CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် တောင်ပံကစားသမား ဆာလက်က အသင်းရဲ့ခေတ်သစ် ဂန္ထဝင်တွေအတွက် နောက်ထပ်ဆုဖလား လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဆာလက်က “ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလား ရယူဖို့နီးစပ်နေပြီလို့ ကျနော် မပြောပါဘူး။ သေချာတာ ကတော့ ကျနော်တို့အတွက် နောက်ထပ်ဆုဖလား လိုအပ်ပါတယ်။ ကျနော်နဲ့ အသင်းမှာရှိတဲ့ ကစားသမားကြီး တွေအတွက် ကျနော်တို့ နောက်ထပ်ဆုဖလား လိုအပ်ပါတယ်။ ဒီအတွက် ကျနော်တို့ အကောင်းဆုံး လုပ်ဆောင် သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၁၁ မှတ်အသာနဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့တာပါ။
ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ပွဲက သွင်းဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးသွင်း အများဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါအပြင် ဆာလက်ဟာ ဥရောပထိပ်တန်း ၅ လိဂ်ထဲမှာ ဂိုးပါဝင်ပတ်သက်မှု ၅၀ ပြည့်တဲ့ ပထမဆုံး ကစားသမား လည်း ဖြစ်လာခဲ့တာပါ။
ဆာလက်ဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့အနာဂတ် မရေမရာ ဖြစ်နေပေမယ့် ဒီရာသီက သူအနှစ်သက်ဆုံး ရာသီလို့လည်း ပြောခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အရေးနိမ့်ထားတဲ့ လီဗာပူးလ်အသင်းဟာ ကြားရက် ထဲမှာ လိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN