CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၂

ဘရာဇီးလ်အသင်းက ကိုလံဘီယာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တဲ့ ဘရာဇီးလ်ဂိုးသမား အယ်လီဆန်ဟာ အသင်းထံ ပြန်လာမယ်လို့ လီဗာပူးလ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ 

အယ်လီဆန်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၇၀ ကျော်မှာ ကိုလံဘီယာအသင်း နောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ်နဲ့ ဦးခေါင်းချင်း တိုက်မိခဲ့ပြီး နှစ်ဦးစလုံး ကွင်းထဲလဲကျ သွားခဲ့တာပါ။

ဆေးအဖွဲ့ဝင်တွေဟာ ကွင်းထဲကို အမြန်ဆုံး ဝင်ရောက်ကာ ဆေးကုသမှုတွေ ပြုလုပ်ပြီးနောက်မှာ နှစ်ဦးစလုံးဟာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အယ်လီဆန်ဟာ လီဗာပူးလ်အသင်း ဆေးအဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှု ပြုလုပ်တာကို ခံယူဖို့ မာဆေးဆိုဒ်ထံ ပြန်လာရမှာပါ။

အယ်လီဆန်ဟာ ဘရာဇီးလ်အသင်း လူစာရင်းကနေ ထွက်ခွာခဲ့တာကြောင့် အာဂျင်တီးနားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

အယ်လီဆန် ဦးခေါင်းဒဏ်ရာရသွားစဉ်

ဘရာဇီးလ်အသင်းဟာ ကိုလံဘီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။

အာဂျင်တီးနားအသင်းကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင်နေချိန်အတွင်းမှာ အယ်လီဆန် အပါအဝင် ပြင်သစ်နောက်ခံလူ ကိုနာတေးနဲ့ နယ်သာလန်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်ရဲ့ ဒဏ်ရာတွေကြောင့်လည်း စိုးရိမ်စရာတွေ ရှိနေရတာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၁၂ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဧပြီ ၂ ရက်မှာ အဲဗာတန်အသင်းနဲ့ လိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA