- By CNI
- Category: အားကစား
- Hits: 92
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က သူတို့ကျင်းပတဲ့ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိပ်တိုက် တွေ့ဆုံချိန် ပါးစပ်ကို တစ်ခုခုနဲ့ဖုံးအုပ်ပြီး စကားပြောတဲ့ ကစားသမားတွေကို ထုတ်ပယ်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
UEFA ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေမှာ ဒီ ဥပဒေကို အသုံးပြုဖို့ ရွေးချယ် မှုကို ငြင်းဆန်ခဲ့တာပါ။
ဒါပေမယ့် ဒိုင်လူကြီးတွေဟာ ဒီလိုမျိုးပြုလုပ်ပြီး ပြောဆိုတဲ့အပေါ် အားကစားသမား မဆန်တဲ့ အပြုအမူအဖြစ် မြင်တွေ့နိုင်ပြီး အဝါကတ်ပြသကာ အပြစ်ပေးနိုင်တယ်လို့ UEFA က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖီဖာအကြီးအကဲအင်ဖန်တီနိုဟာ ကစားသမားတစ်ဦးက ပြိုင်ဘက်ကစားသမားတစ်ဦးနဲ့ ထိပ်တိုက်တွေ့ဆုံချိန်မှာ ပါးစပ်ကို တစ်ခုခုနဲ့ဖုံးအုပ်ပြီး စကားပြောရင် အနီကတ်ပြသနိုင်တဲ့ စည်းမျဉ်းအသစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထည့်သွင်းခဲ့တာပါ။

ဒီစည်းမျဉ်းအသစ်မှာ ပါရာဂွေးတောင်ပံကစားသမားအယ်လ်မီရွန်နဲ့ အီကွေဒေါ နောက်ခံလူ ဟင်ကာပီတို့ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာနဲ့ ရီးရယ်လ်အသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘင်ဖီကာအသင်းက ပရက်စ်တီယန်နီဟာ ရီးရယ်လ်အသင်းက ဗီနီစီးယက်စ်ကို သူ့ရဲ့အင်္ကျီကိုမြှောက်ပြီး စကားပြောခဲ့တဲ့ဖြစ်ရပ်အပြီးမှာ ဒီစည်းမျဉ်း အသစ်ကို ဖီဖာက ထည့်သွင်းခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ UEFA ရဲ့ထိပ်တန်းပြိုင်ပွဲမှာဖြစ်ခဲ့ပေမယ့် သူတို့ကတော့ ဒီ စည်းမျဉ်းအသစ်ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် UEFA ဟာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ကွင်းထဲကနေ ထွက်ခွာတဲ့ ကစားသမားကို အနီကတ်ပြသပြီး ထုတ်ပယ်မှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒါပေမယ့် UEFA ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြု နေတဲ့ မှားယွင်းစွာပေးမိတဲ့ ထောင့်ကန်ဘောတွေကို VAR နဲ့ ပြန်စစ်ဆေးမယ့် စည်းမျဉ်းအသစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 91
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဆီနီဂေါအသင်း ထွက်ခွာခဲ့ပြီးနောက် ကွင်းလယ်လူ ပါပီဂေးယီက လက်ရှိနည်းပြအဖွဲ့ ဆက်ပြီးရှိနေသရွေ့ နိုင်ငံအသင်းအတွက် ကစားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ပါပီဂေးယီဟာ ဘယ်လ်ဂျီယံအသင်းကို အချိန်ပိုမှာ အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ ဆီနီဂေါအသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ပါပီဂေးယီဟာ အီရတ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဆီနီဂေါအသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပါတယ်။
ပါပီဂေးယီက “ထွက်ခွာခဲ့ရတာနဲ့ပတ်သက်ပြီး စကားအနည်းငယ်ပြောဖို့ ကျနော် ပြန်လာခဲ့ပါမယ်။ ဒါပေမယ့် ဒီနည်းပြ အဖွဲ့ရှိနေသရွေ့ ကျနော် နိုင်ငံအသင်းကနေ အနားယူမယ်ဆိုတာ ကြေညာတယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာ မှာ ရေးသားခဲ့ပါတယ်။

ပါပီဂေးယီကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်မှာ ဆီနီဂေါအသင်းအတွက် စတင်ပါဝင်ခဲ့တဲ့ ပါပီဂေးယီဟာ ၄၅ ပွဲကစားခဲ့ပြီး ၇ ဂိုးသွင်းယူခဲ့တာပါ။
ပါပီဂေးယီဟာ မော်ရိုကိုအသင်းကို အနိုင်ရခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲရဲ့ အချိန်ပိုမှာ ဆီနီဂေါအသင်းအတွက် အနိုင်ဂိုးသွင်းယူကာ အသင်းကို ချန်ပီယံဆု ရရှိစေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီရလဒ်ကို အာဖရိကဘောလုံးအဖွဲ့ ချုပ်က ပယ်ဖျက်ပြီး မော်ရိုကိုအသင်းကို အနိုင်ပေးခဲ့ပါတယ်။
ဆီနီဂေါအသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ ပွဲချိန် ၈၅ မိနစ်အထိ ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချေပဂိုး ၂ ဂိုးပြန်ပေးခဲ့ရပြီး အချိန်ပို ဆက်ကစားခဲ့ရတာပါ။
အချိန်ပို နောက်ဆုံးမိနစ်မှာ ဘယ်လ်ဂျီယံအသင်းဟာ ပယ်နယ်တီကနေ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ဆီနီဂေါ အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 91
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
ပေါ်တူဂီအသင်းက ခရိုအေးရှားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲအပြီးမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီအသင်းဟာ အသင်းဖော်ဟောင်း ဂျိုတာကို ဝမ်းနည်းဖွယ် ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ပယ်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ပွဲပြီးဆုံးပြီးနောက် ဂျိုတာရဲ့ နံပတ် ၂၁ ပေါ်တူဂီဂျာစီကို ဝတ်ဆင်ပြီး အသင်းဖော်တွေနဲ့အတူ စုဝေးခဲ့ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ဟာ ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူ အန်ဒရီဆေးလ်ဗားတို့ အနောက်ပိုင်း စပိန်မှာ ကားမတော်တဆ မှုကြောင့် ကွယ်လွန်တာ ၁ နှစ် ပြည့်သွားခဲ့တာပါ။
ဂျိုတာဟာ ပေါ်တူဂီအသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူနိုင်ခဲ့ကာ နေးရှင်းလိဂ် ၂ ကြိမ် ရယူနိုင်ခဲ့ ပါတယ်။
ရော်နယ်လ်ဒိုက ဂျိုတာဟာ သူတို့နဲ့အတူ ရှိနေတယ်ဆိုတာ သူတို့သိပြီး သူ့ကို အကောင်းဆုံးနည်းလမ်းနဲ့ ဂုဏ်ပြုဖို့ အတွက် ဒီပွဲအနိုင်ရရှိတာက အဓိပ္ပါယ်ရှိတယ်လို့ ပေါ်တူဂီ Sport TV ကို ပြောခဲ့ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီအသင်းဟာ ပါရီဆစ်ရဲ့ သွင်းဂိုးနဲ့ ခရိုအေးရှားအသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပေမယ့် ရော်နယ်လ်ဒိုက ပယ်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့တာပါ။

ရော်နယ်လ်ဒို ဂိုးသွင်းနေစဉ်
ဒီဂိုးဟာ အသက် ၄၁ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုအတွက် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ပထမဆုံး သွင်းယူနိုင်တဲ့ သွင်းဂိုးဖြစ်သလို ဒီအဆင့်မှာ အသက်အကြီးဆုံး ဂိုးသွင်းယူတဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ပေါ်တူဂီအသင်းအတွက် ဂွန်ကာလိုရာမို့စ်က အနိုင်ဂိုးသွင်းယူခဲ့ပြီး ခရိုအေးရှားအသင်းက နောက်ဆုံးမိနစ်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့တာပါ။
ဒါပေမယ့် လူကျွံဘောအဖြစ် သတ်မှတ် ခံခဲ့ရတာကြောင့် ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီး ပေါ်တူဂီအသင်း ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ၁၆ သင်း အဆင့်အဖြစ် ဇူလိုင်လ ၇ ရက်မှာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 73
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
စပိန်အသင်းဟာ သြစတြီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိကာ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီးနောက် တောင်ပံကစားသမား ယာမဲလ်က ကမ္ဘာ့ဖလားပြိုင်ပွဲအခု စတင်ပြီလို့ ပြောခဲ့ပါတယ်။
ယာမဲလ်က “ကမ္ဘာ့ဖလားက အခုစတင်ပါပြီ။ ရှုံးထွက်အဆင့်မှာ ရှုံးနိမ့်ရင် အိမ်ပြန်ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ အထဲက ဘယ်သူကမှ ဒါကိုမလိုချင်ပါဘူး။ ကျနော် ကောင်းမွန်နေသလို ၁၀၀ ရာခိုင်နှုန်း ဖြစ်နေပါပြီ။ နည်းပြ လိုချင်တဲ့အတိုင်း ကစားဖို့လည်း အဆင်သင့် ဖြစ်နေပြီး ၁၆ သင်းအဆင့်ပွဲကို ယှဉ်ပြိုင်ချင်နေပြီ”လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ စပိန်အသင်းအတွက် အိုယာဇာဘဲလ်က ၂ ဂိုးသွင်းပြီး ပေါ်ရိုက ၁ ဂိုး သွင်းယူခဲ့တာပါ။
ဥရောပချန်ပီယံအသင်းဟာ အုပ်စုအဆင့်ပွဲတွေမှာ ရုန်းကန်ရမှုတွေ ရှိခဲ့ပေမယ့် ၃၂ သင်းအဆင့်ကို သက်တောင့် သက်သာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

စပိန်အသင်း ယှဉ်ပြိုင်နေစဉ်
သြစတြီးယားအသင်းနဲ့ပွဲမှာ ပွဲချိန် ၈၅ မိနစ်အထိ ပါဝင်ကစားခဲ့တဲ့ ယာမဲလ်ဟာ ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်မှာ ၄ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး အခွင့်အရေး ၂ ကြိမ်ဖန်တီးကာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ်။
သြစတြီးယားအသင်း နည်းပြ ရက်ဂ်နစ်က စပိန်အသင်းကို ချီးကျူးပြီး သူတို့ကမ္ဘာ့ဖလား ရရှိလိမ့်မယ်လို့ မျှော်လင့် ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ရက်ဂ်နစ်က ယာမဲလ်ဟာ သူမြင်တွေ့ဖူးသမျှထဲ သူ့အသက်အရွယ်မှာ အကြီးမားဆုံး ပါရမီရှင်တွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောခဲ့တာပါ။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက အသင်းဟာ လုပ်စရာတွေ အများကြီးရှိသေးပြီး ရက်ဂ်နစ်ရဲ့ စကားတွေ အတွက် ကျေးဇူးတင်ပေမယ့် ကျေနပ်မှု မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
စပိန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 110
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
အေစီမီလန်အသင်းဟာ ပေါ်တူဂီတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို PSG အသင်းကနေ ယူရိုသန်း ၇၀ နဲ့ ခေါ်ယူပြီး နောက် လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်ကို အဓိကခံစစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
အေစီမီလန်အသင်းရဲ့ အကြီးတန်းအကြံပေး အီဘရာဟီမိုဗစ်က ဗန်ဒိုက်ကို ကမ်းလှမ်းမှုပြုလုပ်ဖို့ အသင်းဘုတ် အဖွဲ့ကို တိုက်တွန်းခဲ့တယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားတာပါ။
အေစီမီလန်အသင်းဟာ ဗန်ဒိုက်ကို အဓိကထားပြီး သူတို့ရဲ့ခံစစ်ကို အသစ်ပြန်ဖွဲ့စည်းဖို့ ဆန္ဒရှိနေပါတယ်။
နည်းပြ အာမိုရင်ရဲ့ လက်အောက်မှာ ခေတ်အသစ်တစ်ခုကို ပြန်လည်စတင်ပြီး ဥရောပဆုဖလားတွေကို ပြန်ပြီး စိန်ခေါ်ချင်နေတဲ့ အေစီမီလန်အသင်းဟာ ဗန်ဒိုက်ကို ဦးဆောင်တဲ့သူအဖြစ် ရှုမြင်နေတာပါ။

