CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်က ဒီရာသီဟာ အသင်းအတွက် သူကစားတဲ့ နောက်ဆုံးရာသီ ဖြစ်နိုင် တယ်လို့ ယူနိုက်တက်အသင်းနဲ့ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

ဆာလက်က “ဒီနှစ်ဟာ ကလပ်မှာ ကျနော့်အတွက် နောက်ဆုံးနှစ်ပါ။ ကျနော် ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းချင်ပြီး ဘာမှကို မစဉ်းစားချင်ပါဘူး။ အခုအချိန်မှာ ဘောလုံးကို လွတ်လွတ်လပ်လပ် ကစားနေရတယ်လို့ ခံစားနေရပြီး လာမယ့်နှစ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို မြင်တွေ့ရမှာပါ။ အသင်းမှာရှိတဲ့ ဘယ်သူကမှ စာချုပ်အကြောင်း မပြောသေးပါဘူး။ ဒါကြောင့် ကျနော့်ရဲ့ နောက်ဆုံးရာသီ ကစားပြီးရင် ဘာဖြစ်မလဲဆိုတာ ရာသီအကုန်မှာ မြင်တွေ့ကြရမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။

ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပေမယ့် အခုအချိန်ထိ စာချုပ်သစ်နဲ့ပတ်သက်ပြီး ပြောဆိုမှု မရှိသေးတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ဆာလက်ကို ခေါ်ယူဖို့ ပေါင်သန်း ၁၅၀ နဲ့ အယ်လ်အစ်တီဟတ် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။ 

ဆာလက်ကို တွေ့ရစဉ်

ဆော်ဒီကလပ် အသင်းတွေဟာ ဒီနွေရာသီမှာ ဆာလက်ကို ခေါ်ယူဖို့ ထပ်မံကြိုးစားနိုင်တယ်လို့ သတင်းထွက် ခဲ့ပေမယ့် ခိုင်မာတဲ့ ကမ်းလှမ်းမှုတွေ မရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကတော့ ဆာလက်ရဲ့ စာချုပ်နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပေမယ့် သူ့ရဲ့စာချုပ်အကြောင်းကို ပြောသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ 

ဆာလက်ဟာ ဗန်ဒိုက်၊ အာနိုးလ်တို့နဲ့အတူ ရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့်သူတွေ ဖြစ်ပါတယ်။ 

ဗန်ဒိုက်နဲ့ အာနိုးလ်တို့လည်း လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် သဘောတူညီမှု မရသေးတာကြောင့် ရာသီအကုန် မှာ အသင်းက ထွက်ခွာရဖွယ်ရှိနေတာပါ။

၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ၃၅၂ ပွဲ ကစား ထားပြီး ၂၁၄ ဂိုးသွင်းယူကာ ၉၂ ဂိုး ဖန်တီးမှု ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားအများအပြား ရယူထားနိုင်တာဖြစ်ပါတယ်။ 

Source: ESPN