CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၉

ရုရှားသည် ယူကရိန်းကို ထောက်လှမ်းရေး သတင်းများ စုဆောင်းရန်နှင့် အဖျက်အမှောက် စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် လောင်စာတင်သင်္ဘောများကို အသုံးပြု၍ ကင်းထောက်လှမ်းနေကြောင်း ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က အောက်တိုဘာ ၇ ရက်တွင် စွပ်စွဲခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဇာလန်းစကီးသည် ယူကရိန်း၏ ပြည်ပထောက်လှမ်းရေး အကြီးအကဲထံမှ အစီအရင်ခံ တင်ပြချက်များကို နားထောင်ခဲ့ပြီးနောက် Telegram လူမှုမီဒီယာတွင် ထိုကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ယူကရိန်းသည် ရုရှား၏ ထောက်လှမ်းမှုများနှင့် ပတ်သက်ပြီး မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဇာလန်းစကီးက ပြောသည်။

“လောလောဆယ်မှာ ရုရှားဟာ လောင်စာတင် သင်္ဘောတွေကို စစ်ပွဲအတွက် ငွေကြေးရဖို့ အတွက်သာ အသုံးပြုနေတာ မဟုတ်ပါဘူး။ ကင်းထောက်လှမ်းမှုတွေ၊ အဖျက်အမှောက် လုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက်ပါ လောင်စာတင်သင်္ဘောတွေကို အသုံးချနေပါတယ်။ ဒါကို လုံးဝ ရပ်တန့်ရပါမယ်” ဟု ဇာလန်းစကီးက ပြောကြား ခဲ့သည်။

ရုရှားသည် လောင်စာတင် သင်္ဘောများကို ရေတပ်၏ ကွပ်ကဲမှုအောက်တွင် ထားရှိပြီး ဥရောပ၌ တည်ငြိမ်မှု ပျက်ပြားစေသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အသုံးချနေသည်ဟု ယူကရိန်း ပြည်ပထောက်လှမ်းရေးအကြီးအကဲ အိုလက် အိုင်ဗက်ရှ်ချန်ကို (Oleh Ivashchenko) က ပြောကြားခဲ့သည်။

“မကြာသေးခင်က ဖြစ်စဉ်တွေမှာ ဒရုန်းတွေကို လောင်စာတင် သင်္ဘောတွေပေါ်က လွှတ်တင်ခဲ့တာတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဆီ အကြောင်းကြား ထားပါတယ်။ မဟာမိတ်တွေရဲ့ တုံ့ပြန်မှုတွေက အရေးကြီးပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

Source: ရိုက်တာ