ဗန်ဒိုက်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ အကုန်မှာ ဆာလက်နဲ့ ရော်ဘတ်ဆန်ကို ထွက်ခွာခွင့် ပြုခဲ့ရသလို နောက်ခံလူ ကိုနာတေးကိုလည်း အလွတ်နဲ့ ဆုံးရှုံးထားတာကြောင့် ဗန်ဒိုက်ကို ဆက်ထိန်းသိမ်းဖို့ ကြိုးပမ်းနိုင်ပါတယ်။
အေစီမီလန်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်နောက်ဆုံးနှစ်ကို ရောက်နေပြီဖြစ်တဲ့ ဗန်ဒိုက်အတွက် ကမ်းလှမ်းမယ့် ပြောင်းရွှေ့ကြေး ပမာဏကို စဉ်းစားနေတာပါ။
ဗန်ဒိုက်ဟာ နယ်သာလန်အသင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်လို့ အနားယူပြီးရင် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။
လီဗာပူးလ်အသင်းကတော့ အသင်းခေါင်းဆောင် ဗန်ဒိုက်ကို ဆုံးရှုံးခံဖွယ်မရှိလို့ အေစီမီလန်အသင်းဟာ တခြား ခံစစ် ပစ်မှတ်တွေကိုလည်း ရှာဖွေနေပါတယ်။
အေစီမီလန်အသင်းဟာ ဗန်ဒိုက်ကို ခေါ်ယူဖို့ အဆင်မပြေရင် စပို့တင်းလစ္စဘွန်းအသင်းက အင်အာစီယိုကို ယူရိုသန်း ၄၀ နဲ့ကမ်းလှမ်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 97
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
အက်သလက်တီကိုအသင်းဥက္ကဋ္ဌ ဆီရီဇိုက ကလပ်အသင်းဟာ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း အတည်ပြုခဲ့ပြီး တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ မှတ်ချက်အပေါ် အံ့အားသင့်မိတယ် လို့ ဝန်ခံခဲ့ပါတယ်။
ဆီရီဇိုက “သူဟာ အက်သလက်တီကိုအသင်း ကစားသမားဖြစ်ပြီး ကျနော်တို့ ဘယ်သူ့ဆီကမှ ကမ်းလှမ်းမှု မရရှိ ထားပါဘူး။ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်တောင် ကျနော်တို့သူ့ကို ရောင်းချဖို့ ဆန္ဒမရှိဘူး”လို့ စပိန်ရေဒီယို RNE ကို ပြောခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ PSG အသင်းတို့က စိတ်ဝင်စားနေသလို အာဆင်နယ်အသင်းကလည်း မကြာသေးမီက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အယ်လ်ဗာရက်ဇ်နဲ့ ယိုကီရက်စ်တို့ ပါဝင်တဲ့ ဖြစ်နိုင်ဖွယ် အလဲအလှယ် အပြောင်းအရွှေ့ အတွက် အက်သလက်တီကိုအသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားတာပါ။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
အယ်လ်ဗာရက်ဇ်ကတော့ သူ့ရဲ့အိပ်မက်ကို ဖြည့်ဆည်းချင်တာကြောင့် လူတိုင်းအတွက် အကောင်းဆုံးအရာက အပြောင်းအရွှေ့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်း ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ ပါဝင်နေပြီး ဒါက သူ့ကို ခေါ်ယူချင်တဲ့အသင်းတွေကို အခက်တွေ့စေပါတယ်။
အဲ့ဒါကြောင့်လည်း အက်သလက်တီကိုအသင်း အကြီးအကဲတွေက အယ်လ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် စိတ်အေးလက်အေး ဖြစ်နေခဲ့တာပါ။
၂၀၂၄ ခုနှစ်နွေရာသီမှာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကို အသင်းအတွက် ၁၀၆ ပွဲ ကစားထားပြီး ၄၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်း စာချုပ်ဟာ ၂၀၃၀ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 77
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
စပါးအသင်းဟာ အီတလီကွင်းလယ်လူ တိုနယ်လီကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပါတယ်။
