CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၂

အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ သူကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ အယ်လ်ဘေးနီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် ပိုပြီးကောင်းအောင် လုပ်ရမယ်လို့ အင်္ဂလန်အသင်းကို သတိပေးခဲ့ပါတယ်။

တူချယ်လ်က "ကျနော်တို့ ပိုကောင်းအောင် လုပ်နိုင်တယ်၊ ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်ရပါမယ်။ ကျနော် တို့ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး ၇ မိနစ် ဒါမှမဟုတ် ၈ မိနစ်မှာ ဘောလုံးပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းနဲ့ ဘောလုံး ပေးပို့မှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ဟာ အလွန်နှေးကွေးလွန်းတယ်လို့ ခံစားခဲ့ရကြောင်း”ITV ကို ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ စကယ်လီ၊ ဟာရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အယ်လ်ဘေးနီးယားအသင်းကို အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ ဒီပွဲမှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့သလို စကယ်လီနဲ့ ဒန်ဘန်းတို့ကို သူတို့ရဲ့လက်ရွေးစင် ကစားသမား ပွဲဦးထွက်အဖြစ် အသုံးပြုခဲ့တာပါ။

အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်း ကြယ်ပွင့် စကယ်လီဟာ ဒီပွဲမှာ ဂိုးသွင်းပြီး အင်္ဂလန် ကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ 

တူချယ်လ်ဟာ စကယ်လီကို အံ့သြစရာကောင်းတဲ့ ကစားသမားအဖြစ် ချီးကျူးခဲ့ပြီး ဒါက သူနဲ့ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။

စကယ်လီနဲ့ အာဆင်နယ်အသင်းမှာ အတူတွဲကစားနေတဲ့ အင်္ဂလန်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူဟာ ကြောက်ရွံ့မှု မရှိသလို ကွင်းထဲမှာ အရာအားလုံးကို မှန်ကန်စွာလုပ်ပြီး ၁၈ နှစ်အရွယ်သာ ရှိသေးတာ ကြောင့် ဒါက သူ့အတွက် အစပဲရှိသေးတယ်လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် မတ်လ ၂၄ ရက်မှာ နောက်ထပ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လတ်ဗီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC