ဖြစ်သည်။
ဤပုစ္ဆာကို မဖြေရှင်းနိုင်ခြင်းနှင့် အခွင့်ရေးယူကာ ငွေရှာခြင်းကို ပြုလုပ်သည့်အတွက် နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး ရာထူးမှ အနားပေးခံလိုက်ရသည်။ ဗိုလ်မှူးချုပ် မျိုးမင်းထွေး မရှိတော့သည့် နောက်မှာတော့ နမခတိုင်းမှူး အဖြစ် ဗိုလ်ချုပ်ကျော်သူရက တာဝန်ယူလာခဲ့သည်။
ထို့ကြောင့် နမခတိုင်းမှူး ဗိုလ်ချုပ်ကျော်သူရသည် အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်အတွင်းက စစ်ပွဲများ ချုပ်ငြိမ်းရေးနှင့် နယ်မြေတည်ငြိမ်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်ရမည့် အခြေ အနေမှာ ရှိနေနိုင်ပါသည်။
နမခစစ်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက သူပုန်များ ထိန်းချုပ်ထားသည့် အင်းတော်မြို့၊ ဗန်းမောက် မြို့၊ ပင်လည်ဘူးမြို့၊ ရွှေပြည်အေးမြို့၊ ဖောင်းပြင်မြို့၊ ခမ်းပတ်မြို့ တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သလို မုံရွာ-မန္တလေးလမ်းမကြီး၊ ရွှေဘို-မန္တလေးလမ်းမကြီး၊ မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းမကြီး ထိန်းချုပ်နိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်ရမည့် အခြေအနေမှာ ရှိနေသည်။
ထို့နောက် တမူး-ခမ်းပတ်-မုံရွာ ယာကြီးလမ်းနှင့် ဟိမန္တာလမ်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနိုင်သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ချင်းပြည်နယ်သို့ ဝင်ပေါက် နယ်မြေများကို ထိန်းချုပ်နိုင်မည်ဆိုလျှင် ချင်းပြည်နယ်အတွင်းက တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ နယ်မြေများကို ဆက်လက် ထိုးစစ်ဆင်နိုင် မည်ဟု တွေးကာ ကြိုးပမ်းလာနိုင်သည်။
သို့သော် နမခစစ်တိုင်းသည် အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းက တော်လှန်သူများ (ဝါ) သူပုန်များကို ထိုးစစ်ဆင်ဖို့ရန် အင်အား အလုံအလောက်ရှိပါ့မလား၊ အင်အား အလုံ အလောက်မရှိရင် ဘယ်လို အင်အားစုစည်းမလဲ၊ မည်သည့် အင်အားစုများကို မိတ်ဖွဲ့၍ အင်အားစုစည်းမလဲ ဆိုသည်မှာလည်း စဉ်းစားရန် လိုအပ်သည့် အချက်ဖြစ်လာနိုင်သည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟန် ရှီရမ်ဆန်း(NSCN-IM/HS)နှင့် ကသည်း လက်နက်ကိုင်များသည် ကြားနေအဖြစ် ရပ်တည်လျက်ရှိသည်။
ကူကီးအမျိုးသားများတပ်မတော်(KNA/KNO)၊ အရှေ့နာဂအမျိုးသားများအဖွဲ့အစည်း(ENNO/ENDA)၊ နာဂ PDF၊ ဟုမ္မလင်း- ခန္တီး- ဖောင်းပြင်- မော်လိုက်- တမူး- ကလေး- မင်းကင်- ကသာ- အင်းတော်- ဗန်းမောက်- ရွှေဘို- မုံရွာ- ယင်းမာပင်- ပုလဲ- ဝက်လက်- ထီးချိုင့်- ခမ်းပတ် စသည့် မြို့နယ်များမှ PDF များ စသည့် လက်နက်ကိုင် အင်အား စုများသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်အောက်ခံ သို့မဟုတ် မဟာမိတ်အဖြစ် ရပ်တည်ကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
အလားတူ အာရက္ခတပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
ချင်းပြည်နယ်အတွင်းမှာတော့ ဇိုမီးအမျိုးသားတော်လှန်ရေးတပ်မတော်(ZRA/ZRO)နှင့် ကသည်း လက်နက်ကိုင် များသည် ကြားနေအဖြစ် ရပ်တည်လျက်ရှိပြီး CNF၊ AA အပါအဝင် ချင်းမျိုးနွယ်စု PDF များကတော့ မြန်မာ့တပ် မတော်ကို တိုက်ခိုက်လျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
