- By CNI
- Category: နိုင်ငံရေး
- Hits: 47
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
တပ်မတော်အနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းမကြီးအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။
မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် အဓိက နေရာများဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့များရှိသည်။
မန္တလေး -လားရှိုး- မူဆယ် ကားလမ်းမကြီးသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ပြုသည့် အဓိက လမ်းမကြီးဖြစ်ရာ လက်ရှိအချိန်တွင် MNDAA၊ KIA၊ TNLA အဖွဲ့အစည်းတို့ လှုပ်ရှားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းမှာ ရပ်တန့်ထားရသည်။
TNLA ထိန်းချုပ် သိမ်းပိုက်ထားသည့် ထိုလမ်းမကြီးရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့များကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်တွင် မိုးကုတ်- မိုးမိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် နောက် အဆင့်များအနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-မဲခေါင်သတင်း)
၎င်းက “ဒါကတော့ တစ်ခုချင်း သွားမယ်နဲ့တူပါတယ် (Step By Step) ပေါ့၊ အောက်တိုဘာ ၂၉ မှာရတဲ့ သဘော တူညီချက်က နိုဝင်ဘာ ၂၉၊ ၃၀ မှာ အခု ဆောင်ရွက်တယ်၊ နောက်အဆင့်တွေ ရှိအုံးမယ်ထင်တယ် ကျနော် ထင်တာ။ နောက်အဆင့်တွေက မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပြန်ပွင့်ဖို့အတွက် တပ်ချရမယ့် တပ်ထိုင်ရမယ့် ကိစ္စတွေ နောက်ပိုင်းမှာ သူနယ်မြေအတွက် ပူးပေါင်းပါဝင်ရမယ့်ကိစ္စတွေ တဖြေးဖြေး တဆင့်ပြီး တဆင့် လာမယ်လို့တော့ ကျနော် ယူဆတယ်။ မဖြစ်ဖြစ်အောင်တော့ ဖွင့်မယ်ထင်တယ်၊ ဘာလို့ဆိုတော့ ကိုးကန့် နဲ့လည်း ညှိထားပြီးပြီလေ၊ “ဝ”ဆိုတာလည်း နဂိုထဲက တပ်မတော်ရဲ့ မဟာမိတ်ဖြစ်နေတယ်။ တရုတ်ကလည်းပဲ လမ်းဖွင့်ဖို့က ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ဖို့နဲ့ အလုပ်တွေ ဆက်စပ်ဖို့က ဒီလမ်းက အရေးကြီးနေတဲ့ အခါကျ တော့ တရုတ်ရဲ့ (Interest) ရော၊ ဗမာပြည်ရဲ့ (Interest) ရော၊ တပ်မတော်ရဲ့ အကျိုးစီးပွားရော အားလုံး ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီဟာတွေ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။
မန္တလေး - မူဆယ် ကုန်သွယ်ရေး လမ်းမကြီး အနေဖြင့် မကြာမီ ပြန်ပွင့်လာနိုင်ကြောင်း၊ စီးပွားရေးကဏ္ဍ အနေဖြင့် တစ်စုံတစ်ရာ အသက်ရှု ချောင်နိုင်ချေရှိသည်ဟု တရုတ်- မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က CNI သတင်းဌာနသို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ထွက်လာတဲ့ ကုန်ကားကို TNLA က ကြည့်နေစဉ် (ဓာတ်ပုံ-မဲခေါင်သတင်း)
၎င်းက “ပြန်ပွင့်ကောင်းပွင့်မယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ အခု တရုတ်က သူ့နယ်စပ်ဂိတ်တွေ အကုန်ဖွင့်ပေးလိုက် တာပဲ၊ KIA ဘက်မှာလည်း သူတော်တော် ဖွင့်ပေးလိုက်ပြီ။ ၅ ဂိတ်စလုံး ဖွင့်ပေးလိုက်တယ်။ အဲ့တော့ ခုနက ကျမ ပြောတဲ့ ယူနန်ပြည်နယ်ရဲ့ Strategy မှာလည်း ဒါတွေပါတယ်။ ဒီနယ်စပ်ဂိတ်တွေ ကနေပြီးတော့ ဗမာပြည်တွင်း က စက်မှုလက်မှု Value update လို့ ခေါ်တာပေါ့နော်။ တန်ဖိုးမြှင့်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ယူနန်ပြည်နယ် ဘက်ကို သယ်ပြီး ယူနန်ပြည်နယ်မှာ စက်ရုံတွေဘာတွေ ဆောက်ပြီးတော့ ဒါကို ပိုပြီးတော့ အဆင့်မြှင့်တဲ့ဟာတွေ လုပ်ရေး ဘာရေး အများကြီးပဲဗျာ၊ သူ့ရဲ့ Strategy မှာပါတယ်။ ဒါပေမယ့်လို့ ကျမကြည့်တာ တစ်စုံတစ်ရာတော့ စီးပွားရေးအရ နည်းနည်း အသက်ရှုတော့ ချောင်ရင်ချောင်သွားမယ်၊ သို့သော်လည်း ဒီစစ်တပ်ရဲ့ အခြေခံ စိတ်နေ စိတ်ထားကိုက ပြည်သူလူထု အကျိုးအတွက် လုပ်တာမဟုတ်တော့ အခုကြားနေရသလိုပဲပေါ့ဗျာ လက်လီ/ လက္ကားကိစ္စ ဘာကိစ္စ ညာကိစ္စနဲ့ လူထုရဲ့ မကျေနပ်မှုနဲ့ကတော့ ဘာမှသိပ်ထူးခြားမယ်လို့ မထင်ဘူးဗျ။ လတ်တ လော အားဖြင့် စီးပွားရေးလေးဘာလေး တစ်စုံတစ်ရာ တည်ငြိမ်သွားတာလေးတော့ ဖြစ်ချင်ဖြစ်နိုင်တာပေါ့ဗျာ” ဟု ပြောသည်။
တပ်မတော်အနေဖြင့် မန္တလေး- မူဆယ်လမ်းမကြီးအား ထိန်းချုပ်နိုင်ခြင်းသည် ရှမ်းမြောက်ဒေသ တစ်ခုလုံးကို သာမက တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ် သူများက ထောက်ပြကြသည်။
လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းကို တရုတ်နှင့်တပ် မတော်ဘက်က ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီထားသည်။
သို့သော်လည်း TNLA က ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကုန်ကားများကို အခွန်ကောက်လိုကြောင်း သဘော ထား ရပ်တည်ထားပြီး တရုတ်နှင့်တပ်မတော်ဘက်က အခွန်ကောက်ခွင့် မပြုလိုကြောင်း သဘောထား ရပ်တည် ထား၍ ညှိနှိုင်းနေဆဲဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 84
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားများသည် ပြည်သူလူထု အများစု၏ အသံများကို နားထောင်နိုင်စွမ်း လျော့နည်းပြီး ၎င်းတို့ ပြောချင်ရာနှင့် လုပ်လိုရာများကိုသာ လူထုကို နားထောင်ခိုင်းခြင်းကြောင့် လူထု၏ ယုံကြည်မှုနှင့်အားကိုးမှုများ ဆုံးရှုံးလာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူ များက ထောက်ပြကြသည်။
နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနား နီးလာသောအခါမှသာ ပြည်သူလူထုအား တွေ့ဆုံ၍ လူထုသဘောထားကို အနည်းငယ်သာ နားထောင်ကြောင်း၊ သို့သော် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်အမတ် ဖြစ်သွားသည်ဖြစ်စေ မဖြစ်ဘဲ ဖြစ်စေ ပြည်သူလူထု၏ အသံကို လာရောက်နားထောင်မှု မရှိ တော့ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ဆန့်ကျင်ဘက် ခွဲခြားမှုများနှင့် သည်းခြေကြိုက် နိုင်ငံရေးများကို ကျော်လွန်ပြီး ရွေးချယ်စရာ အယူအဆအမျိုးမျိုး ဖြစ်ထွန်းပေါ်ပေါက်သည်ထိ တရွေ့ရွေ့ ချီတက်ရမည့် ခရီးရှည်ကြီးတစ်ခု ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
နိုင်ငံရေးသမားများ နားထောင်နိုင်စွမ်း လျော့နည်းသည်ဆိုသည့် ပြဿနာပေါ်လာသည်က မြန်မာနိုင်ငံတွင် တံခါး ပိတ်ဝါဒ ကျင့်သုံးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

PP ပါတီ မဲဆွယ်နေစဉ်
၎င်းက “အန်တီတို့နိုင်ငံမှာက များသောအားဖြင့်က နိုင်ငံရေးယဉ်ကျေးမှုက ကျောင်းပညာရေးမှာ ငယ်ငယ်ထဲက နိုင်ငံရေး ယဉ်ကျေးမှုရဲ့ ကောင်းတဲ့လက္ခဏာတွေ နိုင်ငံရေး ယဉ်ကျေးမှုကောင်းတစ်ခုဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေ ကို လေ့ကျင့်ပေးတဲ့ ကျောင်းတွေလည်း ကောင်းကောင်းမွန်မွန် သိပ်မရှိခဲ့ဘူး။ အထူးသဖြင့် နိုင်ငံရေးလောကမှာက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ အများကြီး ထွန်းကားခဲ့တယ်။ အဲ့လိုပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အခြေခံတဲ့ နိုင်ငံရေးစနစ် ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးသမားတွေ သည်းခံနိုင်စွမ်း မရှိတဲ့ကိစ္စက ပေါ်လွင်ထင်ရှားမှု မရှိခဲ့ဘူး။ အရင်တုန်းက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလာခဲ့တဲ့ အချိန်ကစပြီးတော့ နိုင်ငံရေးသမားတွေက ပြည်သူလူထု ရဲ့ အသံတွေကို နားထောင်နိုင်စွမ်း လျော့နည်းတယ်ဆိုတာကို တွေ့လာရတယ်။ အန်တီတို့ နိုင်ငံက တံခါးပိတ် ဝါဒကို ကျင့်သုံးခဲ့တာ ဒါရာစုနှစ် သုံးစုနီးပါး တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့တာ ဖြစ်တဲ့အတွက် အကျိုးဆက် အနေနဲ့ နိုင်ငံရေးသမားတွေပဲ နိုင်ငံကို အုပ်ချုပ်မင်းလုပ်တဲ့ လူတွေမှာလည်းပဲ ဒီလိုနားထောင်နိုင်စွမ်း အထူးသဖြင့် ပြည်သူလူထု အများစုအပေါ်မှာ နားထောင်နိုင်စွမ်း လျော့နည်းတယ်ဆိုတဲ့ ပြဿနာပေါ်လာတာ အခုတော့ ရွေးကောက်ပွဲ နား နီးလာတော့ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့ ကာလဖြစ်နေ တော့ ဒါတွေက ပိုပြီးတော့ ထင်ရှားလာတဲ့ သဘောမှာ ရှိနေတယ်”ဟု ပြောသည်။
ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အသိအမြင်များ ပြည့်ဝစေရန်အတွက် ပြည်သူလူထု ကိုယ်တိုင်က ကြိုးစားဖြည့် ဆည်းကြရန်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ ပြည်သူလူထု အနေဖြင့် နိုင်ငံရေး အသိအမြင် မှန်ကန်ရေး၊ ကြွယ်ဝ ပြည့်စုံရေး ဖြည့်ဆည်းဆောင်ရွက်ခြင်းသည် မိမိတို့ အကျိုးစီးပွား တစ်ခုတည်းအတွက် ဆောင်ရွက်ရာ ရောက်မည်သာမက နိုင်ငံတော်၏ အကျိုးစီးပွား ဖြစ်ထွန်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သော နိုင်ငံရေးစနစ် ပေါ်ပေါက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာလည်း ရောက်မည်ဖြစ်သည်။
နိုင်ငံရေးသမားများသည် ကိုယ်ဖြစ်ချင်တာကို လုပ်နေပြီး သူများကို အလှည့်မပေးခြင်း၊ ငါနှင့်မတူ ငါ့ရန်သူဟု သ ဘောထားသည့် တဖက်ပိတ်နေသည့် လစ်ဘရယ် အရေခြုံများဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ မဲဆွယ်နေကြစဉ်
၎င်းက “နိုင်ငံရေးသမား နားထောင်တဲ့ အလေ့အကျင့်ရှိမရှိ ဆိုတာကတော့ အဓိက ကိုယ်ဖြစ်ချင်တာကိုပဲ လူတွေက လုပ်နေကိုင်နေတော့ သူများကို အလှည့်မပေးဘူး၊ လေးစားမှု မရှိဘူးဆိုတဲ့ သဘောပေါ့။ အဲ့ဒီလက္ခဏာကို အခုဒီ NUG နဲ့ PDF တွေမှာ သွားတွေ့ရတယ်။ အဲဒီက ဘာလဲဆိုတော့ ပေါ်တင်ကြီး ပြောနေကြတာတွေ ကြားနေမရှိဘူး။ ရန်သူနဲ့ မိတ်ဆွေရှိတယ်၊ ကြားနေတဲ့လူရဲ့ အသံကို နားမထောင်ဘူး။ လက်မခံနိုင်ပဲနဲ့ ဟိုဘက်ကလား ဒီဘက်က လားဆိုတာ ပြောတာပေါ့။ ဒါက အဓိက ဒါကိုသွားပြနေတာ ပြောရမယ်ဆိုရင် လစ်ဘရယ် သမားတွေ မထွန်းကား ဘူး။ သူတို့ပြောနေတဲ့ လစ်ဘရယ်၊ လစ်ဘရယ် အစစ်မဟုတ်ဘူး၊ ဒီလူတွေက တဖက်ပိတ်နေတဲ့ လစ်ဘရယ် အရေခြုံတွေ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားတဲ့ သူတွေက ဘယ်လိုလုပ် လစ်ဘရယ် ဟုတ်မလဲ။ အဲ့ဒီ စိတ်ဓာတ်ကြောင့် ပါတီတွေကွဲ များတာ။ စကားနားမထောင်ဘူး။ ငါ့စကားပဲ နားထောင်ရမယ်၊ မင်းအယူအဆ ငါလက်မခံဘူးဆိုတဲ့ National character ကြီးလို ဖြစ်လာတယ်ပေါ့။ အဓိကတော့ ပုဂ္ဂိုလ်ရေး အဓိကထားလို့ ဖြစ်တာ။ နောက်ပြီးတော့ သည်းညင်းမခံလို့ လစ်ဘရယ်အတုမို့လို့ အဲ့လိုဖြစ်တာ”ဟု ပြောသည်။
ယခုလို ပါတီစုံကျင့်သုံးသည့် ဒီမိုကရေစီခေတ်ကျမှ တစ်စိတ်ရှိ အမျိုးသားနိုင်ငံရေးဆိုသည့် စကားလုံးများနှင့် ၎င်းတို့သာလျှင် မြန်မာနိုင်ငံကောင်းစားရေးကို ကိုယ်ကျိုးစွန့်လွှတ် လုပ်ဆောင်နေသယောင် ပုံဖော်နေကြသည် ကိုလည်း သတိထား ဆင်ခြင်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို လည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် လူထု မဲဆွယ်စည်းရုံးရေး များ ပြုလုပ်လျက်ရှိနေသည်။ ရွေးကောက်ပွဲအလွန်တွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသည် လူထုနှင့် ကင်းကွာသွားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 98
