CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၄
ဖိလစ်ပိုင်ဖိုက်တာ ပတ်ကွီအိုက မေဝယ်သာနဲ့ ထိုးသတ်ပွဲအတွက် စာချုပ်ချုပ် ဆိုထားပြီး ဖြစ်ကြောင်းနဲ့ သရုပ်ပြ ပွဲသာ ထိုးရမယ်ဆိုရင် သူဟာ ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ပတ်ကွီအိုက “ကျနော်တို့ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ထဲမှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲအတွက်ဆိုတာ ရှင်းရှင်း လင်းလင်း ပြောပြချင်ပါတယ်။ ဒါက သရုပ်ပြပွဲ မဟုတ်ပါဘူး၊အမှန်တကယ် ထိုးသတ်မယ့်ပွဲပါ။ သူဒါကို မှတ်မိ ရမှာပါ”လို့ ဒေသတွင်း မီဒီယာတွေကို ပြောခဲ့တာပါ။
အသက် ၄၉ နှစ်အရွယ်ရှိ မေဝယ်သာနဲ့ အသက် ၄၇ နှစ်အရွယ်ရှိ ပတ်ကွီအိုတို့ရဲ့ မကျေပွဲကို စက်တင်ဘာလ ၁၉ ရက် ကျရင် Las Vegas ရှိ the Sphere မှာ ထိုးသတ်ဖို့ စီစဉ်ထားပြီး Netflix က တိုက်ရိုက် ထုတ်လွှင့်ပြသမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် မေဝယ်သာက ပတ်ကွီအိုနဲ့ မကျေပွဲဟာ အမှန်တကယ် ထိုးသတ်မယ့်ပွဲ မဟုတ်ဘဲ သရုပ်ပြပွဲသာ ဖြစ်တာကြောင့် နှစ်ဦးစလုံးက အနိုင်ရတဲ့သူတွေလို့ ပြောခဲ့တာပါ။

ပတ်ကွီအိုနဲ့ မေဝယ်သာကို တွေ့ရစဉ်
ဒါ့အပြင် မေဝယ်သာက ဒီပွဲထိုးမယ့် နေရာကို မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောခဲ့ပါတယ်။
ရာစုနှစ်ရဲ့ တိုက်ပွဲလို့ တင်စားခြင်းခံခဲ့ရတဲ့ ၂၀၁၅ ခုနှစ်ကပွဲမှာ ပတ်ကွီအိုကို အနိုင်ရခဲ့တဲ့ မေဝယ်သာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ထိုးသတ်ခဲ့တဲ့ ပွဲ ၅၀ စလုံး အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပတ်ကွီအိုရဲ့ ပွဲစီစဉ်သူဖြစ်တဲ့ ဂျက်စ်မာသာက မေဝယ်သာရဲ့ အဖွဲ့မှာ စာချုပ်အားလုံးရှိပြီး၊ သူက စာချုပ် အားလုံးကို လက်မှတ်ထိုးခဲ့ကြောင်းနဲ့ သူ့ရဲ့မှတ်ချက်က စာချုပ်ကို ချိုးဖောက်နေတယ်လို့ ပြောခဲ့ပါတယ်။
Source: CNA