ထိုသို့ များပြားလှသော တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ နယ်မြေ အနောက်မြောက်ဒေသကို နမခစစ် တိုင်းက တည်ငြိမ်အောင် သို့မဟုတ် စစ်ပွဲများ ချုပ်ငြိမ်းအောင် လုပ်နိုင်ဖို့ရန် ခက်ခဲလှသလို ဖြေရှင်းရန်လည်း ခက်ခဲလှသော ပုစ္ဆာတစ်ပုဒ် ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သည် ၂၀၂၀ ပြည့်နှစ် ရှေ့ပိုင်းက အခြေအနေမျိုးထိ ပြန်လည်ရောက်ရှိရန်မှာတော့ မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီရှိနေခြင်းကြောင့် ဖြစ်သလို အားလုံးကို လက်နက်ဖြုတ်သိမ်းနိုင် သည့် အခြေအနေမရှိခြင်းကြောင့် ဖြစ်သည်။
အဆိုပါ အခြေအနေကို နမခစစ်တိုင်းသည် ရွေးကောက်ပွဲအလွန်မှာလည်း ဖြေရှင်းနိုင်ရန် အခက်အခဲများ ရှိနေ နိုင်ပါသည်။
ထို့ကြောင့် နမခစစ်တိုင်း ဖြေရှင်းရမည့် ပုစ္ဆာသည် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလတွင် အဖြေထွက်နိုင်မလားဆိုသည်ကိုတော့ စောင့်ကြည့်ရပေတော့မည် သို့မဟုတ်ပါက နမခစစ်တိုင်းအတွက် ဦးနှောက်ခြောက်စရာ ပုစ္ဆာအဖြစ် ရှိနေနိုင်သည်။
- By CNI
- Category: ဆောင်းပါး
- Hits: 1146
CNI International Article
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၂၂
အမေရိကန်သည် ဆော်ဒီအာရေဗျနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဆော်ဒီသည် အမေရိကန်နှင့် တရားဝင် ကာကွယ်ရေးစာချုပ်ချုပ်ဆိုသည့် တစ်ခုတည်းသော် အာရပ်နိုင်ငံဖြစ်လာခဲ့သည်။
ထိုစာချုပ်သည် အမေရိကန်၏ ရေရှည် လုံခြုံရေး ကတိကဝတ်တစ်ခု ဖြစ်လာမည်ဖြစ်သော်လည်း နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများကမူ ထိုစာချုပ် ချုပ်ဆိုမှုကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ကြကာ အမေရိကန်မဲဆန္ဒရှင် အများစုကလည်း ထောက်ခံခဲ့ခြင်းမရှိပေ။
သို့သော် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒ ချမှတ်သည့် ခေါင်းဆောင်များက အမေရိကန်သည် အရှေ့ အလယ်ပိုင်းဒေသတွင် အဓိက စစ်အင်အားကြီး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သင့်သည်ဟု ထင်မြင်ယူဆနေဆဲ ဖြစ်သည်။
၎င်းတို့၏ အယူအဆသည် ခေတ်မမီတော့ဘဲ အမေရိကန်၏ အကျိုးစီးပွားများအတွက်လည်း အထောက်အကူ မဖြစ်တော့သည့် အချက်ကို မေ့လျော့နေကြဖွယ်ရှိသည်။
ဆော်ဒီနှင့် ချုပ်ဆိုသည့် စာချုပ်ကို ထောက်ခံသူ အချို့ကမူ အမေရိကန်သည် အီရန်ကို တန်ပြန်ရန်၊ တရုတ်၏ သြဇာလွှမ်းမိုးမှုကို ရပ်တန့်ရန်၊ ဆော်ဒီနှင့် အစ္စရေးကြား ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ရေးကို ကူညီပေး ရန် ထိုစာချုပ်ကို လိုအပ်ကြောင်း ပြောကြားနေကြသည်။
ထိုအကြောင်းပြချက်များသည် လက်တွေ့တွင် စစ်မှန်မှုမရှိပေ။
အီရန် အရေးနှင့်ပတ်သက်ပြီး သုံးသပ်ရမည်ဆိုပါက ဆော်ဒီနှင့် အီရန်ကြား အားပြိုင်မှုသည် ဒေသတွင်း အရေး ကိစ္စ တစ်ခုဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဆော်ဒီနှင့် အီရန်ကြား ပြဿနာသည် ဘာသာရေး အယူအဆ ကွဲပြားမှုနှင့် မွတ်ဆလင်ကမ္ဘာတွင် ခေါင်းဆောင်မှု ရရှိရေးအပေါ် အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့ကြောင့် ဆော်ဒီ-အီရန် ပြဿနာသည် အမေရိကန်အတွက် အဓိက ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေ။