စပါးအသင်းဟာ တိုနယ်လီအတွက် ပေါင်သန်း ၈၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို နယူးကာဆယ်အသင်းက ပယ်ချခဲ့ပေမယ့် အခုအချိန်မှာတော့ ပေါင် ၉၂.၅ သန်း၊ add-ons ပေါင် ၇.၅ သန်းနဲ့ ကမ်းလှမ်းမှုကို သဘောတူညီမှု ရရှိခဲ့တာပါ။
စပါးအသင်းဟာ တိုနယ်လီကို ၆ နှစ် စာချုပ် ချုပ်ဖို့ရှိနေပြီး သူဟာ အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၇၅,၀၀၀ ရရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
စပါးအသင်းဟာ မကြာသေးမီက ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ မာတီးယက်စ် ဖာနန်ဒက်စ်ကို ပေါင် ၈၅ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
လန်ဒန်ကလပ်ဟာ ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် တိုနယ်လီ အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

တိုနယ်လီကို တွေ့ရစဉ်
စပါးအသင်းထံ တိုနယ်လီ ပြောင်းရွှေ့နိုင်ဖို့အတွက် သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ နည်းပြဒီဇာဘီက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး တိုနယ်လီဟာ သူ့ရဲ့ကစားပုံစတိုင်မှာ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ဖို့ ရှိနေ တာပါ။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၇ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီးနောက် ရာသီသစ် မတိုင်မီ ကစားသမား အများအပြား အားဖြည့်နေတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဘန်လေအသင်း ဂိုးသမားဟောင်း ဒူဘရာကာ၊ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ရော်ဘတ် ဆန်နဲ့ ဘုန်းမောက်အသင်း နောက်ခံလူဟောင်း ဆီနီစီတို့ကို အလွတ်နဲ့ခေါ်ယူခဲ့သလို ဘရိုက်တန်အသင်း နောက်ခံ လူ ဗန်ဟက်ကတ်ကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူထားတာပါ။
စပါးအသင်းဟာ မန်စီးတီးအသင်း တောင်ပံကစားသမား ဆာဗင်ဟို၊ မိုနာကိုအသင်း တိုက်စစ်မှူး ဘာလိုဂန်တို့ ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 99
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက DR ကွန်ဂိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ချီးကျူးခဲ့ပေမယ့် အသင်းမှာ စိုးရိမ်စရာတွေ ရှိနေဆဲလို့ ပြောခဲ့ပါတယ်။
ဝိန်းရွန်နီက “သူ့ရဲ့ခေါင်းတိုက်ဂိုးက အလွန်ကောင်းမွန်သလို ဒုတိယဂိုးကတော့ အံ့မခန်းပါပဲ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားအားလုံးဟာ ဒီကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည်တွေ ပြသနေပြီး ဟာရီကိန်းက အင်္ဂလန်ရဲ့ စူပါစတား ဖြစ်သလို ကျနော်တို့အတွက် သူရဲကောင်းပါ။ သူက တကယ့်ကို ထိပ်တန်းကစားသမား တစ်ဦးပါ”လို့ BBC ကို ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဒီပွဲရဲ့ ပွဲချိန်အစောပိုင်းမှာ DR ကွန်ဂိုအသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီး သွင်းဂိုးပြန်လည် ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရကာ ပွဲချိန် ၇၅ မိနစ်အရောက်မှ ချေပဂိုးရခဲ့တာပါ။
ဒီဂိုးကို ဟာရီကိန်းက ခေါင်းတိုက်သွင်းယူခဲ့ပြီး ပွဲချိန် ၈၆ မှာ သူကပဲ လှပတဲ့ ကန်ချက်နဲ့ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး နော်ဝေအသင်း တိုက်စစ်မှူးဟာလန်းနဲ့ သွင်းဂိုး ချင်း တူညီနေတာပါ။

ဝိန်းရွန်နီကို တွေ့ရစဉ်
