CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လတွင် လွှတ်တော်ခေါ်ယူပြီးနောက် ထွက်ပေါ်လာမည့် အစိုးရသစ် လက်ထက်တွင် မြန်မာ့တပ်မတော်သည် ဆုံးရှုံးထားသော နယ်မြေများ ပြန်လည်ရရှိရေးအတွက် စစ်ရေး ဘယ်လို ဖော်ဆောင်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိ နေကြသည်။
အစိုးရသစ်နှင့် လွှတ်တော်အသစ်တို့သည် စစ်ရေးကို ဦးစားပေးမည်ဟု မထင်သော်လည်း စစ်ရေး လုပ် ဆောင်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံ၏ အလယ်ဗဟိုဒေသကို ဦးစားပေး လုပ်ဆောင်လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ နှစ်မျိုးရှိတာပေါ့။ အဲဒီနယ်မြေရထားတဲ့ လူနဲ့ သူညှိနှိုင်းမှာပေါ့။ ညှိနှိုင်းပြီးတော့ မြောက်ပိုင်း သီပေါ၊ လားရှိုးတွေ ပြန်ရတာ စစ်ရေးနဲ့မဟုတ်ဘဲ ပြန်ရတာပဲ။ ညှိနှိုင်းပြီးတော့ရတာ။ ဒါ ကြောင့် ညှိနှိုင်းမယ့် သဘောလည်း ကြိုးစားလာနိုင်တယ်။ နောက်ပြီးတော့ အပေးအယူတွေ လုပ်ပြီး တော့ပေါ့။ အဲဒီထဲမှာ အပေးအယူလည်း လုပ်လို့မရဘူး။ ညှိနှိုင်းလို့လည်းမရဘူး မကွေး၊ စစ်ကိုင်းလို နေရာမျိုးတွေကြတော့ စစ်ရေး ပြင်းထန်ချင် ပြင်းထန်နိုင်တာပေါ့။ အဲဒီလိုတော့ ရှိပါတယ်။ ဒါပေမယ့် ရခိုင်တို့၊ ကချင်တို့မှာကြတော့ စစ်ရေးမြှင့်ဖို့က ဒီလောက် အခြေအနေ မပေးဘူးလို့ ထင်ပါတယ်။ ကျနော်ထင်တာတော့ အလယ်ပိုင်းပါပဲ။ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး သူ အလယ်ဗဟိုဒေသတွေပဲ ဦးစားပေးပြီးတော့ လုပ်မယ်ထင်ပါတယ်။ တိုင်းရင်းသားဒေသကိုတော့ နည်းတစ်နည်းနဲ့ လုပ်မယ်ထင်ပါ တယ်။ တစ်ပြည်လုံးကို တစ်ပြိုင်နက်တည်းတော့ စစ်ရေးတော့ မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ဦးစားပေး အနေနဲ့တော့ ဗဟိုအလယ်ပိုင်းဒေသတွေကိုပဲ ဦးစားပေး လုပ်မယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ကျင်းပပြီးစီးနောက် မြန်မာ့တပ်မတော်သည် တော်လှန်ရေး အင်အားစု များ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးသော်လည်း ရွေးကောက်ပွဲ မတိုင်ခင် ကာလများထက် မပြင်းထန်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ရှုမြင်ကြသည်။
မြန်မာ့တပ်မတော် အနေဖြင့် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် လက်လွှတ် ဆုံးရှုံးထားခဲ့ရသည့် နယ်မြေအချို့ကို ပြန်လည် ရရှိထားသည်ဆိုသော်လည်း ၎င်းတို့ ဆုံးရှုံးထားသော နယ်မြေမှာ အများ အပြား ကျန်ရှိနေသေးသည်။
လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတဖြစ်ခဲ့ပါက အစိုးရ သစ် လက်ထက် မြန်မာနိုင်ငံ၏ စစ်ရေးသည် အသစ်တက်လာမည့် ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမြင်အပေါ် မူတည်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူကတော့ အခုလောလောဆယ် အဓိကထားတဲ့ မြို့ကြီးတွေပေါ့။ နေပြည်တော်တို့၊ မန္တလေးတို့၊ စစ်ကိုင်းတို့၊ မုံရွာတို့ အဲဒီမြို့ကြီးတွေနဲ့ အနီးတစ်ဝိုက်က ခြိမ်းခြောက်နေတဲ့ အင်အားစုတွေပေါ့။ အဲဒါတွေ ကို ခြေမှုန်းဖို့ ဒါမှမဟုတ်လည်း အဝေးရောက်သွားအောင် သူအဲဒါတွေ လုပ်မယ်ထင်တယ်။ ဒါကတော့ နောင်တက်လာမယ့် သမ္မတနဲ့တော့ သိပ်မဆိုင်လှဘူး။ ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို စပြီး ကျင့်သုံးတဲ့ ၂၀၁၀ မှာကိုက သမ္မတက အုပ်ချုပ်ရေး တာဝန်ကိုပဲ ယူပြီးတော့ အဲဒီဟာတွေကိုတော့ စစ်ရေး တာဝန်တွေကိုကြတော့ ကာကွယ်ရေးဦးစီးချုပ်ကပဲ ဆောင်ရွက်တာ။ အဲဒီလိုဖြစ်တော့ သူတို့ရဲ့ တပ်က တက်လာမယ့် ကာကွယ်ရေးဦးစီးချုပ် ဒါမှမဟုတ်လည်း ကာကွယ်ရေးဦးစီးချုပ် အဟောင်းပေါ့ ဦးမင်းအောင်လှိုင်ရဲ့ အမြင်ပေါ်မှာပဲ မူတည်မှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် လွှတ်တော် မပေါ်သေးခင် ကာလ၌ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလာ ကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ကတည်းက အရေးပေါ် အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခဲ့သည့် မြို့နယ်ပေါင်း ၆၃ ခုကိုလည်း ရက်ပေါင်း ၉၀ သက်တမ်း ဆက်တိုးထားသည်ကို တွေ့ရသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၆၃ ခုသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထား သည့် မြို့နယ်များ ပါဝင်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များ တစိတ် တပိုင်း ထိန်းချုပ်ထားသည့် မြို့နယ်တွေလည်း ပါဝင်သည်။
ထိုမြို့နယ်များမှာ ကချင်ပြည်နယ်မှာ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကယား (ကရင်နီ) ပြည်နယ်မှ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်မှ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်မှ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း တို့ဖြစ်သည်။
ထို့ပြင် စစ်ကိုင်းတိုင်းမှ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်၊ မကွေးတိုင်းမှ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊ မန္တလေးတိုင်း - မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန် တို့ဖြစ်သည်။
အလားတူ ရခိုင်ပြည်နယ်မှ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီး တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ရှမ်းပြည်နယ်မှ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားတို့ ဖြစ်ကြသည်။