အမေရိကန် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ ပါဝင်မှုကို လျှော့ချခဲ့ချိန်၌ ထိုဒေသရှိ နိုင်ငံများသည် ၎င်းတို့၏ ပြဿနာများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းခဲ့ကြသည်။
တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့သည့် ဆော်ဒီနှင့် အီရန်ကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရေး သဘော တူညီချက်သည် ဥပမာတစ်ခုဖြစ်သည်။
ထိုသဘောတူညီချက်က အရှေ့အလယ်ပိုင်း နိုင်ငံများသည် အငြင်းပွားမှုများကို အမေရိကန် မပါဘဲ ဖြေရှင်း နိုင်စွမ်းရှိသည်ကို ပြသရာ ရောက်သည်။
သို့သော် အမေရိကန်-ဆော်ဒီ ကာကွယ်ရေး သဘောတူညီချက်က ထိုကဲ့သို့ တိုးတက်မှု ရှိနေသည့် အခြေအနေကို လျော့ပါးစေမည်ဖြစ်သည်။
ဆော်ဒီနှင့် ချုပ်ဆိုသည့် ကာကွယ်ရေးစာချုပ်အရ အမေရိကန်ကို ဒေသတွင်း ပဋိပက္ခများအတွင်းသို့ ပြန်လည် ဆွဲခေါ်ရာ ရောက်စေမည်ဖြစ်သည်။
ဆော်ဒီ အနေဖြင့်လည်း အမေရိကန်၏ အကာအကွယ်ဖြင့် ပိုမို အရဲစွန့် လှုပ်ရှားလာနိုင်သည်။
ဥပမာအနေဖြင့် ယီမင်တွင် ဆော်ဒီဦးဆောင်သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေး ပုံစံများကို အရှိန်တိုး မြှင့် လာနိုင်သည်။
အမေရိကန်ကသာ ဆော်ဒီ၏ လုံခြုံရေးကို အာမခံ ပေးထားမည်ဆိုပါက ဆော်ဒီ ခေါင်းဆောင်များကလည်း အနု နည်းရော အကြမ်းနည်းပါ သုံးရန် ဝန်လေးမည် မဟုတ်ပေ။

ဆော်ဒီ အိမ်ရှေ့စံမင်းသားကို တွေ့ရစဉ်
တရုတ် အရေးနှင့်ပတ်သက်ပြီး သုံးသပ်ရမည်ဆိုပါက အမေရိကန်သည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုရန် လိုအပ်လိမ့်မည်ဟု အချို့က ပြောနေကြသည်။
ထိုပြောကြားမှုသည် ကျိုးကြောင်းခိုင်လုံမှု အလွန်အားနည်းသည့် အယူအဆဖြစ်သည်။ တရုတ်သည် ယခင် ကတည်းက ဆော်ဒီအာရေဗျ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။
ထို့ကြောင့် အမေရိကန်နှင့် ဆော်ဒီကြား ကာကွယ်ရေးစာချုပ်သည် တရုတ်နှင့် ဆော်ဒီကြား ကုန်သွယ်ရေးကို ပြောင်းလဲစေမည် မဟုတ်ပေ။
စင်စစ်တွင် အမေရိကန်နှင့် ဆော်ဒီ၏ ကာကွယ်ရေးစာချုပ်သည် တရုတ်ကို တစ်ဖက်တစ်လမ်းမှပင် အထောက် အကူပြုရာ ရောက်နေသည်။
ထိုစာချုပ်အရ အမေရိကန်သည် ဆော်ဒီနှင့် ပင်လယ်ကွေ့ဒေသကို ကာကွယ်ပေးထားမည်ဖြစ်သည်။
ထိုအချိန်အတွင်း တရုတ်က လုံခြုံရေး အကာအကွယ်အတွက် တစ်ပြားမှ ကုန်စရာမလိုဘဲ ပင်လယ်ကွေ့မှ ရေနံ များကို ဆက်လက် ဝယ်ယူနေမည်ဖြစ်သည်။
ပင်လယ်ကွေ့တွင် အမေရိကန်၏ အကာအကွယ်ဖြင့် တရုတ်က ရေနံများကို လွတ်လပ်စွာ ဝယ်ယူပြီး သယ်ယူပို့ ဆောင် နေမည်ဖြစ်သည်။
အကယ်၍ အမေရိကန် အနေဖြင့် တရုတ်ကို ယှဉ်ပြိုင်လိုပါက တရုတ်၏ စွမ်းအင်လမ်းကြောင်းများကို အခမဲ့ အကာအကွယ်ပေးနေခြင်း မဖြစ်သင့်ပေ။
ဆော်ဒီ-အမေရိကန် ကာကွယ်ရေးစာချုပ်၏ စိုးရိမ်မှု အရှိဆုံးအပိုင်းမှာ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆော်ဒီ အိမ်ရှေ့စံမင်းသားကို တွေ့ရစဉ်
ဆော်ဒီက ပြည်တွင်းတွင် ယူရေနီယံ သန့်စင်ခွင့်ကို ရရှိရန် ဆန္ဒရှိနေသည်။ ထိုအချက်က ဆော်ဒီအတွက် နျူကလီးယား လက်နက် စီမံကိန်းကို ဦးတည်သွားစေနိုင်သည်။
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman) ကလည်း အီရန်သည် နျူကလီးယား လက်နက်များကို ရရှိခဲ့မည်ဆိုပါက ဆော်ဒီကလည်း နျူကလီးယား လက်နက်များ ရရှိအောင် ကြိုးပမ်းမည်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးသည်။
