CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူ့ရဲ့လူစာရင်းဟာ ဒဏ်ရာပြဿနာတွေကို ရှောင်ရှားနိုင်မယ်ဆိုရင် ဒီရာသီပြိုင်ပွဲ ၄ ခုစလုံးမှာ ဆုဖလား စိန်ခေါ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကြံ့ခိုင်မှုအပြည့်နဲ့ ကျနော်တို့ ဆက်သွားနိုင်မယ်ဆိုရင် ကျနော်တို့ဟာ ပွဲတိုင်း၊ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော် လုံးဝသံသယ မရှိပါဘူး။ ပြီးခဲ့တဲ့ ရာသီမှာဆိုရင် ကျနော်တို့ဟာ ပြိုင်ပွဲတစ်ခုကိုမှ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။ လုပ်ငန်းစဉ်တွေအတွင်းမှာ ဒဏ်ရာတွေ ရှိတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်နိုင်တယ်လို့ ခံစားရပြီး အနည်းဆုံးတော့ ကြိုးစား နိုင်တယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ခရစ္စမတ်မတိုင်မီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား ပွဲစဉ်တွေရှိနေပြီး ဇန်နဝါရီမှာ FA ဖလား တတိယအဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေကြောင့် အဓိက ကစားသမားအချို့ကို အနားပေးခဲ့ရတဲ့အတွက် ရလဒ်တွေ ဆိုးရွားခဲ့ပြီး ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

မန်စီးတီးနဲ့လီဗာပူးလ် ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းရဲ့အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ ရိုဒရီနဲ့ ကိုဗာချစ်တို့ဟာ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ကိုဗာချစ်ဟာ ခွဲစိတ်မှုတစ်ခုကြောင့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့သလို ခြေကျင်းဝတ် ဒဏ်ရာကို ထပ်ပြီး ခွဲစိတ်မှု ခံယူခဲ့ရတာကြောင့် အနားယူရဦးမယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အတည်ပြု ခဲ့ပါတယ်။
ရိုဒရီကလည်း ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲသာ ပါဝင် ကစားထားနိုင်သေးတာပါ။
ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၄ မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်ပြီးရင် လေဗာကူဆင်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
