CNI International Article

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅

အောက်တိုဘာလ အတွင်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် ယူကရိန်း၏ မဟာမိတ်နိုင်ငံများမှ ခေါင်းဆောင် များသည် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelensky) တို့နှင့်အတူ တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်များ ပိုမို ထောက်ပံ့ပေးရေးကို ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းနှင့် ရုရှားကြား သုံးနှစ်ခွဲကြာ ဖြစ်ပွားနေသည့် စစ်ပွဲသည် ခေတ်သစ် စစ်ဆင်ရေးကို ပုံဖော်နေချိန်တွင် နှစ်နိုင်ငံစလုံးသည် လက်နက်များအား လျှင်မြန်စွာ ထုတ်လုပ်ပြီး ရှေ့တန်း စစ်မျက်နှာပြင်များ၌ ဖြန့်ကြက်ချထား လျက်ရှိသည်။

လက်ရှိတွင် ရုရှား-ယူကရိန်း ပဋိပက္ခတစ်လျှောက် အဓိက အသုံးပြုခဲ့သည့် လက်နက်များကို လေ့လာကြည့် မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်ပြီး နှစ်ဖက်စလုံးသည် ဒရုန်းများကဲ့သို့ ကုန်ကျစရိတ် သက်သာပြီး ပေါ့ပါးသွက်လက်သည့် လက်နက်များကို ပိုမိုထုတ်လုပ်လာခဲ့ကာ စစ်ပွဲကို အသာစီးရရန် ကြိုးပမ်းနေကြသည်။

ရုရှားစစ်တပ်က သုံးတဲ့ ဗုံးသီးထုတ်လုပ်မှုကိုတွေ့ရစဉ်

 ဒရုန်းများ

ရုရှားနှင့် ယူကရိန်းတို့သည် နေ့စဉ်နေ့တိုင်း တစ်ဖက်နှင့်တစ်ဖက် ရာနှင့်ချီသည့် ဒရုန်းများကို လွှတ်တင်ပြီး တိုက်ခိုက်နေကြကာ ထိုဒရုန်းများသည် စစ်ပွဲအတွင်း ကြောက်စရာ အကောင်းဆုံး လက်နက်တစ်ခု ဖြစ်လာခဲ့ သည်။

ဒရုန်းများသည် စစ်မြေပြင်ကို ပုံစံသစ်တစ်မျိုး ပြောင်းလဲစေခဲ့ပြီး စစ်သားများအား ဘန်ကာများကဲ့သို့ ဗုံးခိုကျင်း များထဲတွင် ပုန်းနေရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ရှေ့တန်း စစ်မြေပြင်တွင် ဒရုန်းများသည် စစ်သားများ၏ သွားလာလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်ခြင်း၊ ရန်သူ၏ ခံစစ်စည်းအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက် ပျံသန်းနိုင်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအတွက် ပစ်မှတ်များကို လမ်းပြပေးခြင်းတို့ ပြုလုပ်နိုင်သည်။

အရွယ်အစားသေးငယ်ပြီး ကင်မရာ တပ်ဆင်ထားသည့် FPV ဒရုန်းများတွင်လည်း ဒုံးသီးများ၊ ဗုံးများ တပ်ဆင် အသုံးပြုနိုင်ကာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သည်။

နည်းပညာများ တိုးတက်လာသည်နှင့်အမျှ AI နည်းပညာနှင့် fibre-optic ကေဘယ်ကြိုး တပ်ဆင်ထားသည့် ဒရုန်းများကို အသုံးပြုလာခဲ့ကြသည်။ 

ကီလိုမီတာ ၄၀ အထိ ရှည်လျားသည့် fibre-optic ကေဘယ်ကြိုး တပ်ဆင်ထားသည့် အဆိုပါ ဒရုန်းများကို wirelessly jamming စနစ်ဖြင့် ကြားဖြတ်ဖျက်ချနိုင်ခြင်း မရှိပေ။

ထို့ပြင် နှစ်ဖက်စလုံးသည်  ရှေ့တန်း စစ်မြေပြင်နှင့် ဝေးကွာသည့် နေရာတွင် ရှိနေသော အခြေခံ အဆောက်အအုံ များကို တိုက်ခိုက်ရန် ကုန်ကျစရိတ် နည်းပါးပြီး ဗုံးများအား သယ်ဆောင်သည့် အရွယ်အစားကြီးမားသော ဒရုန်း များကိုလည်း အသုံးပြုလာကြသည်။