အီရန်သည် နျူကလီးယား လက်နက်များ ရရှိရန် အလွန်နီးစပ်နေပြီဖြစ်သဖြင့် ဆော်ဒီ-အမေရိကန် ကာကွယ်ရေး စာချုပ်သည် ပင်လယ်ကွေ့တွင် နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို ဖြစ်စေနိုင်လိမ့်မည်။
အမေရိကန် အနေဖြင့်လည်း နျူကလီးယားလက်နက် ပျံ့ပွားမည့် အန္တရာယ်ကို အရဲစွန့်ပြီး သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည့် ဆော်ဒီနိုင်ငံကို ကာကွယ်ပေးမည် ဟုတ်၊ မဟုတ် မေးခွန်းထုတ်ရမည်ဖြစ်သည်။
ထိုစာချုပ်ကြောင့် အမေရိကန်ပြည်တွင်းတွင် ဒီမိုကရက်တစ်ပါတီနှင့် အာရပ်အမေရိကန်များ၊ မွတ်ဆလင် အမေရိကန်များကဲ့သို့ အဓိက မဲဆန္ဒအင်အားစုများကြား သဘောထားများ ကွဲလွဲစေမည်ဖြစ်သည်။
ထိုအင်အားစုများသည် ဂါဇာကမ်းမြောင် ဒေသအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒကို ယခင်ကတည်းက ဆန့်ကျင်ခဲ့ကြသူများ ဖြစ်သည်။
ယခုကဲ့သို့ ဆော်ဒီအာရေဗျနှင့် တရားမဝင် မဟာမိတ်ဖွဲ့မှုသည် အမေရိကန် မဲဆန္ဒရှင်များ၏ မကျေနပ်ချက်များကို ပိုမို မြင့်တက်စေလိမ့်မည်ကို အမေရိကန် ခေါင်းဆောင်များက သတိပြုသင့်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 1036
CNI Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ အပိုင်း(၁)ဖြင့်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း(၂)ဖြင့်လည်းကောင်း၊ ဇန်နဝါရီနောက်ဆုံးပတ်မှာတော့ အပိုင်း(၃)ဖြင့်လည်းကောင်း ကျင်းပမည်ဟု ကြေညာထားသည်။
ထိုရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အလှည့်အပြောင်းဖြစ်မည့် ရွေးကောက်ပွဲဟု ပြောဆိုကြသလို မည်သည့် အပြောင်းအလဲမှ ဖြစ်လာနိုင်ခြေမရှိဘူးဟု ပြောဆိုကြသူများလည်းရှိသည်။
မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထုသည် ရွေးကောက်ပွဲကို ဘယ်လို မြင်နေသလဲ၊ ဘယ်လို ယူဆနေသလဲ၊ ဘယ်လို မျှော်လင့်ထားသလဲ၊ ဘယ်လိုဆန္ဒရှိနေသလဲ စသည့် မေးခွန်းများကို သိဖို့လည်း လိုအပ်မည်ဟုထင် သည်။
ပြည်သူလူထုဆိုသည့် နေရာမှာ အုပ်စု ၃ အုပ်စု ခွဲခြား၍ လေ့လာကြည့်ရန်လည်း လိုအပ်မည်ဟု ထင်သည်။
ထို အုပ်စု ၃ အုပ်စုမှာ ပထမအုပ်စုကတော့ တပ်မတော်နှင့် USDP ကို ထောက်ခံသည့် ပြည်သူလူထု၊ ဒုတိယ ကတော့ ကြားနေ ပြည်သူလူထု၊ တတိယကတော့ တော်လှန်ရေးကို ထောက်ခံသော ပြည်သူလူထု ဖြစ်သည်။
အဆိုပါ အုပ်စု ၃ စုအနက် ပထမနှင့် တတိယ အုပ်စုများကတော့ ရှင်းသည်။ မည်ကဲ့သို့ ရှင်းလင်းလဲဆိုလျှင် ပထမ အုပ်စုက ရွေးကောက်ပွဲကို ထောက်ခံပြီး ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် တပ်မတော်နှင့် USDP ဦးဆောင် မည်ဟု ယုံကြည်ထားသည်။
တတိယ အုပ်စုကတော့ ရွေးကောက်ပွဲကို မထောက်ခံ/ဆန့်ကျင်သည့်အတွက် ရွေးကောက်ပွဲ ကာလနှင့် ရွေး ကောက်ပွဲ အလွန်ကာလကို စိတ်မဝင်စားပေ။
ထို့ကြောင့် ဒုတိယအုပ်စုဖြစ်သော ကြားနေ ပြည်သူလူထု၏ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလ အပေါ် သဘောထားက ဘယ်လိုရှိလဲဆိုသည်က စိတ်ဝင်စားစရာ ကောင်းသည်။

ပြည်သူများ မဲထည့်ရန် စောင့်နေကြစဉ်
ကြားနေ ပြည်သူလူထုသည် လက်ရှိ နိုင်ငံ၏ အခြေအနေကို မကြိုက်ပေ။ ထို့ကြောင့် လက်ရှိ နိုင်ငံ၏ အခြေအနေ ကို ပုံစံတစ်မျိုး ပြောင်းပေးနိုင်ခြင်းကြောင့် ရွေးကောက်ပွဲကို အပြည့်အဝ မကြိုက်သော်လည်း မကန့်ကွက်ဘဲ အခြေအနေကို စောင့်ကြည့်မည်ဖြစ်သည်။
