CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁
ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အာဏာရ ဘူဂျာထိုင်းပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ်၍ ထိုင်းစစ်တပ်က ထောက်ခံဖွယ်ရှိကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လူထုကြား ရေပန်းစားနေသည့် ပါတီများကို အနိုင်ယူနိုင်ခဲ့သဖြင့် ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် နှစ်ပေါင်း ၂၀ အတွင်း ရွေးကောက်ပွဲဖြင့် ရာထူးပြန်လည် ရရှိသည့် ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာရန် လမ်းပွင့်သွားစေခဲ့သည်။
ရွေးကောက်ပွဲအကြို လူထုသဘောထား စစ်တမ်းများတွင် လစ်ဘရယ်ဝါဒီ ပြည်သူ့ပါတီက အသာစီးရခဲ့သော် လည်း မဲရေတွက်မှုများ၌ ဘူဂျာထိုင်းပါတီက အနိုင်ရရှိခဲ့ပြီး ပြည်သူ့ပါတီနှင့် ဖြူးထိုင်းပါတီ ခေါင်းဆောင်များ ကလည်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ကြသည်။
ဘူဂျာထိုင်းပါတီသည် တောင်ပိုင်းတွင် နယ်မြေချဲ့ထွင်နိုင်ခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရှင်နာဝပ်မိသားစု၏ ဖြူးထိုင်းပါတီက နှစ်ပေါင်း ၂၀ နီးပါး လွှမ်းမိုးခဲ့သည့် မဲဆန္ဒနယ်များတွင်ပါ အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲ မဲထည့်နေစဉ်
ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ မဲရုံ စုစုပေါင်း၏ ၉၄ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်တွင် ဘူဂျာထိုင်းပါတီသည် လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၁၉၃ နေရာခန့် အနိုင်ရရှိထားကြောင်း သိရသည်။
ထိုအရေအတွက်သည် ၂၀၁၉ ခုနှစ်က အနိုင်ရခဲ့သည့် ၅၁ နေရာနှင့် ၂၀၂၃ ခုနှစ်က အနိုင်ရခဲ့သည့် ၇၁ နေရာတို့နှင့် နှိုင်းယှဉ်ပါက သိသိသာသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်မြို့တော်ရှိ အမတ်နေရာ အားလုံးကို ပြည်သူ့ပါတီက အနိုင်ရရှိခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အမတ်နေရာ ၁၁၈ နေရာဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဖြူးထိုင်းကမူ အမတ်နေရာ ၇၄ နေရာ ဖြင့် ၎င်းတို့ပါတီ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် အနူတင် အနေဖြင့် ထိုင်းနိုင်ငံ၏ တုံ့ဆိုင်းနေသော စီးပွားရေးကို ကိုင်တွယ်နိုင်ကာ စီးပွားရေး လုပ်ငန်း ရှင်ကြီးများနှင့် ဩဇာကြီးမားသော အဖွဲ့အစည်းများအကြား အကျိုးစီးပွားကို ဟန်ချက်ညီစွာ စီမံဆောင်ရွက်နိုင် ပါက ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ဖြူးထိုင်းပါတီကိုတွေ့ရစဉ်
ထို့ပြင် အနူတင်သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအာဏာ လွန်ဆွဲမှုများတွင် အလွန် ဩဇာကြီးမားသော အထက် တန်းလွှာများနှင့် စစ်တပ်၏ ထောက်ခံမှုကိုပါ ရရှိနိုင်ခြေရှိသည်။
အထက်တန်းလွှာများနှင့် စစ်တပ် အင်အားစုများသည် ပြည်သူ့ပါတီ မတိုင်မီ ယခင် Future Forward ပါတီနှင့် Move Forward ပါတီများကို အာဏာမရအောင် ဟန့်တားနိုင်ခဲ့ပြီး ရှင်နာဝပ် မိသားစုဝင်များ သို့မဟုတ် ထိုမိသားစုကို ထောက်ခံသည့် ဝန်ကြီးချုပ်များကိုလည်း အာဏာသိမ်းမှုများ၊ တရားရုံး ဆုံးဖြတ်ချက်များမှတဆင့် ရာထူးမှ ဖယ်ရှားနိုင်ခဲ့ကြသည်။
ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်ကို အတည်ပြုပြီး ၁၅ ရက်အကြာတွင် လွှတ်တော်ကို ခေါ်ယူကာ လွှတ်တော် ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရမည်ဖြစ်သည်။
လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်သည် မဲရလဒ်ကို အတည်ပြုရန် ရက်ပေါင်း ၆၀ အချိန် ရရှိထားသည်။
ဘူဂျာထိုင်းပါတီ ဦးဆောင်သော အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ အစိုးရသစ်ကို ဧပြီလကုန်တွင် စတင် ဖွဲ့စည်းနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
