CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂

ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ ပွဲစဉ်မတိုင်မီမှာ မြောက်ကိုရီးယား ကစားသမားတွေက သူတို့ကစားသမားတွေကို လက်သီးနဲ့ထိုးခဲ့တဲ့အပေါ် ဖီဖာကို ဆုံးဖြတ်ပေးဖို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုခဲ့ပါတယ်။ 

ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ဟာ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ကြ တာပါ။

ပွဲမတိုင်မီမှာ နှစ်သင်းစလုံး ကစားသမားတွေဟာ လက်ဆွဲနှုတ်ဆက်မှုတွေ ပြုလုပ်ဖို့ တန်းစီနေကြပြီး ကစားသမား တွေဟာ အစပိုင်းမှာ လက်သီးချင်းထိပြီး နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ မြောက်ကိုရီးယား ကစားသမားတွေဟာ သူတို့ရဲ့လက်တွေကို အနောက်ကို ဝှေ့ယမ်းပြီး အားပါတဲ့ လက်သီးချက်တွေနဲ့ ဂျပန် ကစားသမားတွေကို ထိုးနေပုံပေါ်ခဲ့တာပါ။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပွဲတာဝန်ရှိသူတွေက မြောက်ကိုရီးယား ကစားသမားတွေကို အရေးယူခဲ့ခြင်း မရှိပါဘူး။

 မြောက်ကိုရီးယားကစားသမားက လက်သီးနဲ့ထိုးဖို့လုပ်နေစဉ် 

ဂျပန်ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဖြစ်ရပ်အတွက် ဖီဖာထံဆက်သွယ်ခဲ့ပြီး ဒီဖြစ်ရပ်ရဲ့ ရုပ်သံဖိုင်တွေကိုပါ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဖီဖာအနေနဲ့ ဒါကိုဆုံးဖြတ်ပေးဖို့ တောင်းဆိုချင်တယ်လို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဂျပန်သတင်းဌာန Chunichi ကို ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းတို့ဟာ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ဂျပန်အသင်းက ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။ 

ဒါပေမယ့် ဂျပန်အသင်းဟာ ကွာတားဖိုင်နယ်မှာ သြစတြီးယားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ 

ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ ကာလရှည်ကြာ တင်းမာမှုတွေ ရှိနေတာဖြစ်ပြီး ဂျပန်ရဲ့ လေပိုင်နက်ကို ကျော်ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် တင်းမာမှုတွေ ပိုပြီးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

Source: dailymail