ကြားနေပြည်သူလူထုသည် ရွေးကောက်ပွဲကာလတွင် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော လက်တွေ့ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် နိုင်ငံရေးပါတီများကို မျှော်လင့်မှုရှိနေကြသည်။
ကြားနေပြည်သူလူထု အများစုသည် နိုင်ငံရေးပါတီများ၏ ဒီမိုကရေစီ ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ရအောင်လုပ်မည်၊ စစ်ပွဲများ ရပ်ဆိုင်းအောင် လုပ်ပေးမည်ဆိုသော မဲဆွယ်ကတိ များကို အယုံအကြည်မရှိသလို မမျှော်လင့်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုမူဝါဒများသည် ၁၀ နှစ် ၁၀ မိုး တည်ဆောက်ရင်တောင် ရဖို့မဖြစ်နိုင်သော မြန်မာနိုင်ငံ မှာ မိမိတို့၏ မဲတစ်ပြားကို လိမ်လည်လှည့်ဖျား၍ ရယူရန်ကြိုးပမ်းခြင်းဟု ယူဆထားခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ကြားနေ ပြည်သူလူထု အများစုသည် လက်ရှိ မြေပြင်မှာ ပြည်သူလူထုများ ရင်ဆိုင် ကြုံတွေ့နေရသည့် လူမှုဘဝများကို လက်တွေ့ ကျကျ ဖြေရှင်းပေးနိုင်မည့် မဲဆွယ် ကတိများကိုသာ မျှော်လင့်နေကြသလို လုပ်ပေးနိုင် မည့် နိုင်ငံရေးပါတီများကိုပဲ မျှော်လင့်နေကြသည်။

USDP မဲဆွယ်နေစဉ်
ပြည်သူလူထု အများစုသည် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စစ်မှုထမ်း ဥပဒေအရ တရားမဝင် ဖမ်းဆီးခံနေရခြင်းနှင့် ငွေကြေး တောင်းခံနေရခြင်း၊ ကုန်စည်ရှားပါးခြင်း၊ ခိုးဆိုးလုနှိုက်မှု အန္တရာယ်ရှိနေခြင်း၊ အလုပ်အကိုင် အခွင့်အ လမ်းရှားပါးခြင်း၊ ဝင်ငွေနည်းပါးလာခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ခရီးသွားလာသည့်အခါ မလုံခြုံခြင်းနှင့် ငွေကြေး တောင်းခံနေရခြင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းပြီး ပြည်သူလူထု၏ တိုင်တန်းမှုအပေါ် အရေးယူဖော်ထုတ် ပေးမှု အားနည်းနေခြင်း စသည်တို့ကို ရင်ဆိုင်ကြုံတွေ့နေရသည်။
အလားတူ နိုင်ငံကူးလက်မှတ်များ အလွယ်တကူ လုပ်ခွင့်မရခြင်းနှင့် ငွေကြေး အမြောက်အမြား တောင်းခံနေခြင်း၊ နိုင်ငံခြားကို လွတ်လပ်စွာ ထွက်ခွာခွင့် မရရှိခြင်းနှင့် ပြစ်ချက်ရှာ၍ ငွေကြေးတောင်းခံနေခြင်း၊ ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ပိတ်ပင်ခံနေရခြင်း၊ လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်း၊ အိမ်ခြံမြေ ဈေးနှုန်း အဆမတန် ကြီးမြင့် ခြင်းနှင့် အိမ်ခြံမြေ ငှားရမ်းခများ ကြီးမြင့်ခြင်း၊ ကားဈေးနှုန်းများ အဆမတန် ကြီးမြင့်ခြင်း စသည်တို့ကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။
ထို့ကြောင့် ပြည်သူလူထု အများစုသည် အထက်ပါ လူမှုဘဝ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းပေး မည်ဟု အာမခံသည့် နိုင်ငံရေးပါတီ သို့မဟုတ် လုပ်ပေးနိုင်မည့် နိုင်ငံရေးပါတီကိုသာ ရွေးကောက်ပွဲကာလမှာ မဲထည့်ရန် စဉ်းစားနေကြသည်။
လက်ရှိတွင် ပြည်သူလူထု၏ လူမှုဘဝ ပြဿနာများနှင့် အခက်အခဲများပေါ် ဖြေရှင်းပေးမည်ဟု အာမခံသည့် မဲဆွယ် စည်းရုံးသော နိုင်ငံရေးပါတီများကို မတွေ့ရသလို အာမခံနိုင်ကြောင်း ကတိပြုသော နိုင်ငံရေးပါတီကို လည်း မတွေ့ရသေးပေ။

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
