CNI Sport News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂

အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက DR ကွန်ဂိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ချီးကျူးခဲ့ပေမယ့် အသင်းမှာ စိုးရိမ်စရာတွေ ရှိနေဆဲလို့ ပြောခဲ့ပါတယ်။ 

ဝိန်းရွန်နီက “သူ့ရဲ့ခေါင်းတိုက်ဂိုးက အလွန်ကောင်းမွန်သလို ဒုတိယဂိုးကတော့ အံ့မခန်းပါပဲ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားအားလုံးဟာ ဒီကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည်တွေ ပြသနေပြီး ဟာရီကိန်းက အင်္ဂလန်ရဲ့ စူပါစတား ဖြစ်သလို ကျနော်တို့အတွက် သူရဲကောင်းပါ။ သူက တကယ့်ကို ထိပ်တန်းကစားသမား တစ်ဦးပါ”လို့ BBC ကို ပြောခဲ့ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဒီပွဲရဲ့ ပွဲချိန်အစောပိုင်းမှာ DR ကွန်ဂိုအသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီး သွင်းဂိုးပြန်လည် ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရကာ ပွဲချိန် ၇၅ မိနစ်အရောက်မှ ချေပဂိုးရခဲ့တာပါ။

ဒီဂိုးကို ဟာရီကိန်းက ခေါင်းတိုက်သွင်းယူခဲ့ပြီး ပွဲချိန် ၈၆ မှာ သူကပဲ လှပတဲ့ ကန်ချက်နဲ့ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး နော်ဝေအသင်း တိုက်စစ်မှူးဟာလန်းနဲ့ သွင်းဂိုး ချင်း တူညီနေတာပါ။ 

ဝိန်းရွန်နီကို တွေ့ရစဉ်

သူတို့ရဲ့အထက်မှာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီနဲ့ ပြင်သစ်အသင်း ခေါင်းဆောင် ဘတ်ပီတို့က ၆ ဂိုးစီ သွင်းယူထားပြီး ရပ်တည်နေပါတယ်။ 

ဝိန်းရွန်နီက အင်္ဂလန်အသင်း နောက်တစ်ဆင့်တက်တာကို သူတို့အားလုံး ဝမ်းသာကြပေမယ့် အသင်းဟာ ဘောလုံးကို ဆုံးရှုံးတဲ့အချိန်မှာ ဟာကွက်တွေ အများကြီး ဖြစ်သွားတယ်လို့ ပြောခဲ့တာပါ။

အဲ့ဒါကြောင့် အင်္ဂလန်အသင်းအနေနဲ့ ဒါကို မပြင်ဆင်နိုင်ရင် ပိုကောင်းတဲ့ အသင်းတွေနဲ့ တွေ့တဲ့အချိန်မှာ ဒုက္ခ ရောက်သွားနိုင်တဲ့အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ဝိန်းရွန်နီက ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင် တစ်သင်းဖြစ်တဲ့ မက္ကဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN