CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈

ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲမှာ သြစတြီးယားအသင်းကို အနိုင်ရပြီး ယူ-၁၇ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ 

ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲမှာ သြစတြီးယားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို ပွဲချိန် ၃၂ မိနစ်မှာ ကာဘရယ်က သွင်းယူခဲ့တာပါ။ 

ကာဘရယ်ဟာ ဒီပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ရွှေဖိနပ်ဆုရခဲ့တဲ့ သြစတြီးယားအသင်းက မိုဆာထက် ၁ ဂိုးသာ လျော့နည်းခဲ့ပါတယ်။ 

အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပတဲ့ ၂၀၂၅ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ အုပ်စုတွင်းမှာ ဒုတိယသာ ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ပေါ်တူဂီအသင်းဟာ ၃၂ သင်းအဆင့်မှာ ဘယ်လ်ဂျီယံ၊ ၁၆ သင်းအဆင့်မှာ မက္ကဆီကို၊ ကွာတားဖိုင်နယ် မှာ ဆွစ်ဇာလန်၊ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲရောက်ရှိခဲ့တာပါ။ 

ပေါ်တူဂီ ယူ-၁၇ အသင်း အောင်ပွဲခံနေစဉ်

ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရင်က အမြင့်ဆုံး အောင်မြင်မှုအဖြစ် တတိယသာရရှိခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲမှာ သြစတြီးယားအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ လူငယ် ကစားသမားတွေရဲ့ အောင်မြင်မှုအတွက် သူ့ရဲ့ဆိုရှယ် မီဒီယာကနေ ဂုဏ်ယူပါတယ်၊ ကမ္ဘာ့ချန်ပီယံဆုတွေဆိုပြီး ရေးသားကာ ဂုဏ်ပြုခဲ့ပါတယ်။ 

ဒီပြိုင်ပွဲရဲ့ တတိယ နေရာလုပွဲမှာ အီတလီအသင်းက ဘရာဇီးလ်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရပြီး တတိယနေရာ ရရှိခဲ့ပါတယ်။ 

၂၀၂၅ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ပေါ်တူဂီအသင်းက မာတီးယက်စ်မီဒီက ရရှိခဲ့ပြီး ရွှေလက်အိတ်ဆုကိုလည်း ပေါ်တူဂီအသင်းက ရိုမာရီယိုကွန်ဟာက ရရှိခဲ့တာပါ။ 

ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ နိုင်ဂျီးရီးယားအသင်းဖြစ်ပြီး ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။

Source: ESPN