CNI International Article

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

ဘင်္ဂလားဒေ့ရှ်တွင် တိတ်တဆိတ် အာဏာသိမ်းမှု ဖြစ်ပွားနေပြီလောဟု မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်နေသည်။

အစိုးရအဖွဲ့၏ ကန့်လန့်ကာ နောက်ကွယ်တွင် အစ္စလာမ်မစ် မဟာမိတ်ကွန်ရက်များ၊ ပြည်ပထောက်လှမ်းရေး အေဂျင်စီများနှင့် အယူအဆရေးရာ နောက်လိုက်များသည် ဘင်္ဂလားဒေ့ရှ်၏ လက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ ဖြိုဖျက်နေကြသည်။

နောက်ကွယ်မှ ကြိုးကိုင်သူမှာ အခြားသူမဟုတ်။ တစ်ချိန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ချီးကျူးဂုဏ်ပြု ခံခဲ့ရသည့် မိုဟာမက် ယူနွတ် ( Muhammad Yunus) ဖြစ်ပြီး လက်ရှိတွင် အစ္စလာမ်မစ်ယိမ်းသည့် အုပ်ချုပ်ပုံကို ဦးဆောင်နေသူအဖြစ် ဝေဖန်ခံနေရသည်။

ထိုအခြေအနေသည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီစနစ်ကိုသာမက တောင်အာရှနှင့် အရှေ့တောင်အာရှ၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည်။

ယူနွတ် အစိုးရအဖွဲ့သည် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် စစ်ဗိုလ်ချုပ်များ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်တပ်အရာရှိ ၂၅ ဦးကို စွဲချက်တင်ခဲ့သည်။

၎င်းတို့သည် တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းနေသည့် အခြေအနေအောက်တွင် စွဲချက်တင်ခံခဲ့ရပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်ပြီး အမှုရင်ဆိုင်နေရသည်။

ဒေသခံမီဒီယာများကမူ ဘင်္ဂလားဒေ့ရှ်၏ ကြည်း၊ ရေ၊ လေ အကြီးအကဲများ အပါအဝင် အရာရှိပေါင်း ၁၅၀ ကျော် ပစ်မှတ်ထား ခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်ခေါင်းဆောင်ကို တွေ့ရစဉ်

ထိုကဲ့သို့ မလိုသူများကို ဖယ်ရှားရှင်းလင်းသည့် လုပ်ဆောင်ချက်သည် ဘင်္ဂလားဒေ့ရှ်၏ ဘာသာရေး မနွယ်သည့် စစ်တပ်ကို အသွင်ပြောင်းရန် ရည်ရွယ်ပုံပေါ်နေသည်။

လေ့လာသူများကလည်း ယူနွတ်၏ အစိုးရအဖွဲ့သည် အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကဲ့သို့ပင် အစ္စလာမ်မစ် တော်လှန်ရေး တပ်မတော်ဟူသည့် အယူဝါဒကို စစ်တပ်အတွင်း အစားထိုးရန် ရည်ရွယ်ထားဖွယ် ရှိကြောင်း သတိပေးခဲ့သည်။

ထောက်လှမ်းရေး သတင်းများ၏ လေ့လာဆန်းစစ်မှုများအရ ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် ISI နှင့် တူရကီထောက်လှမ်းရးအဖွဲ့များသည် ယူနွတ် အစိုးရအဖွဲ့ကို ကြားဝင်ခြယ်လှယ်သည့် ပြည်ပအင်အားစုများ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ ISI သည် ဘင်္ဂလားဒေ့ရှ်၏ ဂျမတ် အီ အစ္စလာမီ (Jamaat-e-Islami) ပါတီနှင့် အခြား လူသိများ သည့် အစ္စလာမ်မစ်အဖွဲ့များနှင့် နက်ရှိုင်းသည့် ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့သည်။

လက်ရှိတွင် တူရကီသည်လည်း မွတ်ဆလင်ကမ္ဘာတွင် လှုပ်ရှားမှုများ မြင့်တက်နေမှုနှင့်အတူ ပါကစ္စတန်နှင့် တူရကီတို့သည် ၎င်းတို့၏ လက်တံကို ပိုမိုဆန့်ထုတ်သည့် အနေဖြင့် ယူနွတ်၏ အတွင်းစည်းနှင့် မဟာမိတ် NGO များကို ဘဏ္ဍာရေး အထောက်အပံများပေးခြင်း၊ အယူဝါဒရေးရာနှင့် အခြားအထောက်အကူများ ပံ့ပိုးပေးနေပုံ ပေါ်သည်။

ထိုကွန်ရက်များမှတဆင့် ယူနွတ်၏ အစိုးရအဖွဲ့ကို အစ္စလာမ်မစ်ယိမ်းသည့် အစိုးရအဖြစ် ပြောင်းလဲနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ် 

ထို့ပြင် ဆော်ဒီနှင့် ကာတာတို့က ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် အဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်၏ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်း လှုပ်ရှားနေကြသည်။

