CNI Sport News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃

ပေါ်တူဂီအသင်းက ခရိုအေးရှားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲအပြီးမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီအသင်းဟာ အသင်းဖော်ဟောင်း ဂျိုတာကို ဝမ်းနည်းဖွယ် ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါတယ်။ 

ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ပယ်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ပွဲပြီးဆုံးပြီးနောက် ဂျိုတာရဲ့ နံပတ် ၂၁ ပေါ်တူဂီဂျာစီကို ဝတ်ဆင်ပြီး အသင်းဖော်တွေနဲ့အတူ စုဝေးခဲ့ပါတယ်။ 

ဇူလိုင်လ ၃ ရက်နေ့ဟာ ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူ အန်ဒရီဆေးလ်ဗားတို့ အနောက်ပိုင်း စပိန်မှာ ကားမတော်တဆ မှုကြောင့် ကွယ်လွန်တာ ၁ နှစ် ပြည့်သွားခဲ့တာပါ။ 

ဂျိုတာဟာ ပေါ်တူဂီအသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူနိုင်ခဲ့ကာ နေးရှင်းလိဂ် ၂ ကြိမ် ရယူနိုင်ခဲ့  ပါတယ်။ 

ရော်နယ်လ်ဒိုက ဂျိုတာဟာ သူတို့နဲ့အတူ ရှိနေတယ်ဆိုတာ သူတို့သိပြီး သူ့ကို အကောင်းဆုံးနည်းလမ်းနဲ့ ဂုဏ်ပြုဖို့ အတွက် ဒီပွဲအနိုင်ရရှိတာက အဓိပ္ပါယ်ရှိတယ်လို့ ပေါ်တူဂီ Sport TV ကို ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ ပေါ်တူဂီအသင်းဟာ ပါရီဆစ်ရဲ့ သွင်းဂိုးနဲ့ ခရိုအေးရှားအသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပေမယ့် ရော်နယ်လ်ဒိုက ပယ်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့တာပါ။

ရော်နယ်လ်ဒို ဂိုးသွင်းနေစဉ်

ဒီဂိုးဟာ အသက် ၄၁ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုအတွက် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ပထမဆုံး သွင်းယူနိုင်တဲ့ သွင်းဂိုးဖြစ်သလို ဒီအဆင့်မှာ အသက်အကြီးဆုံး ဂိုးသွင်းယူတဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ပေါ်တူဂီအသင်းအတွက် ဂွန်ကာလိုရာမို့စ်က အနိုင်ဂိုးသွင်းယူခဲ့ပြီး ခရိုအေးရှားအသင်းက နောက်ဆုံးမိနစ်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့တာပါ။ 

ဒါပေမယ့် လူကျွံဘောအဖြစ် သတ်မှတ် ခံခဲ့ရတာကြောင့် ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီး ပေါ်တူဂီအသင်း ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ၁၆ သင်း အဆင့်အဖြစ် ဇူလိုင်လ ၇ ရက်မှာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: ESPN