CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သည် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ မြန်မာ့ တပ်မတော်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီးနောက် TNLA အနေဖြင့် ဘယ်လို မဟာဗျူဟာ ပြောင်းသွားသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား စောင့်ကြည့်နေကြသည်။

TNLA အနေဖြင့် ရှိပြီးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ် နှစ်ခုသာမက ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း အတွင်း သိမ်းပိုက်ရရှိထားသည့် နမ္မတူမြို့နှင့် အချို့မြို့တို့ကို ပြန်လိုချင်သေး၍ ထပ်မံညှိနှိုင်းကြဦးမည်ဟု ထင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ကတော့ သူတို့မူလ မြို့နယ် နှစ်ခုပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိပြီးသားပါ။ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ။ အဲဒီဒေသမျိုးကိုပဲ ခိုင်ခိုင်မာမာနဲ့ လုပ်ရမယ်။ ဒါမှမဟုတ်လည်း အခြေအနေအရ မြို့နယ် နှစ်မြို့နယ်ကနေ သုံးမြို့နယ်တို့ လေးမြို့နယ်တို့ ပိုပြီးတော့လည်း နိုင်ငံရေးအရ ဆွေးနွေးရင်းနဲ့ တောင်းနိုင်ပါ တယ်။ ဒါပေမယ့် အပစ်ရပ်ပြီးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးတယ်၊ တောင်းတယ်ဆိုရင်တော့ အပျက်အစီး များတာကို တားဆီးနိုင်တဲ့သဘော ဖြစ်နိုင်တယ်။ ဒါပေမယ့် TNLA အနေနဲ့ကလည်း ဒီ နှစ်မြို့နယ်လောက်နဲ့တော့ သိပ်မကျေနပ်တဲ့ ပုံမပေါ်ဘူး။ ဒါပေမယ့် စစ်ဆင်ရေးပထမလှိုင်းမှာ ရထားတဲ့မြို့တချို့ကိုတော့ ပြန်ဆွဲထားချင်တဲ့ သဘောရှိတယ်။ ဥပမာ နမ္မတူတို့ ဘာတို့ပေါ့လေ။ အဲဒါတော့ သူတို့ထပ်ညှိမယ်ထင်တယ်။ ဒီပွဲနဲ့ ပြီးဦးမှာ မဟုတ် သေးပါဘူး”ဟု ပြောသည်။

တွေ့ဆုံ ဆွေးနွေးကြတဲ့ TNLA နဲ့ စစ်တပ် ကိုယ်စားလှယ် ၂ ဦးကို တွေ့ရစဉ်

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကူမင်းမြို့မှာ မြန်မာ့ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သောအဖွဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို တရုတ်၏ မြန်မာအရေး အထူးသံတမန် မစ္စတာတိန့်ရှီးကျွင်းက ကမကထ ပြုလုပ် ဦးဆောင် ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတွေ့ဆုံ ဆွေးနွေးမှုသည် (၉)ကြိမ်မြောက်ဖြစ်ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၂၉ ရက် တွင် စတင် အသက်ဝင်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကာ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်း တပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

သို့သော် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်မှ မည်သည့်အချိန် ကာလတွင် အပြီးတိုင် ဆုတ်ခွာမည်ကိုတော့ ဖော်ပြထား ခြင်း မရှိသေးပေ။

ထို့အတူ တအာင်းဒေသကိုလည်း မြန်မာ့တပ်မတော်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြု ရန် ထုတ်ပြန်ချက်အရ သိရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့နယ် ၁၂ မြို့နယ်ကို တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီးနောက် မြန်မာ့ တပ်မတော်က နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့် မြို့နယ်များကို ၂၀၂၅ ခုနှစ်၊ ဇွန်-ဇူလိုင်လမှ စတင်ကာ ပြန်လည် သိမ်းပိုက်ခဲ့သည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ် 

TNLA အနေဖြင့် မြန်မာ့တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကြောင့် သိမ်းပိုက်ထားသည့် မြို့အချို့ ပြန် လက်လွှတ်ခဲ့ရပြီး စစ်ရေးရှုံးနိမ့်နေချိန်တွင် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးလိုက်ခြင်းသည် သဘောထား ပြောင်းသွားခြင်း မဟုတ်ဘဲ မြေပြင် အခြေအနေအပေါ် လက်ခံလိုက်သည့် သဘောဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်

၎င်းက “ပြောင်းတာထက်ကို အခြေအနေအပေါ် လက်ခံလိုက်တဲ့ သဘောပါ။ သူ ဆက်ခေါင်းမာပြီးတော့ လုပ်ရင် သူလည်းနာမယ်၊ မြို့ရွာတွေလည်း နာမယ်၊ လူထုလည်း နာမယ်။ နောက် ပလောင်က လူဦးရေ သိပ်များတာ မဟုတ်ဘူး ကျနော်တို့ တိုင်းပြည်မှာ။ လူဦးရေ ၁ သန်းတောင်မှ မပြည့်ချင်ဘူး။ လူဦးရေ နည်းနည်းနဲ့ လက်ရှိ အင်အားလေးကို အားကိုးပြီးတော့လုပ်ရင် ပလောင် အခြေခံဒေသတွေ၊ ပလောင် အခြေခံ အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးပေါ့။ အဲဒါတွေအားလုံး အပျက်အစီးခံပြီးတော့ ခေါင်းမာမလား၊ သို့တည်းမဟုတ် အဲဒါတွေကို ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူကို ငဲ့ပြီးတော့ ဆွေးနွေးမလားဆိုတဲ့ဟာမျိုးပဲ စဉ်းစားရမယ့် သဘောဖြစ် လာတယ်။ ရေကုန်ရေခမ်း တိုက်မယ်ဆိုရင် ပြည်သူလူထုက အများဆုံး နစ်နာကြမှာကို။ နောက်ပြီးတော့ ဘာ ရလဒ်မှလည်း ထွက်မှာမဟုတ်ဘူး။ နိုင်ငံရေးရလဒ်လည်း ထွက်မှာမဟုတ်ဘူး။ အဲဒါကို ခေါင်းဆောင်တွေက နားလည် သဘောပေါက်လို့ ဒီဆွေးနွေးပွဲ အောင်မြင်တာလို့ ယူဆရပါတယ်” ဟု ပြောသည်။

၎င်းတို့ နှစ်ဖက် အဖွဲ့အစည်းအနေဖြင့် ပြီးခဲ့သည့် ဧပြီလတွင် တွေ့ဆုံမှု ပြုလုပ်ခဲ့သေးပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA က သိမ်းပိုက်ခဲ့သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်ပေးရန် မြန်မာ့တပ်မတော်ဘက်က ဆွေးနွေးခဲ့သော်လည်း TNLA ဘက်မှ လက်မခံခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြန်မာ့တပ်မတော်က နောင်ချို၊ ကျောက်မဲနှင့် သီပေါကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါတွင် တရုတ် ကြားဝင်မှုဖြင့် ကျန်ရှိနေသည့် မြို့နှစ်မြို့ကိုပါ ပြန်လည် ရရှိသွားသည်။

‘၁၀၂၇ စစ်ဆင်ရေး’ နှစ်နှစ်ပြည့်ပြီးသည့် အချိန်၌ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် TNLA ဘက်က သိမ်းပိုက်ထား သည့် မြို့များ လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။