CNI International News

ဒါကာ၊ ဖေဖော်ဝါရီ ၁၁

အိန္ဒိယ၏ မဟာမိတ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) သည် ၂၀၂၄ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် ပိုမို အားကောင်းလာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လာမည့် ရက်ပိုင်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အလွန်တွင် ဘင်္ဂလားဒေ့ရှ်အပေါ် တရုတ်၏ ဩဇာသည် ပိုမို နက်ရှိုင်းလာဖွယ်ရှိသော်လည်း အိန္ဒိယနိုင်ငံသည် လျစ်လျူရှုထား၍ မရနိုင်လောက်အောင် ကြီးမားသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း နိုင်ငံရေးသမားများနှင့် လေ့လာသူများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အနိုင်ရရန် ရေပန်းစားနေ သည့် ပါတီနှစ်ခုလုံးသည် ဟာဆီနာ လက်ထက်ဖြစ်သော ၂၀၀၉ ခုနှစ်မှစ၍ ယခုအချိန်အထိ အိန္ဒိယနှင့် ဆက်ဆံ ရေး နွေးထွေးခဲ့ခြင်း မရှိပေ။

အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို တွေ့ရစဉ်

ဟာဆီနာ၏ အာဝါမီလိဂ်(Awami League)ပါတီသည် လက်ရှိတွင် ပိတ်ပင်ခံထားရပြီး ဟာဆီနာကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ခိုလှုံနေထိုင်လျက်ရှိသည်။

ထိုအချိန်အတောအတွင်း တရုတ်သည် ဘင်္ဂလားဒေ့ရှ်၏ ဒါကာ (Dakha) မြို့တော်တွင် ရင်းနှီးမြှုပ်နှံမှုများနှင့် သံတမန်ရေးရာ ချဉ်းကပ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။

မကြာသေးမီကလည်း အိန္ဒိယနယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ်၏ စစ်တကောင်းမြို့တွင် ဒရုန်းစက်ရုံတစ်ရုံ တည် ဆောက်ရန်အတွက် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် တရုတ်သံအမတ်ကြီး ယောင်ဝမ် (Yao Wen) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမားများ၊ တာဝန်ရှိသူများနှင့် သတင်းထောက်များနှင့်အတူ မကြာခဏ တွေ့ရလေ့ရှိသည်။

ထို့နောက် ဒေါ်လာဘီလျံချီ တန်ဖိုးရှိသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း တရုတ်သံရုံး၏ Facebook Page တွင် ဖော်ပြထားသည်။

“ဘင်္ဂလားဒေ့ရှ်က လူတွေက ဟာဆီနာရဲ့ ရာဇဝတ်မှုတွေနဲ့အတူ အိန္ဒိယကို ရောထွေးပြီး ရှုမြင်နေကြပါတယ်။ အကြမ်းဖက်သမား တစ်ဦးကို ခိုလှုံခွင့် ပေးထားပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ တည်ငြိမ်ရေးကို နှောင့်ယှက်ခွင့် ပေးထားတဲ့ နိုင်ငံနဲ့ ဆက်ဆံတာမျိုး ဒါမှမဟုတ် စီးပွားရေး လုပ်တာမျိုးကို လူတွေက လက်ခံမှာ မဟုတ်ပါဘူး” ဟု BNP ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း တာရစ် ရာမန် (Tarique Rahman) က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အလံကို ကိုင်ထားသူအား တွေ့ရစဉ်

မိမိတို့ အနေဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုရအောင် ကြိုးစားရမည်ဖြစ်သော်လည်း မိမိတို့ ပြည်သူနှင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားများကိုလည်း ကာကွယ်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်းက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဆက်ဆံရေးများ ဆိုးရွားခဲ့ပြီး အထူးသဖြင့် နှစ်နိုင်ငံစလုံးတွင် လူကြိုက်များသည့် ခရစ်ကတ် အားကစားပြိုင်ပွဲနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်ခဲ့ သည်။

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သည့် ဟိန္ဒူလူနည်းစုသည် တိုက်ခိုက်မှုများ ခံခဲ့ရပြီးနောက် ဟိန္ဒူအဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင့် အိန္ဒိယ၏ ခရစ်ကတ် ပရီးမီးယားလိဂ်မှ ဘင်္ဂလားဒေ့ရှ် ကစားသမားတစ်ဦးကို ဖြုတ်ချခဲ့သည်။

ထိုဖြစ်ရပ်ကို တုန့်ပြန်သည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ်ကလည်း နိုင်ငံအတွင်း ထုတ်လွှင့်ပြသမည့် အိန္ဒိယ ခရစ်ကတ် ပရီးမီးယားလိဂ်ပြိုင်ပွဲများကို ပြသခွင့်ပိတ်ပင်ခဲ့သည်။

ထို့ပြင် အိန္ဒိယတွင် ကစားရမည့် ခရစ်ကတ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သီရိလင်္ကာ၌ ပြောင်းရွှေ့ကစားရန် ဘင်္ဂလားဒေ့ရှ်က အဆိုပြုခဲ့သော်လည်း ထိုတောင်းဆိုချက်ကို နိုင်ငံတကာ ခရစ်ကတ်ကောင်စီက ပယ်ချခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဖြုတ်ချခံခဲ့ရသည်။

Source: ရိုက်တာ