ထို့နောက် ကြားနေပြည်သူလူထုသည် ရွေးကောက်ပွဲအလွန် ကာလကိုလည်း စိတ်ဝင်တစားရှိပြီး သေချာ အကဲခတ် လေ့လာနေကြသည်ကိုလည်း တွေ့ရသည်။
ရွေးကောက်ပွဲအလွန် ကာလမှာ ဘယ်ပါတီက အစိုးရဖွဲ့လာနိုင်သလဲ၊ ဘယ်လို အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်သ လဲ၊ ဘယ်လို မူဝါဒတွေ ချမှတ်လာနိုင်သလဲ၊ ဘယ်ပါတီ အစိုးရဖွဲ့ရင်တော့ မျှော်လင့်ချက်ရှိနိုင်ပြီး ဘယ်ပါတီ အစိုးရ ဖွဲ့လျှင်ဖြင့် အပြောင်းအလဲ မဖြစ်နိုင်ဘဲ လက်ရှိအတိုင်း သွားနိုင်ကြောင်း စသဖြင့် စဉ်းစားတွက်ချက်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံထားရမှု၊ အဖက်ဖက်က လူမှုဘဝ နိမ့်ကျနေမှု၊ ငွေကြေးဖောင်းပွမှု၊ အမျိုးသားလုံ ခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်း၊ ကုန်သွယ်ရေးများ ရပ်တန့်နေမှု၊ နိုင်ငံသားများကြား စည်းလုံးညီ ညွတ်မှု ပြိုကွဲနေခြင်း စသည့် အခြေအနေများကို ဖြေရှင်းပေးနိုင်မည့် အစိုးရသစ်ကို ကြားနေ ပြည်သူလူထုအများ စုက မျှော်လင့်နေကြသည်။
ထို့ကြောင့် ကြားနေပြည်သူလူထု အများစုသည် ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို အမျိုးသားပြန်လည်သင့်မြတ် ရေးကို အခြေခံသည့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖွဲ့စည်းရန် မျှော်လင့်လျက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာ ဖြစ်တည်နေသော အခက်အခဲ အကျပ်အတည်းပေါင်းစုံကို နိုင်ငံသား အားလုံး စည်းလုံးညီညွတ်စွာ ဖြေရှင်းမှသာလျှင် ကျော်လွှားနိုင်မည်ဟု ပြည်သူလူထု အများစုက ယူဆထား ကြခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလအတွင်း အုပ်စု ၃ အုပ်စုရှိသော ပြည်သူလူထု၏ မျှော်လင့်ချက်သည် မည်သို့မည်ပုံ ဖြစ်တည်လာမလဲဆိုသည်ကိုတော့ စောင့်ကြည့်ရန်သာ ရှိတော့လေသည်။
- By CNI
- Category: ဆောင်းပါး
- Hits: 1059
CNI International Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈
ဘင်္ဂလားဒေ့ရှ်တွင် တိတ်တဆိတ် အာဏာသိမ်းမှု ဖြစ်ပွားနေပြီလောဟု မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်နေသည်။
အစိုးရအဖွဲ့၏ ကန့်လန့်ကာ နောက်ကွယ်တွင် အစ္စလာမ်မစ် မဟာမိတ်ကွန်ရက်များ၊ ပြည်ပထောက်လှမ်းရေး အေဂျင်စီများနှင့် အယူအဆရေးရာ နောက်လိုက်များသည် ဘင်္ဂလားဒေ့ရှ်၏ လက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ ဖြိုဖျက်နေကြသည်။
နောက်ကွယ်မှ ကြိုးကိုင်သူမှာ အခြားသူမဟုတ်။ တစ်ချိန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ချီးကျူးဂုဏ်ပြု ခံခဲ့ရသည့် မိုဟာမက် ယူနွတ် ( Muhammad Yunus) ဖြစ်ပြီး လက်ရှိတွင် အစ္စလာမ်မစ်ယိမ်းသည့် အုပ်ချုပ်ပုံကို ဦးဆောင်နေသူအဖြစ် ဝေဖန်ခံနေရသည်။
ထိုအခြေအနေသည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီစနစ်ကိုသာမက တောင်အာရှနှင့် အရှေ့တောင်အာရှ၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည်။
ယူနွတ် အစိုးရအဖွဲ့သည် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် စစ်ဗိုလ်ချုပ်များ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်တပ်အရာရှိ ၂၅ ဦးကို စွဲချက်တင်ခဲ့သည်။
၎င်းတို့သည် တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းနေသည့် အခြေအနေအောက်တွင် စွဲချက်တင်ခံခဲ့ရပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်ပြီး အမှုရင်ဆိုင်နေရသည်။
