CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄
ပေါ်တူဂီအသင်းက ဥဇဘတ်ကစ္စတန်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲမှာ ၂ ဂိုး သွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက သူပြန်လာပြီလို့ ပြောပြီး ဝေဖန်တဲ့သူတွေကို တုံ့ပြန်သွားခဲ့ပါ တယ်။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနဲ့ DR ကွန်ဂိုအသင်း ၁ ဂိုးစီ သရေကျခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ အများအပြား ခံခဲ့ရပါတယ်။
ဒါပေမယ့် ရော်နယ်လ်ဒိုဟာ ဥဇဘတ်ကစ္စတန်အသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး အကောင်းဆုံး ကစားသမားဆုရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ပွဲအပြီးမှာ ရုပ်မြင်သံကြား ကင်မရာကို စိုက်ကြည့်ပြီး “ကျနော် ပြန်လာပြီ၊ ကျနော် ပြန်လာပြီ”လို့ အော်ဟစ်သွားခဲ့တာပါ။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုက “ဝေဖန်တဲ့သူတွေ မမေ့အောင် ပြုလုပ်ခဲ့တာပါ။ ဘုရားသခင်က ကြိုးစားအားထုတ်တဲ့သူတွေကို ကူညီပေးတယ်ဆိုတာ ကျနော်သိပါတယ်။ ခက်ခဲပြီး မှောင်မိုက်တဲ့ အပတ်ဖြစ်ခဲ့သလို ဘောလုံးကနေ အနားယူ သွားပြီလို့ ခံစားခဲ့ရပေမယ့် ကြိုးစားအားထုတ်မှုကို ယုံကြည်တာကြောင့် လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ပြန်လာပါ ပြီ။ စံချိန်သစ်တွေ တင်ရတာ အမြဲတမ်း ကောင်းပေမယ့် ကျနော့်ရဲ့ ရည်မှန်းချက်က နိုင်ငံအသင်းရဲ့ ရည်မှန်းချက် တွေ အောင်မြင်အောင် ကူညီပေးဖို့ပါ”လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နေတဲ့အပေါ် မေးမြန်းချိန်မှာ မက်ဆီကို သူဂရုမစိုက်ဘူးလို့ ရော်နယ်လ်ဒိုက ဖြေသွားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီပွဲသွင်းဂိုးတွေကြောင့် ပေါ်တူဂီဂန္ထဝင် အူဆီဘီယိုရဲ့ ကမ္ဘာ့ဖလားသွင်းဂိုး ၉ ဂိုးကို ကျော်ဖြတ်ပြီး ၁၀ ဂိုးနဲ့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၄ မှတ် ရရှိထားတဲ့ ပေါ်တူဂီအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန်လ ၂၈ ရက်မှာ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: Dailymail
