CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၄
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မပျော်ရွှင်တဲ့ ကြယ်ပွင့် ကစားသမားတွေဟာ အသင်းကနေ ထွက်ခွာ သွားနိုင်ပေမယ့် ကွင်းလယ်လူ ရိုဒရီကိုတော့ အသင်းမှာဆက်ရှိဖို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့နိုင်ငံတကာ ရက်သတ္တပတ်မှာ အက်သလက်တီကိုအသင်း ကစားသမားဟောင်း ရိုဒရီက ကမ္ဘာ့ အကောင်းဆုံး ကလပ်တွေကို ငြင်းပယ်လို့ မရဘူးလို့ပြောကာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့စဉ်းစားမယ်လို့ ပြောခဲ့တာပါ။
၂၀၁၉ ခုနှစ်မှာ မန်စီးတီးအသင်းထံ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၂၉၃ ပွဲ ကစားထားတဲ့ ရိုဒရီရဲ့ စာချုပ်ဟာ လာမယ့် ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပါတယ်။

ဂွာဒီယိုလာနဲ့ ရိုဒရီကို တွေ့ရစဉ်
ဂွာဒီယိုလာက “ရီးရယ်လ်အသင်းမှာ ကစားဖို့ အခွင့်အရေးကို ငြင်းပယ်မယ့် ကစားသမားတစ်ဦးမှ မရှိပါဘူး။ ကျနော်ကတော့ ရိုဒရီအသင်းမှာ အချိန်အကြာကြီး ဆက်ပြီးရှိနေနိုင်ဖို့ အမြဲတမ်း မျှော်လင့်မိပါတယ်။ သူဟာ အံ့မခန်းဖွယ် ကောင်းမွန်သလို ထိပ်တန်း ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ဘဝက လူတိုင်းရဲ့ ဘဝပါပဲ”လို့ ပြောခဲ့တာပါ။
ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာကြောင့် အသင်းရဲ့ တစ်ရာသီလုံးနီးပါး လွဲချော်ခဲ့ပြီး မန်စီးတီးအသင်းကလည်း ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရပါတယ်။
ဒီရာသီမှာလည်း ရိုဒရီဟာ အသင်းရဲ့ ပွဲအများအပြားကို လွဲချော်ခဲ့ပေမယ့် ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားပြီး မန်စီးတီး အသင်းကို ကာရာဘောင်းဖလား ရရှိအောင် ကူညီပေးထားတာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရိုဒရီ ထွက်ခွာချင်ရင် သူ့ရဲ့လမ်းကြောင်းကို ပိတ်ဆို့ထားမှာ မဟုတ်ပေမယ့် သူပျော်ရွှင်တယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ရိုဒရီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေပြီး ဆွေးနွေးမှုတွေက ဘောလုံးဒါရိုက်တာ ဟူဂိုဗီယာနာအတွက် ဦးစားပေး ဖြစ်တယ်လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
Source: BBC