ဒေသခံမီဒီယာများကမူ ဘင်္ဂလားဒေ့ရှ်၏ ကြည်း၊ ရေ၊ လေ အကြီးအကဲများ အပါအဝင် အရာရှိပေါင်း ၁၅၀ ကျော် ပစ်မှတ်ထား ခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်ခေါင်းဆောင်ကို တွေ့ရစဉ်
ထိုကဲ့သို့ မလိုသူများကို ဖယ်ရှားရှင်းလင်းသည့် လုပ်ဆောင်ချက်သည် ဘင်္ဂလားဒေ့ရှ်၏ ဘာသာရေး မနွယ်သည့် စစ်တပ်ကို အသွင်ပြောင်းရန် ရည်ရွယ်ပုံပေါ်နေသည်။
လေ့လာသူများကလည်း ယူနွတ်၏ အစိုးရအဖွဲ့သည် အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကဲ့သို့ပင် အစ္စလာမ်မစ် တော်လှန်ရေး တပ်မတော်ဟူသည့် အယူဝါဒကို စစ်တပ်အတွင်း အစားထိုးရန် ရည်ရွယ်ထားဖွယ် ရှိကြောင်း သတိပေးခဲ့သည်။
ထောက်လှမ်းရေး သတင်းများ၏ လေ့လာဆန်းစစ်မှုများအရ ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် ISI နှင့် တူရကီထောက်လှမ်းရးအဖွဲ့များသည် ယူနွတ် အစိုးရအဖွဲ့ကို ကြားဝင်ခြယ်လှယ်သည့် ပြည်ပအင်အားစုများ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
ပါကစ္စတန်၏ ISI သည် ဘင်္ဂလားဒေ့ရှ်၏ ဂျမတ် အီ အစ္စလာမီ (Jamaat-e-Islami) ပါတီနှင့် အခြား လူသိများ သည့် အစ္စလာမ်မစ်အဖွဲ့များနှင့် နက်ရှိုင်းသည့် ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့သည်။
လက်ရှိတွင် တူရကီသည်လည်း မွတ်ဆလင်ကမ္ဘာတွင် လှုပ်ရှားမှုများ မြင့်တက်နေမှုနှင့်အတူ ပါကစ္စတန်နှင့် တူရကီတို့သည် ၎င်းတို့၏ လက်တံကို ပိုမိုဆန့်ထုတ်သည့် အနေဖြင့် ယူနွတ်၏ အတွင်းစည်းနှင့် မဟာမိတ် NGO များကို ဘဏ္ဍာရေး အထောက်အပံများပေးခြင်း၊ အယူဝါဒရေးရာနှင့် အခြားအထောက်အကူများ ပံ့ပိုးပေးနေပုံ ပေါ်သည်။
ထိုကွန်ရက်များမှတဆင့် ယူနွတ်၏ အစိုးရအဖွဲ့ကို အစ္စလာမ်မစ်ယိမ်းသည့် အစိုးရအဖြစ် ပြောင်းလဲနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ်
ထို့ပြင် ဆော်ဒီနှင့် ကာတာတို့က ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် အဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်၏ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်း လှုပ်ရှားနေကြသည်။
ထိုဒုက္ခသည် စခန်းများသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသနှင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တို့ကို ပစ်မှတ် ထားနေသည့် ဂျီဟတ်အဖွဲ့များအတွက် တပ်သားသစ် စုဆောင်းသည့် နေရာများ ဖြစ်လာသည်ဟုလည်း သတင်း များ ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များကို ပြည်သူ၏ ယုံကြည်မှု လျော့ကျစေရန် သတင်းအမှားများ ဖြန့်ခြင်းဖြင့် ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု လေ့လာသူများက ပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များက ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးကဲ့သို့ အဖွဲ့အစည်း များသည် စစ်သွေးကြွများကို တန်ပြန်သည့် စစ်ဆင်ရေးများတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး HuJI-B ၊ JMB နှင့် ISIS အဖွဲ့များနှင့် ဆက်နွှယ်သည့် စစ်သွေးကြွကွန်ရက်များကို ဖျက်ဆီးခဲ့သည်။
လက်ရှိအချိန်တွင် DGFI ကဲ့သို့ အစိုးရထောက်လှမ်းရေးအဖွဲ့များသည် တရားဥပဒေနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံနေရသည်။