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
အမေရိကန်နိုင်ငံဘက်မှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရှုမြင်မှု ထွက်ပေါ်လာသော်လည်း တရုတ်အနေဖြင့် မြန်မာ့တပ်မတော်သည် အနောက်အုပ်စုဘက် ပါသွားမှာကို မစိုးရိမ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့်အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း မြင်သာသည့် တိုးတက်မှုများကို တွေ့ရသည်ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံသားများအတွက် ပေးထားသော ယာယီနေထိုင်ခွင့် (TPS)ကို ရုပ်သိမ်းကြောင်း အမေရိကန်၏ အမိမြေလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်မှ ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ရာဇသတ် ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ကြားနာစစ်ဆေးဆဲ အမှုများအား ပိတ်သိမ်းကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမေရိကန် ၏ ထင်မြင်ချက်ကို ထောက်ခံသည့်သဘော ပြသခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ် ကြသည်။

မြန်မာနဲ့ အမေရိကန် အလံကို တွေ့ရစဉ်
အမေရိကန်က ၎င်းအကျိုးစီးပွားအတွက်ကြောင့် TPS ကို ရုပ်သိမ်းခြင်း ဖြစ်သည့်အတွက် မြန်မာ့တပ်မတော် သည် အမေရိကန်နှင့် အနောက်နိုင်ငံအုပ်စုဘက်သို့ ပါသွားမည်ကို မစိုးရိမ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ကလည်း အဲဒီလောက်ကြီး မအ ဘူးလေ။ ခုနက ပြောသလို သူလည်း သဘောပေါက်တယ်။ ဘာကြောင့်တုန်းဆို ထရမ့်က အခုမြန်မာနိုင်ငံမှာလုပ်တဲ့ ရွေးကောက်ပွဲကို ထောက်ခံပါတယ် ဆိုတာမျိုးကြ မပြောဘူး။ ရွေးကောက်ပွဲကို ထောက်ခံပါတယ်။ ရွေးကောက်ပွဲက မှန်တယ်။ ဒီမိုကရေစီ ပြန်သွားဖို့အတွက် အရေးကြီးတယ် ဘာညာဆိုတာမျိုးပေါ့။ အဲဒါမျိုးက မပြောဘူး။ တရုတ်တို့ ဟိုဟာတို့ ပြောသလိုမျိုး မပြောဘူး။ သူက သူ့ အကျိုးစီးပွားအတွက် သူပိတ်ချင်လို့မို့လို့ အကြောင်းပြချက် တစ်ခုအနေနဲ့ အခြေအနေက ပုံမှန်ဖြစ် သွားပြီ။ ဒါကြောင့် စကစ,က အမေရိကန်နောက် လိုက်သွားလိမ့်မယ်။ အနောက် ပါသွားလိမ့်မယ်လို့လည်း သူ မစိုးရိမ်ဘူး။ သူက တထစ်ချ ယုံကြည်ပြီးသား။ သူ့ကို မချစ်သော်လည်း အောင့်ကာနမ်း ပေါင်းနေပေမယ့် ဒီကောင် ဘယ်တော့မှ အမေရိကန်နဲ့ တည့်မှာမဟုတ်ဘူးဆိုတာ သူကသိပြီးသား။ ဒါကြောင့်မို့လို့ သိပ်ပြီးတော့ စိတ်မပူဘူး” ဟု ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရန် ကြိုးစားနေသည့် သဘောရှိ ကြောင်း၊ တပ်မတော် အနေဖြင့် အမေရိကန်၏ လှုပ်ရှားမှုအပေါ် တစ်ပြိုင်နက် အပြုသဘောပြသည့် လှုပ်ရှားမှုမျိုး လုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၌ တော်လှန်ရေး အင်အားစု များကို အမေရိကန် ပါဝင်သည့် အနောက်အုပ်စုမှ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး တပ်မတော်နှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင်များအကြား ပြေလည်စေရန် တရုတ်က ကြားဝင်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။
တရုတ်သည် မြန်မာမြေပေါ်တက်၍ မြန်မာ့နိုင်ငံရေးကို ခြယ်လှယ်နေသဖြင့် အမေရိကန်ဘက်မှ ထိုသို့ ပြောဆို လာမှုအပေါ် ဂရုမစိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်က ဘာမှမရှိပါဘူး။ ဒီလောက်နဲ့ တရုတ်က မပျော့ဘူး။ တရုတ်ကတော့ ကိုယ်တိုင်ကိုယ်ကြ ဝင်နေ တာကို။ ကျောက်ဖြူကိစ္စ၊ လားရှိုးကိစ္စ တရုတ်က ဗမာမြေပေါ်မှာကို တက်ပြီးတော့ ခြယ်လှယ်နေတဲ့ အခါကြတော့ အမေရိကန်ရဲ့ ဒီလောက် လေသံလောက်လေးကိုတော့ တရုတ်က ဂရုမစိုက်ပါဘူး။ သူ့အလုပ် မပျက်ပါဘူး” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မြို့ နယ်၌ ကျင်းပမည်ဖြစ်သည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဆက်လက် ကျင်းပမည်ဖြစ် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 397
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့် စစ်ကိုင်းတိုင်းကို သိမ်းပိုက်ရယူနိုင်ခြင်းအပြင် အခြား မည်သည့် မဟာဗျူဟာများ ရှိသေးလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
လက်ရှိတွင် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အထိ အင်အား တည် ဆောက်၍ လှုပ်ရှားလာခဲ့ရာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။
လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော်၊ ရွှေပြည်အေး၊ ခမ်း ပတ် စသည့် မြို့နယ်များကို KIA-PDF က ထိန်းချုပ်ထားပြီး ထိုမှတဆင့် ဟုမ္မလင်း၊ ကသာ၊ ဖောင်းပြင်၊ ထီးချိုင့်၊ ကောလင်း စသည့်မြို့များကို ဆက်လက် တိုက်ခိုက်နိုင်သည့် အခင်းအကျင်းတွင် ရှိနေသည်။
ဟုမ္မလင်းမြို့ကို ထိန်းချုပ်နိုင်ပါက KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တစ်ကြောလုံးကို ထိန်းချုပ်သွား နိုင်မည်ဖြစ်သလို ကသာမြို့အား ထိန်းချုပ်နိုင်ပါက ကောလင်း၊ ထီးချိုင့်၊ ကန့်ဘလူကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်း လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
KIA သည် စစ်ကိုင်းတိုင်း အဆင့်လောက်နှင့် ရပ်တန့်မသွားနိုင်ဘဲ ချင်းနှင့်ရခိုင်တို့မှတဆင့် အိမ်နီးချင်းနိုင်ငံ သာမက အနောက်နိုင်ငံတို့ဖြင့်ပါ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးများအထိ လုပ်ဆောင်နိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

KIA သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းထဲက မြို့တွေကို ပြသထားစဉ်
၎င်းက “သူက စစ်ကိုင်းတိုင်းကို ထိန်းနိုင်မယ်ဆိုရင် တစ်ဖက်ကလည်း အိန္ဒိယနဲ့ ပိုနီးသွားတာပေါ့။ အိန္ဒိယနဲ့ ပိုနီး ရုံတင် မကဘူး။ စစ်ကိုင်းတိုင်းကနေတဆင့်၊ ချင်းကနေတဆင့်၊ ရခိုင်ကနေတဆင့် နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ ရော၊ နိုင်ငံခြား ဆက်သွယ်ရေးမှာရော သူ့အတွက် ကောင်းသွားနိုင်တာပေါ့။ သူလည်း ကုန်းတွင်းမှာ ပိတ်မိနေတဲ့ ပြည်နယ်တစ်ခုပဲ ရှမ်းလိုပဲပေါ့။ အဲဒါကြောင့် စစ်ကိုင်းတိုင်းလောက်နဲ့ပဲ သူပြီးမယ်လို့ မထင်ပါဘူး။ ဆက်ပြီးတော့ ဆက်သိမ်းမယ်လို့ မဆိုဘူးပေါ့။ ဒါပေမယ့်လည်း ဆက်ပြီးတော့မှ ဆက်ဆံရေး အဆင်ပြေအောင် ဩဇာလွှမ်းမိုး နိုင်အောင်တော့ ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စတွေက KIA က သူက ကျွမ်းကျင်တာက ဒီလိုမျိုး နိုင်ငံရေးကိစ္စမှာ သူက သတိရှိရှိနဲ့ ရိုးရိုးလုပ်ရုံတင်မကဘူး၊ သံတမန်ရေးရာမှာလည်းသူက ကျနော်တို့ အများအား ဖြင့် ကျွမ်းကျင်တယ်လို့ ပြောလို့ရတာပေါ့။ အဲဒါကြောင့်မို့လို့ ဒီသံတမန်ရေးမှာ ကျွမ်းကျင်တယ်ဆိုရင် တစ်ဖက် တရုတ်ကိုလည်း ဒီဆက်ဆံရေးမှာ ဆက်လက် ထိန်းသိမ်းထားပြီးတော့မှ အိန္ဒိယတို့၊ အမေရိကန်တို့ တခြားနိုင်ငံ တွေနဲ့လည်း ဆက်လက်ပြီးတော့မှ ဆက်သွယ်နိုင်တယ်ဆိုရင် သူ့ရဲ့အခြေအနေကလည်း ကောင်းနိုင်တာပေါ့။ ကျနော်တို့ဆိုရင် ကချင်ကို မနာလိုဖြစ်မယ့်အစား အားကျပြီးတော့မှ သူ့နည်းသူ့ဟန်ကို အတုခိုးဖို့ သင့်ပါတယ်။” ဟု ပြောသည်။
KIA သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးထဲက တော်လှန်ရေးအင်အားစုများကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ လိုအပ်သည့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းတို့ လုပ်ဆောင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲများ ဖော်ဆောင်၍ မြို့များ သိမ်းပိုက် ထိန်းချုပ်လျက် ရှိနေသည်။
KIA သည် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ NLD အစိုးရကို ဖြုတ်ချ လိုက်ခြင်းကြောင့် ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းကြီးထဲမှာ အင်အားကို ပိုမို ကြီးထွားအောင် တည်ဆောက်နိုင်ခဲ့သလို ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးကနေ ဆက်စပ် နယ်မြေတွေကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အိန္ဒိယနယ်စပ် ထွက်ပေါက် ၂ ပေါက်ရှိကာ တစ်ပေါက်သည် တမူး-မိုရေးဖြစ်ပြီး ကျန်တစ်ပေါက်သည် ပန်ဆောင်(နာဂဒေသ)ထွက်ပေါက် ဖြစ်သည်။
ထိုထွက်ပေါက် ၂ ပေါက်အနက် တမူး-မိုရေး နယ်စပ်ထွက်ပေါက် ရရှိရေးအတွက် ကူကီး၊ PDF တို့ကို လက်နက် ခဲယမ်း ထောက်ပံ့ပေးပြီး အကောင်အထည်ဖော်နေသလို ပန်ဆောင်(နာဂဒေသ)ထွက်ပေါက်ကိုတော့ NSCN-K/YA နှင့် NSCN-K/AM အဖွဲ့ကို စည်းရုံးခြင်း နည်းလမ်းဖြင့်လည်းကောင်း အရှေ့နာဂအမျိုးသားများ ကာကွယ်ရေး တပ်မတော် (ENDA/ENNO)ကို လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း အကောင်အထည် ဖော် လျက် ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၂၀၀၈ အခြေခံဥပဒေက ပေးထားသည့် နယ်မြေဒေသ ထက် ကျော်လွန်သိမ်းပိုက်ပြီး မိမိကိုယ်ပိုင်ဒေသအဖြစ် လုပ်ဆောင်လာမည်ဆိုပါက TNLA ကြုံရသကဲ့သို့ အချင်း ချင်း သွေးကွဲခြင်းများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
၎င်းက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက နယ်မြေတွေ သိမ်းပြီးတဲ့အခါကြတော့ အဲဒီနယ်မြေတွေ သူတို့ဒေသ သူတို့ ပြည်နယ်ဆိုပြီးတော့ အဲဒီလို သိမ်းပိုက်မယ်ဆိုရင် အဲဒီပုံစံမျိုး လက်တွေ့ ကျင့်သုံးလာမယ်ဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့ကာလက TNLA ကြုံရတဲ့ဟာမျိုးပေါ့။ အချင်းချင်း သွေးကွဲတာတွေ ဖြစ်လာနိုင်တာပေါ့။ အမှန် က ဒီဟာတွေက ၂၀၀၈ အခြေခံဥပဒေမှာ သတ်မှတ်ထားတယ်။ ယေဘူယျအားဖြင့် မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်သူ အများစုကလည်း ဒီဒေသ၊ ဒီဒေသဆိုပြီးတော့ အခြေခံဥပဒေက သတ်မှတ်ထားတဲ့အတိုင်း ကိုးကန့်ဒေသ၊ ပလောင်ဒေသ၊ KIA က ကချင်ဒေသ ကချင်ပြည်နယ် စသဖြင့် လက်ခံထားပြီးသား ဖြစ်တာကို။ ဖြစ်တော့ သူတို့က အဲဒီဘက်မှာ နယ်မြေတွေ သိမ်းပိုက် ရရှိခဲ့လို့ရှိရင်လည်း TNLA မှားခဲ့တဲ့ အမှားမျိုး ကျူးလွန်လို့ရှိရင် အချင်းချင်း ပဋိပက္ခတွေ ပြန်ပြီးပြင်းထန်လာနိုင်တာပေါ့။ ဘာလို့ဆို သူတို့ကကြတော့ ညီနောင်သုံးဖွဲ့က AA, MNDAA, TNLA ရယ်က ဖက်ဒရယ်စနစ်ကို မပြောဘူး။ သူတို့ဒေသ သူတို့ သိမ်းပိုက်ပြီး အုပ်ချုပ်ခွင့်ရရင် “ဝ” လို သူတို့က သွားချင် တာ။ တစ်ပါတီ၊ တပ်မတော်တစ်ရပ် သဘောမျိုးနဲ့ သွားချင်တာ ဖက်ဒရယ်စနစ်ကို လက်ခံတယ်လို့ မပြောဘူး။ KIA ကလည်း အရင်ကတော့ လက်ခံမလို သဘောထားရှိပြီးတဲ့ အခါကြတော့ NCA စာချုပ်ကို ဝင်ဆွေးနွေးခဲ့တဲ့ ပွဲတွေမှာ ပါခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း သူ လက်မှတ် မထိုးတော့ဘဲ နှုတ်ထွက်သွားတဲ့အခါမှာ အခုလို ၁၀၂၇ စစ်ဆင်ရေးကြီးနောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲတွေအောက်မှာ သူလည်း သဘောထား ပြောင်းသွား နိုင်တာပေါ့။ အဲဒီတော့ ဖက်ဒရယ်စနစ်ကို လက်ခံတယ်၊ တစိုက်မတ်မတ် စွဲကိုင်ထားတယ်ဆိုရင်တော့ NUG, PDF တွေနဲ့ ဆွေးနွေးရတာ မခက်ဘူးပေါ့။ ပြဿနာ သိပ်ကြီးကြီးမားမား မရှိနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KIA ၏ စစ်ကိုင်းတိုင်းဒေသကြီး ထိန်းချုပ်နိုင်ရေးအတွက် အတားအဆီး ဖြစ်နေသည်မှာ ရှမ်းနီလူမျိုး များနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
KIA သာ စစ်ကိုင်းတိုင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်မည်ဆိုပါက ၎င်း၏ အင်အားသည် ယခုထက် ပိုမိုကျော်လွန်ကာ အားကောင်းသွားနိုင်သဖြင့် KIA ၏ မဟာဗျူဟာနှင့် နည်းဗျူဟာသည် စစ်ကိုင်းတိုင်းဒေသကြီးကို လက်တွေ့ ထိန်းချုပ်နိုင်ရေး အကောင်အထည် ဖော်နိုင်မလားကိုမူ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်နေကြ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 240
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် တပ်မတော်ထံ မိုးကုတ်၊ မိုးမိတ် ပြန်ပေးအပ် လိုက်ရခြင်းသည် ပလောင်ဒေသ လုံခြုံရေး အာမခံချက်အတွက် ဖြစ်နိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ က ထောက်ပြကြသည်။
TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် တအာင်းတပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင်တပ်ဖွဲ့ (AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်းမှာ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်တို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်သည် လူအင်အားနှင့် လက်နက်အင်အားများ ပြန်လည်စုဖွဲ့ကာ ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ခြင်းကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်တွင် မိုးကုတ်- မိုးမိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးကို တွေ့ရစဉ်
TNLA အနေဖြင့် မိုးကုတ်၊ မိုးမိတ်ကို တပ်မတော်ထံ ပြန်လည်ပေးအပ်ရခြင်းသည် ပလောင်ဒေသ၏ လုံခြုံရေး တစ်စုံတစ်ရာ ရသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရိုးရှင်းဆုံး မြင်တာကတော့ (National Inflect) ပေါ့၊ ပလောင်လူမျိုးတွေရဲ့ အမျိုးသားရေး အကျိုး စီးပွားအတွက် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်လို့ ဆုံးဖြတ်လိုက်တယ်လို့ ။ ပလောင် ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က မှန်တယ်လို့ ကျနော် ထောက်ခံပါတယ်။ အခုချိန်ထိကတော့ မိုးကုတ်၊ မိုးမိတ် ပြန်အပ်ခြင်းအားဖြင့် ပလောင်ဒေသပေါ့ မူလဒေသ လုံခြုံမှု တစ်စုံတစ်ရာ ရသွားတာပေါ့ဗျာ အဲဒီဟာပဲထင်တယ် အပေးအယူကတော့” ဟု ပြောသည်။
TNLA သည် မိုးကုတ်၊ မိုးမိတ်မြို့အား လက်လွှတ်ခဲ့ရခြင်းသည် ကျည်၊ ဘတ်ဂျက်နှင့် လူအင်အား နည်းပါးမှုများ ကြောင့် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။

TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကို တွေ့ရစဉ်
TNLA ထိန်းချုပ်ထားသည့် နယ်မြေများကို တပ်မတော်မှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပြည်သူလူထု များစွာ ထိခိုက်နစ်နာရသည့်အတွက် တပ်မတော်နှင့် အပြန်အလှန် အပေးအယူ ရယူခြင်းဖြစ်သည်ဟု တရုတ်- မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါမှမလုပ်လို့ရှိရင် သူတို့က အဆက်မပြတ် နေ့တိုင်းပဲ ဗုံးတွေကြဲနေတော့ ပြည်သူလူထုလည်း ထိခိုက် တယ်ပေါ့၊ အဲ့ဒါတစ်ချက် နောက်တစ်ချက်က ကျန်တဲ့ဒေသတွေကို သူတို့ ဗုံးမကြဲဘူး၊ မတိုက်ဘူးလို့ ကတိပေး တယ်လို့ ပြောတယ်။ တအာင်းတွေရဲ့ ကျန်တဲ့ဒေသကို အဲ့ဒါတွေအတွက် အေးအေးဆေးဆေး တည်ဆောက်ခွင့် ရတဲ့ အတွက်လို့ပြောတော့ အဲဒီဟာတွေပဲ ဖြစ်နိုင်ပါတယ်။ အဲ့တော့ တစ်ခုက ဒီမိုးမိတ်တို့၊ မိုးကုတ်တို့ကို ဗုံး မကြဲ တော့ဘူးဆိုတဲ့ ကတိရတယ်ပေါ့။ အဲ့ဒါကြောင့်မို့လို့ နေ့တိုင်းကြဲနေရတော့ ပြည်သူလည်း ထိခိုက်တယ်ပေါ့၊ အဲ့ဒါကြောင့်မို့လို့ လက်ခံလိုက်တယ်လို့ အဲ့လိုကြားတာပဲလေ။ သူပြောသွားတာ အဲ့ဒါဖြစ်နိုင်ပါတယ်၊ အပြန် အလှန်ပေါ့ အပေးအယူတွေ လုပ်လိုက်တာပေါ့” ဟု ပြောသည်။
TNLA သည် မိုးကုတ်နှင့် မိုးမိတ်မြို့များကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်နှင့်မန်တုံမြို့တို့ကို စုစည်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။
သို့သော် TNLA သည် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့ တို့ကို ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 206
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ကိုင်ရာ၌ ငွေမရှိလျှင် နိုင်ငံရေးဩဇာရှိရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကမ္ဘာပေါ်တွင် ဩဇာအင်အား တောင့်တင်းသည့် နိုင်ငံများသည် နိုင်ငံရေးအရ အင်အားတောင့်တင်းသည့် နိုင်ငံ၊ စစ်အင်အားရှိသည့် နိုင်ငံ၊ စီးပွားရေးအင်အားရှိသည့် နိုင်ငံများပင် ဖြစ်သည့်အတွက် နိုင်ငံရေးအရ ဩဇာအာဏာရှိ အောင်လည်း ကြိုးပမ်းဆောင်ရွက်ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
