CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ဟက်စကီးက အမေရိကန်ကြယ်ပွင့် ပူလီဆစ်ဟာ ဆာလက်ရဲ့ နေရာမှာ အသုံးဝင်တဲ့ အစားထိုးမှု ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

ဟက်စကီးက “ကျနော် ပူလီဆစ်ကို အလွန်သဘောကျပါတယ်။ သူဟာ ချယ်လ်ဆီးမှာရှိခဲ့ချိန်က ကျနော်လိုချင် သလောက် သွင်းဂိုးတွေ မသွင်းနိုင်ခဲ့ပေမယ့် ခံစစ် ကစားသမားတွေကို ပြဿနာတွေ ပေးခဲ့တယ်လို့ ထင်ပါတယ်။ ဆာလက်ဟာ အီတလီကိုသွားဖို့ ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ပြီး လီဗာပူးလ်အတွက် သူဘာတွေ လုပ်ခဲ့လဲဆိုတာ ကြည့်လိုက်ပါ။ ပူလီဆစ်ကိုလည်း ဒီလိုမျိုးပုံစံနဲ့ ပရီးမီးယားလိဂ်ထံ ပြန်လာတာကို မြင်ရရင် အလွန်ကောင်းမယ် ထင်ကြောင်း” OLBG ကို ပြောခဲ့ပါတယ်။ 

ဆာလက်ဟာ ၂၀၂၇ ခုနှစ် နွေရာသီအထိ လီဗာပူးလ်အသင်းနဲ့ စာချုပ်ရှိနေပေမယ့် ဒီရာသီမှာ စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတာပါ။ 

အသက် ၃၃ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက် နောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ သွင်းဂိုး သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။ 

ဆာလက်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်က စိတ်ဝင်စားနေတာကြောင့် လီဗာပူးလ်အသင်းဟာ နွေရာသီ မှာ ရောင်းချပြီး ပြောင်းရွှေ့ကြေး ရှာဖွေနိုင်ပါတယ်။

ပူလီဆစ်ကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ ဆာလက် ထွက်ခွာခဲ့ရင် ညာတောင်ပံနေရာမှာ ကစားသမားအစားထိုးဖို့ ပြင်ဆင်နေတာ ကြောင့် ကစားသမား တချို့နဲ့ သတင်းတွေ ထွက်နေတာပါ။

အေစီမီလန်အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ နှောင့်နှေးနေတဲ့ ပူလီဆစ်လည်း ဒီကစားသမား စာရင်းထဲမှာ ပါဝင်နေပြီး ဟက်စကီးကတော့ ပူလီဆစ်ဟာ အသင်းရဲ့ လူစာရင်းထဲ အလွန်ကောင်းမွန်တဲ့ ကစားသမား ဖြည့်တင်းမှုလို့ ခံစားနေရပါတယ်။ 

ဒါ့ပြင် ဟက်စကီးက ဝက်စ်ဟမ်းအသင်း ခေါင်းဆောင် ဘိုဝင်နဲ့ PSG အသင်း တောင်ပံကစားသမား ကာဗီချာတို့ ကိုလည်း ဆာလက်ရဲ့ နေရာမှာ အစားထိုးမယ့် စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းပရိသတ် တစ်ဦးအဖြစ်နဲ့ ကြီးပြင်းလာတဲ့ နယူးကာဆယ်အသင်း ကြယ်ပွင့် ဂေါ်ဒွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

Source: Goal