ထူးခြားချက်တစ်ခုမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝက်ကာ အူဇ် ဇာမန် (Waker Uz Zaman) နှင့် ၎င်း၏ ထိပ်သီး လက်ထောက်များမှာ ရေငုံနှုတ်ပိတ်နေခဲ့ကြသဖြင့် ယူနွတ်၏ အစီအစဉ်တွင် ၎င်းတို့လည်း အလိုတူ၊ အလိုပါ ဖြစ်နေဖွယ် ရှိ၊ မရှိ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
ထိုအချိန်အတောအတွင်း နိုင်ငံရေးနှင့် စစ်ရေးအသိုင်းအဝိုင်းအတွင်း ယူနွတ်အစိုးရအဖွဲ့သည် တော်လှန်ရေး အစိုးရအဖြစ် ကြေညာရန် စီစဉ်နေကြောင်း ပြောကြားနေကြသည်။
ထိုအစီအစဉ်အရ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အီရန်ကဲ့သို့ပင် သမ္မတနှင့် စစ်တပ်အကြီးအကဲ များကို ဖယ်ရှားနိုင်သည့် လုပ်ပိုင်ခွင့်မျိုး ပြောင်းလဲလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။
ထိုအစီအစဉ်အရ ဒါဇင်နှင့်ချီသည့် စစ်မှုထမ်းများသည် အမှုအခင်းများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထိုအချိန်အတောအတွင်း ဂျီဟတ်များ၏ တိုက်ခိုက် နိုင်ခြေရှိသည်ဆိုသည့် ထောက်လှမ်းရေး သတိပေးချက် များကြောင့် ဒါကာမြို့တော်ရှိ အမေရိကန်သံရုံး အနီးဝန်းကျင်တွင် လုံခြုံရေးကို တင်းကျပ်ခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ်
အကယ်၍ အစ္စလာမ်မစ် အင်အားစုများသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကြိုးကိုင်ချယ်လှယ်နိုင်ခဲ့မည်ဆိုပါက ပြည်တွင်း နိုင်ငံရေးသာမက ပြည်ပမူဝါဒများအထိပါ လွှမ်းမိုးလာလိမ့်မည်ဟုလည်း လေ့လာသူများက သတိ ပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်းရေး အသွင်ပြောင်းလဲမှုသည် တောင်အာရှ၏ လုံခြုံရေး အခင်းအကျင်းကို ပြန်လည် ပုံဖော်နိုင်သည်။
တူရကီ၊ ပါကစ္စတန်တို့နှင့် အယူဝါဒအရ မဟာမိတ်ဖွဲ့ထားသော ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ၏ အရှေ့ဘက် လုံခြုံရေး စစ်နံ (India’s eastern security flank) ကို ထိခိုက်စေပြီး ဘင်္ဂလားပင်လယ်အော်တွင် အစ္စလာမ္မစ် လှုပ်ရှားမှုများကို ရဲဆေးတင်ပေးရာ ရောက်စေမည်ဖြစ်သည်။
တရုတ်နိုင်ငံအတွက် ထိုကဲ့သို့သော မတည်ငြိမ်မှုသည် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိစေမည်ဖြစ်သည်။
အားနည်းလာသည့် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ စီးပွားရေး အရှိန်အဝါကိ ပိုမိုမှီခိုလာရမည်ဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုသည် အိန္ဒိယဦးဆောင်သော ချိတ်ဆက်ရေး အစီအစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်။
မြန်မာနှင့် ထိုင်းကဲ့သို့ အိမ်နီးချင်း နိုင်ငံများတွင်လည်း ရိုဟင်ဂျာစခန်းများမှ ပျံ့နှံ့လာသည့် အစွန်းရောက် ကွန်ရက် များ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၊ အထူးသဖြင့် အိန္ဒိယ၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများအနေဖြင့် အချိန် မနှောင်းမီ လိုအပ်သည့် အရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။
အယူဝါဒရေးရာကို စစ်ပုံစံသွင်းခြင်းအား မျက်ကွယ်ပြုထားသဖြင့် ဘေးဒုက္ခရောက်ရသည့် ဖြစ်စဉ်များကို မေ့မထားသင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်ခဲ့ကြသည်။
Source: Asia Times
Page 1 of 138