နိုင်ငံရေးဟု ပြောဆိုကြသည့်အခါ ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေးဆိုတာ တွဲပါလာတတ်ပြီး ပါတီနိုင်ငံရေး ကိုမူ အာဏာနိုင်ငံရေးဟု ပြောလို့ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးပါတီများသည် အာဏာရရန် ကြိုးစားကြခြင်းကြောင့် ဖြစ်သည်။
နိုင်ငံရေးတွင် နိုင်ငံရေးဩဇာကလည်းမရှိ၊ ပိုက်ဆံကလည်းမရှိဆိုလျှင် နိုင်ငံရေးလုပ်ရသည်မှာ ခက်ခက်ခဲခဲဖြစ် ပြီး ဒီမိုကရေစီက နည်းနည်းစျေးကြီးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်း ဌာနသို ပြောသည်။
၎င်းက “အဲ့ဒါကတော့လည်း လက်ရှိကတော့ ဟုတ်တယ်၊ ဒါပေမယ့် နိုင်ငံရေးဆိုတာကိုယ်၌ကိုကလည်း အဲ့သဘော ရှိတာပေါ့။ ပိုက်ဆံမရှိလို့ရှင်ရင် ကိုယ်ကိုယ်တိုင်က ငွေမရှိဘူးဆိုရင်တောင်မှ နိုင်ငံရေးဩဇာတော့ရှိရမယ်။ နိုင်ငံရေးဩဇာရှိရင် လူထုက ထောက်ခံပြီးတော့မှ ကိုယ်ကငွေကို မလိုဘဲနဲ့ နောက်ကနေမှ ဒီအကုန်လုံး ပါတီဝင် ကြေးတွေ၊ ဘာတွေ၊ ညာတွေ၊ အလှူခံတာတွေ၊ အလှူပေးတာတွေနဲ့ကို ဆက်သွားနိုင်မှာပေါ့လေ။ နိုင်ငံရေး ဩဇာကလည်း မရှိဘူး၊ ပိုက်ဆံကလည်း မရှိဘူးဆိုရင်တော့ ခက်တာပေါ့။ နိုင်ငံရေးလုပ်ရတဲ့ဟာက ခက်ခက်ခဲခဲ ဖြစ်တယ်ဆိုတဲ့ အနေအထားတော့ရှိတယ်။ သို့ပေမယ့် အဲ့အပေါ်မှာ တခြားနည်းလမ်း ဘာရှိလဲဆိုတော့လည်း မရှိဘူး။ ဒီမိုကရေစီဟာ ဘာပဲဖြစ်ဖြစ် နည်းနည်းဈေးတော့ ကြီးတာပေါ့နော်။ Democracy is very expensive ဆိုရိုးရှိတာကို။ ဆိုတော့ နည်းနည်းတော့ ဈေးကြီးတယ်၊ အဲ့ဟာကိုကတော့ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးတော့မှ အားလုံး ငွေမရှိရင် ခုနကလို နိုင်ငံရဲ့ဩဇာရှိအောင် လုပ်ကြရတာပေါ့ ကြိုးစားကြရတာပေါ့”ဟု ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်
ယနေ့ အချိန်အခါ ကာလတွင် နိုင်ငံသားအများစု၏ “နိုင်ငံရေး” အပေါ် အဓိပ္ပာယ်ကောက်ယူပုံ၊ နားလည်ပုံ၊ တာဝန်ယူပုံတို့သည် များစွာအရေးကြီးကြောင်း၊ နိုင်ငံရေးဆိုတာသည် နိုင်ငံတည်ဆောက်ရေးအတွက် ကွဲပြား ခြားနားသည့် အမြင်သဘောထား ရှိသူများက အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဖြစ်နိုင်ခြေရှိတာများကို ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးအား ငွေရှိသူများက ပြည်သူလူထုကို ငွေနှင့်စည်းရုံးပြီး ဖြတ်လမ်းနည်းဖြင့် နိုင်ငံ ရေးဩဇာ တည်ဆောက်နေကြောင်း ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်သူလူထုရဲ့ နိုင်ငံရေး ဒီမိုကရေစီနိုင်ငံရေး ဆိုင်ရာပြစ်မှုတွေက လိုအပ်ချက်တွေရှိတာကို နိုင်ငံရေး အခြေအနေက ဘယ်သူက နိုင်ငံရေးသမားဖြစ်သလဲ၊ ဘယ်သူက Influencer ဖြစ်သလဲဆိုတဲ့ ကိစ္စပေါ်မှာ ခွဲခြား သိမြင်မှုပုံစံက နည်းနည်းလေး လွဲမှားနေတာတွေရှိတယ်ပေါ့။ နိုင်ငံရေးကို ငွေရှိတဲ့လူတွေက နိုင်ငံရေးဩဇာ တည်ဆောက် တာကိုခံရတာ လူထုကြားထဲမှာ ဒါကို ကျနော်တို့ တွေ့နေရတယ်၊ ကျနော်တို့ နိုင်ငံရေးသမား ဖြစ်တဲ့အတွက် အဲ့တော့ နိုင်ငံရေးကို ငွေရှိတဲ့လူတွေက နိုင်ငံရေးဩဇာကို တည်ဆောက်တဲ့ နေရာမှာ လွယ်ကူ နေတာ သူကဘာနဲ့ တည်ဆောက်တာလဲ ဆိုလို့ရှိရင် လူတွေကို ငွေနဲ့စည်းရုံးပြီးတော့ နိုင်ငံရေး ဖြတ်လမ်းနည်းနဲ့ နိုင်ငံရေးဩဇာကို တည်ဆောက်ပြီးတော့မှ သူနိုင်ငံရေးသမား ဖြစ်ပါတယ်ဆိုတဲ့ဟာနဲ့ သူ့ကိုယ်သူ Promos လုပ်တဲ့ ဟာနဲ့ လူထုကို ချဥ်းကပ်တာပေါ့၊ အဲ့ဒါကို တချို့ လူထုကကျတော့ ဒါကို နိုင်ငံရေးလို့ ထင်သွားတာ ခုနက နိုင်ငံရေး သမား ဘယ်သူက အစစ်မှန်လဲ၊ ဘယ်သူကတော့ နိုင်ငံရေးအပြည့်နဲ့ နိုင်ငံရေးကို တည်ဆောက်တယ်ဆိုတဲ့ ကိစ္စ ပေါ်မှာ လူထုက ကွဲပြားခြားနားမှု မရှိတာကို တွေ့ရတယ်။ အားလုံးကရှိရမယ့် သိသင့်သိထိုက်တဲ့ အတိုင်းအတာ အထိ ဒီမိုကရေစီ ယဥ်ကျေးမှုကို မသိသေးတဲ့အတွက် ဒီလိုဖြစ်နေတာပါ”ဟု ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်
တစ်နည်းအားဖြင့် နိုင်ငံရေးဆိုခြင်းသည် ကွဲပြားသည့်တန်ဖိုးများ၊ အကျိုးစီးပွားများ၊ ရည်မှန်းချက်များကြောင့် ဖြစ်ပေါ်လာတာမှန်သော်လည်း ထိုကိစ္စများကို ဖြေရှင်းဆောင်ရွက်ရန် အတိုက်အခံ လုပ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် နိုင်ငံရေးပါတီ ထူထောင်မည်ဆိုပါက ပါတီဝင် အင်အား ၅၀၀၀၀ ရှိရမည်ဖြစ်ပြီး ပါတီရုံးခန်း ၁၀၀ ကျော်ဖွင့်လှစ်ရမည်ဟု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေအရ နိုင်ငံရေးပါတီများသည် စီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့မှုများကို ရှာဖွေလာခဲ့ရ သည့်အတွက် စီးပွားရေးသမားများက ဩဇာလွှမ်းမိုးလာခဲ့ခြင်းကို ခံလာရကြောင်း၊ စီးပွားရေး သမားများက နိုင်ငံရေးပါတီထောင် ဩဇာတည်ဆောက်လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 168
