CNI International News

ကိယက်ဗ်၊ ဧပြီ ၂၇

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ရုရှားကို နျူကလီးယား အကြမ်းဖက်မှု ကျူးလွန်နေ ကြောင်း ဧပြီ ၂၆ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံက ချာနိုဘိုင်း (Chernobyl) နျူကလီးယား ဘေးအန္တရာယ် နှစ်ပေါင်း ၄၀ ပြည့် ဝမ်းနည်း အောင့်မေ့ ဖွယ် အခမ်းအနားကို ကျင်းပနေစဉ်အတွင်း ရုရှား၏ ဒရုန်းတိုက်ခိုက်မှု အသစ်များ ဖြစ်ပွားခဲ့၍ ၎င်းက ယခုလို စွပ်စွဲ ခဲ့ခြင်းဖြစ်သည်။

ရုရှားက ဒရုန်းအစင်းရေ ၁၀၀ ကျော်ဖြင့် ညလုံးပေါက် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ တစ်ဝန်းတွင် လူ ၃ ဦး သေဆုံးခဲ့သည်။

ချာနိုဘိုင်း နှစ်ပတ်လည်နေ့အတွက် လူမှုကွန်ရက်တွင် တင်ခဲ့သော ပို့စ်တစ်ခု၌ ဇာလန်းစကီးက ရုရှားသည် ၎င်း၏ ကျူးကျော်စစ်မှတဆင့် ကမ္ဘာကြီးကို လူသားတို့ဖန်တီးသည့် ဘေးအန္တရာယ် တစ်ခု၏ ချောက်ကမ်းပါးစွန်းသို့ နောက်တစ်ကြိမ် တွန်းပို့နေသည်ဟု ရေးသားခဲ့သည်။

နိုဘိုင်း (Chernobyl) နျူကလီးယား ဘေးအန္တရာယ် နှစ်ပေါင်း ၄၀ ပြည့် ဝမ်းနည်း အောင့်မေ့ဖွယ် အခမ်းအနားကို တွေ့ရစဉ်

ရုရှားဒရုန်းများသည် ချာနိုဘိုင်း စက်ရုံပေါ်မှ ပုံမှန်ဖြတ်ပြီး ပျံသန်းနေကာ ပြီးခဲ့သည့် နှစ်ကလည်း ဒရုန်းတစ်စင်း သည် စက်ရုံ၏ အကာအကွယ် ခေါင်မိုးကို ထိမှန်ခဲ့ကြောင်း ဇာလန်းစကီးက ဆိုသည်။

“ဒီလိုမျိုး နျူကလီးယား အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို ကမ္ဘာကြီးက ခွင့်မပြုသင့်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ရုရှားရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်အောင် ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၁၉၈၆ ခုနှစ်က ချာနိုဘိုင်း နျူကလီးယားစက်ရုံတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အရပ်ဘက် နျူကလီးယား ဘေးအန္တရာယ်ဖြစ်ပြီး နျူကလီးယားစွမ်းအင်အပေါ် ကမ္ဘာ့အမြင်ကို ပြောင်းလဲစေခဲ့သည်။

ရေဒီယိုသတ္တိကြွမှုနှင့် ထိတွေ့မိခြင်းကြောင့် လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ရသည်ဟု ခန့်မှန်းရသော်လည်း သေဆုံးသူ အရေအတွက် အတိအကျကို လေ့လာဆန်းစစ်ချက်များ ကွဲပြားလျက်ရှိသည်။

နိုဘိုင်း (Chernobyl) နျူကလီးယား ဘေးအန္တရာယ် နှစ်ပေါင်း ၄၀ ပြည့် ဝမ်းနည်း အောင့်မေ့ဖွယ် အခမ်းအနားကို တွေ့ရစဉ်

၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အစီအရင်ခံစာ တစ်ခုအရ အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် နိုင်ငံသုံးနိုင်ငံတွင် သေဆုံး ကြောင်း အတည်ပြုနိုင်သူနှင့် ခန့်မှန်းခြေ သေဆုံးသူ အရေအတွက်မှာ ၄၀၀၀ ရှိသည်ဟု ဖော်ပြသော်လည်း၊ Greenpeace အဖွဲ့ကမူ ထိုဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၀၀,၀၀၀ နီးပါး ရှိနိုင်သည်ဟု ၂၀၀၆ ခုနှစ်က ခန့်မှန်း ထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံ တစ်ဝန်းတွင် ရုရှား၏ တိုက်ခိုက်မှုများကြောင့် လူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းမြောက်ပိုင်း နယ်စပ်ဒေသဖြစ်သော ဆူမီ (Sumy) ဒေသတွင် ရုရှား၏ ဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်