CNI International News
ကရာမာတော့စ်၊ ဖေဖော်ဝါရီ ၂၂
ယူကရိန်း-ရုရှား စစ်ပွဲသည် ၃ နှစ်တာ ကာလအတွင်းသို့ ဝင်ရောက်လာခဲ့ချိန်တွင် ရုရှားကို ခုခံတိုက်ခိုက်နေရသည့် ယူကရိန်းဘက်မှာ စစ်သားအင်အားနှင့် လက်နက်အင်အားများ လျော့နည်းလာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
အထူးသဖြင့် ရှေ့တန်း စစ်မျက်နှာပြင်တစ်ခုရှိ ယူကရိန်း၏ အမှတ် ၅၉ တပ်မဟာမှ ခြေလျင်တပ်ဖွဲ့တစ်ခုတွင် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်မှုထမ်းအင်အားသည် လက်ရှိအချိန်၌ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
ကျန်စစ်သားများသည် သေဆုံး၊ ဒဏ်ရာရခဲ့ကြကြောင်း၊ အချို့စစ်သားများမှ အသက်အရွယ်ကြီးရင့်မှု၊ နာမကျန်း ဖြစ်မှုတို့ကြောင့် အနားပေးခံခဲ့ရကြောင်း တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များ၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် ယူကရိန်းစစ်တပ်ဘက်၌ သေဆုံးသူများနှင့် ဒဏ်ရာရသူ အများအပြားရှိနေမှုနှင့်အတူ အလွန်အေးခဲသည့် ရာသီဥတုတွင် စိုစွတ်ပြီး ထူထပ်သည့် ရွှံ့မြေများက စစ်သားများ၏ ကျန်းမာရေးကို ထိခိုက်စေခဲ့သည်ဟု အမည်မဖော်လိုသည့် ယူကရိန်းတပ်မှူးတစ်ဦးက ပြောသည်။
ရုရှားစစ်သားကို တွေ့ရစဉ်
“ရာသီဥတုကတော့ မိုးရွာလိုက်၊ နှင်းကျလိုက်၊ မိုးရွာလိုက်၊ နှင်းကျလိုက်ပါပဲ။ လူတွေက တုပ်ကွေးနဲ့ နှလုံးရောဂါ တွေကို ခံစားခဲ့ရပါတယ်။ တချို့အချိန်တွေဆိုရင် ထိန်းမနိုင်၊ သိမ်းမရ ဖြစ်တတ်ပါတယ်။ ရောဂါရှိနေတဲ့ တပ်သား တွေနေရာမှာ အစားထိုးမယ့် တပ်သားလည်း မရှိပါဘူး”ဟု ၎င်းက ပြောသည်။
ယူကရိန်းစစ်ပွဲ ၂ နှစ်ပြည့်ခဲ့သည့် အချိန်ကတည်းက ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ယူကရိန်းစစ်ပွဲ ကို သမားရိုးကျ မြေပြင်စစ်ဆင်ရေးနှင့် နည်းပညာမြင့် ဒရုန်းများအား ပေါင်းစပ်ကာ တိုက်ပွဲဗျူဟာသစ်တစ်ခုကို ဖော်ဆောင်ခဲ့သည်။
ရုရှားသည် မကြာသေးမီလများအတွင်း စစ်မြေပြင်တွင် အနည်းငယ် အသာစီးရခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ် ကုန်ကလည်း ဒွန်နက်စ်(Donetsk) ဒေသ၏ ပြိုင်ဆိုင်မှု ပြင်းထန်သည့် အက်ဗ်ဒိဗ်ကာ (Avdiivka) မြို့ကို သိမ်းပိုက် နိုင်ခဲ့သည်။
ယူကရိန်းစစ်သား ဒရုန်းတီထွင်နေစဉ်
ထိုမြို့ကို ကာကွယ်ရန် ကြိုးပမ်းခဲ့သည့် ယူကရိန်း၏ အမှတ် ၃ သီးခြားတိုက်ခိုက်ရေး တပ်မဟာမှ ပြောရေးဆိုခွင့်ရှိ သူက “မြို့ကို သိမ်းပိုက်ရန် ချီတက်လာသည့် ရုရှားစစ်သားအင်အားသည် အလွန်များပြားခဲ့ပြီး စစ်သား အချိုး အရ ရုရှားစစ်သား ၇ ဦးရှိချိန်တွင် ယူကရိန်းစစ်သား ၁ ဦးသာ ရှိခဲ့ကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် အနောက်နိုင်ငံများ၏ စစ်ရေး အကူအညီများ နှေးကွေးနေသဖြင့် စစ်မြေပြင်တွင် လက်နက်အင်အားအရ ရုရှားစစ်သားများက ယူကရိန်းစစ်သားများထက် ပိုမိုသာလွန်နေသည်ဟုလည်း ယူကရိန်းစစ်တပ်၏ ရှေ့တန်း ရောက် တပ်မှူးများနှင့် စစ်သားများက ပြောကြားခဲ့သည်။
Source: ရိုက်တာ