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkeow သည် နေပြည်တော် တွင် မြန်မာနိုင်ငံမှ အရေးပါသော လူပုဂ္ဂိုလ် တချို့ကို တွေ့ဆုံခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို Mr. Sihasak Phuangketkeow တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုများ ပြန်လည် ကောင်း မွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ် လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်းဆောင်ရါက်သွားရန် လိုအပ်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုများ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှု အခြေအနေ များ၊ KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အဦများအား အမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင် ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်း ထိန်းသိမ်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ယခုလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkeow သည် ဝန်ကြီးချုပ် ဦးညိုစောနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်မှု များ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အလေးထား ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkeow သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ကို ဆက်လက် တွေ့ဆုံ၍ တရားမဝင်ဂိတ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် မတည်ငြိမ်မှုများအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံ အကျိုးစီးပွားကို ရှေးရှုလျက် တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုမြှင့်တင်ရေးကိုလည်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦးကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းမှာ ကရင်လက်နက်ကိုင် KNU နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားကာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့ပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ မှုများ ဖြစ်ပေါ်နေချိန်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အလားတူ ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လုပ်ငန်းများနှင့် ဂိုဏ်းများကို မြန်မာ့တပ်မတော်က အမြစ်ပြတ် နှိမ်နင်းနေချိန်ဖြင့်လည်း တိုက်ဆိုင်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 268
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိသည့် အချိန်တွင် တပ်မတော် အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ မရှိသည့်အချိန်တွင် တပ်မတော် အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွား နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် တပ်မတော် အနေဖြင့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရ ခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုတယ်”ဟု ပြောသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်း ကြောင်းများအရ ပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော် အနေ ဖြင့် နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေရဦးမည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အသီးသီး အပါအဝင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ရရှိထားသည်။
အဆိုပါ ကိုယ်စားလှယ် ရာခိုင်နှုန်းကို လွှတ်တော်ကနေ ထွက်ခွာပေးရန် သို့မဟုတ် အဆင့်တစ်ခု လျှော့ချပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက တောင်းဆိုထားကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ဖြစ်သည်။

ထိုထဲမှ KNU-CNF-ABSDF တို့သည် NCS ပျက်သွားပြီဟုဆိုကာ နုတ်ထွက်ထားပြီး LDU-NMSP-PNLO-ALP တို့က တော့ NCA လိုလားသူနှင့် နုတ်ထွက်လိုသူဆိုကာ ၂ ဖွဲ့စီ ကွဲသွားကြသည်။
ထို့နောက် NCA မထိုးသည့် အဖွဲ့များကတော့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ ဖြစ်သည်။

အလားတူ NCA လုပ်ငန်းစဉ်၏ အပြင်ဘက်မှာ ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကတော့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA/SNUC)၊ ကူးကီအမျိုးသားတပ်မတော်(KNA/KNO)၊ ဇိုမီးအမျိုးသား တော် လှန်ရေးတပ်မတော်(ZRA/ZRO)၊ အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော်(ENDA/ENNO)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ဖြစ်သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာသော လက်နက်ကိုင် များကတော့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်မတော်(DPLA)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ် မြောက်ရေး တပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကချင်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(KPDF)၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers-PDF တို့ အပါအဝင် ချင်းပြည်နယ်အတွင်းက PDF များနှင့် NUG လက်အောက်ခံ PDF အဖွဲ့ပေါင်း ရာချီလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 431
CNI News
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၅