ထိုဒုက္ခသည် စခန်းများသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသနှင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တို့ကို ပစ်မှတ် ထားနေသည့် ဂျီဟတ်အဖွဲ့များအတွက် တပ်သားသစ် စုဆောင်းသည့် နေရာများ ဖြစ်လာသည်ဟုလည်း သတင်း များ ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များကို ပြည်သူ၏ ယုံကြည်မှု လျော့ကျစေရန် သတင်းအမှားများ ဖြန့်ခြင်းဖြင့် ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု လေ့လာသူများက ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များက ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးကဲ့သို့ အဖွဲ့အစည်း များသည် စစ်သွေးကြွများကို တန်ပြန်သည့် စစ်ဆင်ရေးများတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး HuJI-B ၊ JMB နှင့် ISIS အဖွဲ့များနှင့် ဆက်နွှယ်သည့် စစ်သွေးကြွကွန်ရက်များကို ဖျက်ဆီးခဲ့သည်။

လက်ရှိအချိန်တွင် DGFI ကဲ့သို့ အစိုးရထောက်လှမ်းရေးအဖွဲ့များသည် တရားဥပဒေနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံနေရသည်။

ထူးခြားချက်တစ်ခုမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝက်ကာ အူဇ် ဇာမန် (Waker Uz Zaman) နှင့် ၎င်း၏ ထိပ်သီး လက်ထောက်များမှာ ရေငုံနှုတ်ပိတ်နေခဲ့ကြသဖြင့် ယူနွတ်၏ အစီအစဉ်တွင် ၎င်းတို့လည်း အလိုတူ၊ အလိုပါ ဖြစ်နေဖွယ် ရှိ၊ မရှိ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

ထိုအချိန်အတောအတွင်း နိုင်ငံရေးနှင့် စစ်ရေးအသိုင်းအဝိုင်းအတွင်း ယူနွတ်အစိုးရအဖွဲ့သည် တော်လှန်ရေး အစိုးရအဖြစ် ကြေညာရန် စီစဉ်နေကြောင်း ပြောကြားနေကြသည်။

ထိုအစီအစဉ်အရ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အီရန်ကဲ့သို့ပင် သမ္မတနှင့် စစ်တပ်အကြီးအကဲ များကို ဖယ်ရှားနိုင်သည့် လုပ်ပိုင်ခွင့်မျိုး ပြောင်းလဲလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

ထိုအစီအစဉ်အရ ဒါဇင်နှင့်ချီသည့် စစ်မှုထမ်းများသည် အမှုအခင်းများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထိုအချိန်အတောအတွင်း ဂျီဟတ်များ၏ တိုက်ခိုက် နိုင်ခြေရှိသည်ဆိုသည့် ထောက်လှမ်းရေး သတိပေးချက် များကြောင့် ဒါကာမြို့တော်ရှိ အမေရိကန်သံရုံး အနီးဝန်းကျင်တွင် လုံခြုံရေးကို တင်းကျပ်ခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ် 

အကယ်၍ အစ္စလာမ်မစ် အင်အားစုများသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကြိုးကိုင်ချယ်လှယ်နိုင်ခဲ့မည်ဆိုပါက ပြည်တွင်း နိုင်ငံရေးသာမက ပြည်ပမူဝါဒများအထိပါ လွှမ်းမိုးလာလိမ့်မည်ဟုလည်း လေ့လာသူများက သတိ ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်းရေး အသွင်ပြောင်းလဲမှုသည် တောင်အာရှ၏ လုံခြုံရေး အခင်းအကျင်းကို ပြန်လည် ပုံဖော်နိုင်သည်။

တူရကီ၊ ပါကစ္စတန်တို့နှင့် အယူဝါဒအရ မဟာမိတ်ဖွဲ့ထားသော ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ၏ အရှေ့ဘက် လုံခြုံရေး စစ်နံ (India’s eastern security flank) ကို ထိခိုက်စေပြီး ဘင်္ဂလားပင်လယ်အော်တွင် အစ္စလာမ္မစ် လှုပ်ရှားမှုများကို ရဲဆေးတင်ပေးရာ ရောက်စေမည်ဖြစ်သည်။

တရုတ်နိုင်ငံအတွက် ထိုကဲ့သို့သော မတည်ငြိမ်မှုသည် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိစေမည်ဖြစ်သည်။

အားနည်းလာသည့် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ စီးပွားရေး အရှိန်အဝါကိ ပိုမိုမှီခိုလာရမည်ဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုသည် အိန္ဒိယဦးဆောင်သော ချိတ်ဆက်ရေး အစီအစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်။

မြန်မာနှင့် ထိုင်းကဲ့သို့ အိမ်နီးချင်း နိုင်ငံများတွင်လည်း ရိုဟင်ဂျာစခန်းများမှ ပျံ့နှံ့လာသည့် အစွန်းရောက် ကွန်ရက် များ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၊ အထူးသဖြင့် အိန္ဒိယ၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများအနေဖြင့် အချိန် မနှောင်းမီ လိုအပ်သည့် အရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။

အယူဝါဒရေးရာကို စစ်ပုံစံသွင်းခြင်းအား မျက်ကွယ်ပြုထားသဖြင့် ဘေးဒုက္ခရောက်ရသည့် ဖြစ်စဉ်များကို မေ့မထားသင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်ခဲ့ကြသည်။

Source: Asia Times