CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

နာမည်ကြီး လက်ဝှေ့သမားတွေဖြစ်တဲ့ ပတ်ကွီအိုနဲ့ မေဝယ်သာတို့ဟာ စက်တင်ဘာလထဲမှာ ပရော်ဖက်ရှင်နယ် မကျေပွဲအဖြစ် ထိုးသတ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ 

အသက် ၄၇ နှစ်အရွယ်ရှိ ပတ်ကွီအိုနဲ့ ၄၈ နှစ်အရွယ်ရှိ မေဝယ်သာတို့ဟာ စက်တင်ဘာလ ၁၉ ရက်၊ Las Vegas ရှိ Sphere မှာ ထိုးသတ်မှာဖြစ်ပြီး ဒီပွဲကို Netflix ကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာပါ။ 

ကမ္ဘာ့ချန်ပီယံဟောင်း မေဝယ်သာဟာ အနားယူတာကနေ ပြန်လာပြီး ပွဲတွေထိုးသတ်တော့မယ်လို့ ပြီးခဲ့တဲ့ အပတ်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပတ်ကွီအိုနဲ့ပွဲဟာ မေဝယ်သာအတွက် MMA ဖိုက်တာ မက်ဂရီဂေါကို အနိုင်ရခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရော်ဖက်ရှင်နယ် ထိုးသတ်ပွဲဖြစ်လာမှာပါ။ 

ဖိလစ်ပိုင်လက်ဝှေ့သမား ပတ်ကွီအိုဟာ နိုင်ငံရေးလောကထဲကို အာရုံစိုက်ဖို့ ၂၀၂၁ ခုနှစ်မှာ အနားယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လမှာ WBC ဝယ်လ်တာဝိတ်ချန်ပီယံ ဘာရီယိုစ်နဲ့ထိုးသတ်ဖို့ ကြိုးဝိုင်းထဲ ပြန်လည် ဝင်ရောက်ခဲ့ ပါတယ်။

ဒီပွဲဟာ သရေရလဒ် ထွက်ပေါ်ခဲ့တာပါ။ မေဝယ်သာနဲ့ ပတ်ကွီအိုတို့ဟာ ၂၀၁၅ ခုနှစ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ရာစုနှစ်ရဲ့ ထိုးသတ်ပွဲလို့ ဖော်ပြခံခဲ့ရကာ လက်ဝှေ့သမိုင်းမှာ ကြေးအကြီးမားဆုံးပွဲအဖြစ် အခု အချိန်ထိ ရှိနေပါတယ်။ 

ပတ်ကွီအိုနဲ့ မေဝယ်သာကို တွေ့ရစဉ် 

၁၂ ချီ ထိုးသတ်ခဲ့တဲ့ဒီပွဲမှာ မေဝယ်သာက ပတ်ကွီအိုကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

အခုပြန်လည် ထိုးသတ်မယ့် မကျေပွဲမှာ ဘယ်နှစ်ချီပါဝင်ပြီး ဘယ်ဝိတ်တန်းမှာ ယှဉ်ပြိုင်ရမလဲဆိုတာ မသိရသေး ပါဘူး။ 

ပတ်ကွီအိုက ပရိသတ်တွေဟာ ဒီပွဲကို အချိန်အတော်ကြာ စောင့်မျှော်နေကြပြီး မကျေပွဲက သူတို့နဲ့ ထိုက်တန် တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့ပြင် ပတ်ကွီအိုက မေဝယ်သာအနေနဲ့ ပရောဖက်ရှင်နယ်ပွဲမှာ တစ်ကြိမ်ရှုံးနိမ့်ပြီး ဘယ်သူက သူ့ကို အနိုင်ယူ ခဲ့လဲဆိုတာ အမြဲတမ်း သတိရစေချင်တယ်လို့ ပြောခဲ့ပါတယ်။ 

ပရော်ဖက်ရှင်နယ် ထိုးသတ်ခဲ့တဲ့ ပွဲပေါင်း ၅၀ စလုံး အနိုင်ရခဲ့တဲ့ မေဝယ်သာက သူဟာ ပတ်ကွီအိုကို တစ်ကြိမ်ထိုး သတ်ပြီး အနိုင်ယူထားခဲ့သလို ဒီတစ်ကြိမ်လည်း ရလဒ်က အတူတူပဲ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ 

Source: BBC