တိုင်းရင်းသားများ၏ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးနှင့် ဒီမိုကရေစီအင်အားစု နွေဦးတော်လှန်ရေးက အာဏာလုပွဲသည် အနည်းငယ် ကွာခြားမှုရှိသည်ဟု NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပေါ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAO)များနှင့် ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး တိုက်ပွဲဖော်ဆောင်လျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ နိုင်ငံရေးရည်မှန်းချက်သည် အမျိုးသား လွတ်မြောက်ရေးနှင့် အမျိုးသား အကျိုးစီးပွားကို အာမခံချက်ရှိရန် အတွက်ဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုင်းရင်းသားတွေရဲ့ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေးနဲ့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ ပေါ့ဗျာ၊ နွေဦးအဖွဲ့တွေရဲ့ အာဏာလုပွဲက နည်းနည်းလေး ကွာတယ်။ ဒါကြောင့် အမျိုးသား လွတ်မြောက်ရေး အမျိုးသား အကျိုးစီးပွားအတွက် “ဝ”တွေ၊ ပလောင်တွေ၊ ကိုးကန့်တွေ တိုက်နေကြတာက သူ့မှာနိုင်ငံရေး ရည်မှန်းချက်က အမျိုးသားအကျိုးစီးပွား အာမခံချက်ရှိဖို့ပဲ ဖြစ်တယ်။ နေပြည်တော် ကုလားထိုင်ပေါ့၊ နေပြည်တော် အာဏာကို လုယူမယ့် အဆင့်ရောက်ချင်မှ ရောက်မယ်ပေါ့။ သို့သော် နေပြည်တော်အာဏာကို လက်လွှဲလက်ပြောင်း လုယူချင်တဲ့ နိုင်ငံရေး ရည်မှန်းချက် ရှိတဲ့ အဖွဲ့တွေကတော့ အဲဒီ ရည်မှန်းချက်အတိုင်း ဆက်လုပ် ကြပေါ့။ ကန့်ကွက်ဖို့လည်း အကြောင်းမရှိပါဘူး၊ သို့သော် တိုင်းရင်းသားတွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မိမိလူမျိုးရဲ့ တည်ငြိမ်အေးချမ်းမှု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေးတွေက ကျနော်တို့ အဓိပ္ပာယ် နည်းနည်းကွာတယ်။ ဒါကြောင့် မတူတဲ့ နိုင်ငံရေး ရည်မှန်းချက် နှစ်ခု က တူတဲ့အချိန်မှာတော့ ပူးတွဲတာပေါ့၊ မတူတဲ့ အခါကျတော့လည်း ပြန်ခွဲလုပ်တာပေါ့။ တူတာတွဲလုပ်ပြီးတော့ မတူတဲ့ အချိန်ကျတော့ ခွဲလုပ်ပေါ့ဗျာ၊ ဒါပါပဲ။ အဲဒီလို ဖြစ်သွားတာဆိုတော့ ဘယ်ဟာက တော်လှန်ရေးဆန်တယ် ဘယ်ဟာက တော်လှန်ရေး မဆန်ဘူးလို့ မှတ်ချက်တော့ ပေးလို့ မရဘူးပေါ့” ဟု ပြောသည်။

PDF နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီးနောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆို၍ တော်လှန်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ ပြီးဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရအား ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချလိုက်ခြင်းနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် PDF များသည် မြန်မာ့တပ်မတော်ကို ဖြုတ်ချပြီး ဗဟိုအာဏာကို ပြန်လည် ရရှိရေး ကြိုးပမ်းနေခြင်း ဖြစ်ပြီး EAO များကတော့ မိမိလူမျိုး လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။
လက်ရှိ အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အနေဖြင့် မိမိလက်ရှိ ကြုံတွေ့နေရသည့် အခြေအနေ သည် မိမိမျှော်မှန်းခဲ့သည့် အခြေအနေများနှင့် ထပ်တူကျသလား ဆိုသည်ကို ကိုယ်တိုင် စဥ်းစားသုံးသပ်ရန် အရေး ကြီးသည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

PDF နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကို တွေ့ရစဉ်
၎င်းက “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မြေပြင် အခြေအနေမှာ ကိုယ်ဘယ်လို ကြုံတွေ့ပြီးတော့ ကိုယ်မျှော်မှန်း ခဲ့တာနဲ့ ကိုယ်တကယ် ကြုံတွေ့ခဲ့ရတာ တကယ်ရော မှန်ရဲ့လားဆိုတာ ကိုယ်တိုင် စဥ်းစားသုံးသပ်နိုင်ဖို့က အရေး ကြီးဆုံးပါ။ အဲ့တာ စဥ်းစားသုံးသပ်နိုင်တယ်ဆိုရင် သူတို့ ဘာလုပ်ရမလဲဆိုတာ အဖြေထွက်လာပါလိမ့်မယ်။ အဲ့ဒါ နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဟိုးတုန်းက အကြိမ်ပေါင်းများစွာ ကျနော်တို့ ပြောခဲ့ပြီးသားပေါ့လေ။ ပြော ခဲ့ပြီးသား ဖြစ်တဲ့အတွက်ကြောင့် ထပ်တော့ မပြောလိုပါဘူး။ စကားတွေလည်း ကျနော်တို့ ထပ်နေပြီ အမြဲတမ်း ပြောနေရတာလည်း ဒါပဲ။ ဒါပေမယ့် သိပ်ပြီးတော့ ခေါင်းထဲ မရောက်ကြဘူး သွေးတွေလည်း ဆူနေကြတဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက်ပေါ့နော်၊ စိတ်ထင်ရာ လုပ်ထားကြတာရှိတယ်။ ဒါပေမယ့် အဲဒီရလဒ်တွေအတိုင်း ထွက်ခဲ့ရဲ့လား ဆိုတာ အရင်ဆုံး ပြန်ဆန်းစစ်ဖို့ တွေးပေါ့။ ရလဒ်အတိုင်း မထွက်ဘူးဆိုရင်တော့ ဘာဆက်လုပ်မလဲဆိုတာ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ပေါ့။ အဲ့တာက ကိုယ်ကိုတိုင် ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် တအာင်းတပ်ဖွဲ့(TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ဖော်ဆောင်ခဲ့သည်။
ထို့နောက် TNLA, MNDAA တို့သည် ၎င်းတို့ လိုချင်တဲ့ နယ်မြေ ထိန်းချုပ်နိုင်ရေးနှင့် အမျိုးသား အကျိုးစီးပွား အာမခံချက်ကို မြန်မာ့တပ်မတော်နှင့် ဆွေးနွေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် PDF များဖြင့် ပတ်သက်မှု မလုပ်ဘဲ လမ်းခွဲသွားခဲ့ကြသည်။
အလားတူ KIA နှင့် AA သည်လည်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ၎င်းတို့ လိုချင်သည့် နယ်မြေများ ထိန်းချုပ်သိမ်းပိုက်နိုင်ရေး PDF များကို အသုံးချပြီး တိုက်ခိုက်နေရာ ထိုက်သင့်သ လောက် ထိန်းချုပ်နိုင်ပြီးဖြစ်၍ မြန်မာ့တပ်မတော်နှင့် ဆွေးနွေးရန် နောက်ကွယ်မှာ ဆက်သွယ် ညှိနှိုင်းလျက်ရှိ ကြောင်း နီးစပ်သူများက ပြောသည်။
သို့သော် PDF တပ်ဖွဲ့များကတော့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့်တိုင် ကိုယ်ပိုင် ထိန်းချုပ်နယ်မြေ မရှိသေးသလို နေပြည်တော်က ဗဟိုအာဏာကို ခြိမ်းခြောက်နိုင်ခြင်းလည်း မရှိသေးဘဲဖြစ်နေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