ရုရှားတို့ အသုံးပြုသည့် ဒရုန်းများထဲတွင် အီရန်၏ Shaheds ဒရုန်းများကို အခြေခံပြီး ထုတ်လုပ်ထားသည့် Geran  ဒရုန်းများ၊ Lancet ဒရုန်းများ ပါဝင်ပြီး ယူကရိန်းကို ဒရုန်းအစင်းရေ ရာနှင့်ချီ လွှတ်တင်တိုက်ခိုက်နေသည်။

ယူကရိန်းကမူ တူရကီနိုင်ငံလုပ် Bayraktar ဒရုန်းများကို အဓိက မှီခိုအားထားနေပြီး ပြည်တွင်းထုတ် ဒရုန်းများနှင့် အနောက်နိုင်ငံလုပ် ဒရုန်းများကိုလည်း အသုံးပြုနေသည်။

ယူကရိန်း၏ ရှေ့တန်း စစ်မြေပြင်နှင့် နီးကပ်သည့် အဓိက လမ်းမများတွင် ဒရုန်များကို တားဆီးသည့် ပိုက်ကွန်များ ဖြင့် ဖုံးလွှမ်းထားပြီး ရုရှားကလည်း ယူကရိန်းတို့ အဓိက ပစ်မှတ်ထားနေသည့် စွမ်းအင်စက်ရုံများအပေါ်တွင် ဒရုန်းများကို တားဆီးသည့် ပိုက်ကွန်များကို ကာထားသည်။

စစ်သားတစ်ဦး ဒရုန်းလွှင့်တင်နေစဉ်

ဒုံးကျည်များ- အစ္စကန်ဒါနှင့် ပက်ထရီးယော့

လေကြောင်း ကာကွယ်ရေး စနစ်များကို ဒရုန်းများ လွှတ်တင်ပြီး သာလွန်အင်အားဖြင့် ကျော်လွှားနိုင်ချိန်တွင် မဟာဗျူဟာမြောက် ပစ်မှတ်များအား တိုက်ခိုက်ရန် ပိုမိုတန်ဖိုးကြီးသည့် ဒုံးကျည်များကို အသုံးပြုလေ့ရှိသည်။
ရုရှားက Kh-101, Kalibr ပဲ့ထိန်းဒုံးကျည်များ၊ Iskander ဒုံးကျည်များနှင့် Kinzhal ကဲ့သို့ အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို အသုံးပြုနေသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ရုရှားသည် Oreshnik ဟု အမည်ပေးထားသည့် စမ်းသပ်ဆဲအဆင့် ဒုံးကျည်ကို ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့ပြီး ယူကရိန်းနိုင်ငံ အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့သည်။
ထိုဒုံးကျည်သည် နျူကလီးယား လက်နက်ထိပ်ဖူး အများအပြား တပ်ဆင်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။

ထိုအချိန်အတောအတွင်း ယူကရိန်းသည် မဟာမိတ်များက ထောက်ပံ့ပေးသည့် ဒုံးကျည်များကို အရေအတွက် အကန့်အသတ်နှင့် အသုံးပြုနေရသည်။

ယူကရိန်းသည် ဗြိတိန်၏ Storm Shadow ဒုံးကျည်၊ ပြင်သစ်၏ SCALP ဒုံးကျည်၊ အမေရိကန်၏ ATACMS နှင့် HIMARS ဒုံးကျည်စနစ်များကို အသုံးပြုနေရသော်လည်း ထိုဒုံးကျည်များသည် ကီလိုမီတာ ထောင်ချီ ပျံသန်းနိုင် သည့် ရုရှား၏ ဒုံးကျည်များလောက် အကွာအဝေးကို ပျံသန်းနိုင်ခြင်းမရှိပေ။

ထို့ကြောင့် ယူကရိန်းသည် ရုရှား၏ နက်ရှိုင်းသည့် အတွင်းပိုင်း နယ်နိမိတ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်ထံမှ Tomahawk ခရုဇ် ဒုံးကျည်များကို ထောက်ပံ့ပေးရန် ထပ်တလဲလဲ တောင်းဆို နေခြင်းဖြစ်သည်။

ထိုအချိန်အတောအတွင်း ယူကရိန်းသည် Flamingo ဟု အမည်ပေးထားသည့် ၎င်း၏ ကိုယ်ပိုင် ဒုံးကျည်များကို အများအပြား ထုတ်လုပ်ရန်လည်း ရည်ရွယ်ထားသည်။

ရုရှားနှင့် ယူကရိန်းတို့သည် ၎င်းတို့၏ ကောင်းကင်ယံများကို ကာကွယ်ရန်အတွက် လေကြောင်း ကာကွယ်ရေး စနစ်များ အပေါ်တွင်လည်း အလွန်မှီခို အားထားလျက်ရှိသည်။

ယူကရိန်းသည် အမေရိကန်လုပ် Patriot လေကြောင်း ကာကွယ်ရေးစနစ်၊ ဥရောပလုပ် IRIS-T၊ NASAMS နှင့် SAMP/T လေကြောင်း ကာကွယ်ရေးစနစ်တို့ကို အသုံးပြုနေသည်။

ရုရှားကမူ S-400/S-300 ၊ Buk၊ Tor နှင့် Pantsir လေကြောင်း ကာကွယ်ရေးစနစ်များကို အသုံးပြုနေသည်။

၂၀၂၄ ခုနှစ်တွင် ယူကရိန်းက ရုရှား၏ တိုက်ခိုက်မှုများကို တွန်းလှန်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အနောက်နိုင်ငံများထံမှ F-16 တိုက်လေယာဉ်များကို လက်ခံရရှိခဲ့သည်။ 

ထိုလေယာဉ်များအနက် လေယာဉ် ၄ စင်းသည် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရင်း ဆုံးရှုံးခဲ့ရကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

ဒရုန်းထုတ်လုပ်နေစဉ် 

ကျည်ကာကားများ၏ အခန်းကဏ္ဍ မှေးမှိန်လာခြင်း

စစ်ပွဲ စတင်ဖြစ်ပွားသည့် အချိန်က စစ်မြေပြင်တွင် အလွန် အသုံးဝင်ခဲ့သော တင့်ကားများနှင့် သံချပ်ကာ ကားများ သည် နောက်ပိုင်းတွင် အသုံးဝင်မှု လျော့နည်းလာသည်။

အဘယ်ကြောင့်ဆိုသော် တင့်ကားများနှင့် ကျည်ကာကားများသည် အလွန်စျေးကြီးသည်။ ထိုကဲ့သို့ စျေးကြီးသည့် တင့်ကားများကို စျေးပေါသော ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခြင်းကြောင့်ဖြစ်သည်။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်း စစ်မြေပြင်အတွင်း အလွန်တန်ဖိုးကြီးသည့် T-90 ၊ T80 နှင့် T-72 တင့်ကား အများအပြားကို ဆုံးရှုံးခဲ့ရသည်ဟု သတင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်။

ယူကရိန်းသည်လည်း ၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့သည့် တန်ပြန်ထိုးစစ်တွင် အနောက်နိုင်ငံများမှ Leopard ၊ Challenger နှင့် Abrams တင့်ကားများကို အသုံးပြုခဲ့သော်လည်း ရုရှား၏ ခံစစ်ကို ထိရောက်စွာ ထိုးဖောက် နိုင်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ၂ ဘက်စလုံးရှိ တပ်ဖွဲ့များသည် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ဆိုင်ကယ်များကို အသုံးပြုလာကြသည်။

ယူကရိန်း စစ်ပွဲအတွင်း လက်နက်ကြီးများကိုလည်း အသုံးပြုခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဥရောပ၏ ခန့်မှန်းချက်အရ ရုရှားသည် အမြောက်ဆန် ၁၀,၀၀၀ ခန့်ကို ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

ထိုပမာဏအရ ပြင်သစ်၏ တစ်နှစ်တာ အမြောက်ဆန် ထုတ်လုပ်မှု၏ ၁၀ ပုံ ၁ ပုံဖြစ်သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး ကလည်း ရုရှားသည် ယူကရိန်းတပ်ဖွဲ့များထက် လက်နက်ကြီး အသုံးပြုမှုသည် ၂ ဆခွဲခန့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: NDTV