သူတို့ရဲ့အထက်မှာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီနဲ့ ပြင်သစ်အသင်း ခေါင်းဆောင် ဘတ်ပီတို့က ၆ ဂိုးစီ သွင်းယူထားပြီး ရပ်တည်နေပါတယ်။
ဝိန်းရွန်နီက အင်္ဂလန်အသင်း နောက်တစ်ဆင့်တက်တာကို သူတို့အားလုံး ဝမ်းသာကြပေမယ့် အသင်းဟာ ဘောလုံးကို ဆုံးရှုံးတဲ့အချိန်မှာ ဟာကွက်တွေ အများကြီး ဖြစ်သွားတယ်လို့ ပြောခဲ့တာပါ။
အဲ့ဒါကြောင့် အင်္ဂလန်အသင်းအနေနဲ့ ဒါကို မပြင်ဆင်နိုင်ရင် ပိုကောင်းတဲ့ အသင်းတွေနဲ့ တွေ့တဲ့အချိန်မှာ ဒုက္ခ ရောက်သွားနိုင်တဲ့အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ဝိန်းရွန်နီက ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင် တစ်သင်းဖြစ်တဲ့ မက္ကဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 125
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁
ကိုဗင်ထရီအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်ကို အသင်းမှာ ၂၀၂၉ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ခဲ့ပါတယ်။
အသက် ၄၉ နှစ်အရွယ်ရှိ နည်းပြဟာ ကိုဗင်ထရီအသင်းကို ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံရှစ်ဖလား ရယူပေးပြီး ပရီးမီးယားလိဂ်ထံ တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
ဖူလ်ဟမ်အသင်း အပါအဝင် အသင်းတချို့ရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ဖရန့်လမ်းပတ်နဲ့ ကိုဗင်ထရီအသင်း အရင် ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဖရန့်လမ်းပတ်ဟာ ကိုဗင်ထရီအသင်းမှာ ဆက်ရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
ဖရန့်လမ်းပတ်ဟာ ကိုဗင်ထရီအသင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ကိုင်တွယ်ခဲ့ပြီး သူကိုင်တွယ်ချိန်မှာ ကိုဗင်ထရီအသင်းဟာ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ကို တွေ့ရစဉ်
ဖရန့်လမ်းပတ်ဟာ အဆိုပါရာသီရဲ့ လိဂ်လက်ကျန် ၂၉ ပွဲမှာ ၁၆ ပွဲ အနိုင်ရရှိအောင် ကိုင်တွယ်ပေးပြီး ကိုဗင်ထရီ အသင်းကို ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် ကိုဗင်ထရီအသင်းဟာ ဆန်းဒါးလန်းအသင်းကို အရေးနိမ့်ပြီး ချန်ပီယံရှစ်မှာ ဆက်ရှိခဲ့ပါတယ်။
ဖရန့်လမ်းပတ်ဟာ မနှစ်က ရာသီမှာတော့ ကိုဗင်ထရီအသင်းကို ပရီးမီးယားလိဂ်ထံ တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။
ကိုဗင်ထရီအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 140
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁
ကိပ်ဗာဒီသမ္မတဂျို့စ်မာရီယာနာဗက်စ်က သူ့ရဲ့နိုင်ငံဟာ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲမှာ အာဂျင်တီးနား အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
“ကိပ်ဗာဒီအသင်းဟာ အာဂျင်တီးနားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဟာ အနိုင်ရဖို့ကစားနေတာဖြစ်ပြီး ကိပ်ဗာဒီလို နိုင်ငံငယ်လေးတစ်ခုက လူတွေကို အံ့အား သင့်အောင်လုပ်ဖို့ အမြဲတမ်းကြိုးစားသင့်ပါတယ်။ အာဂျင်တီးနားကို အနိုင်ရဖို့ ကျနော်တို့မှာ ၁၀၀ ရာခိုင်နှုန်းအခွင့်အရေးရှိတယ်” လို့ ကိပ်ဗာဒီသမ္မတက BBC နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မက်ဆီနှင့်အတူ အာဂျင်တီးနားကစားသမားမျာ
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိပ်ဗာဒီအသင်းဟာ ဘယ်သူမှ ထင်မှတ်ထားခြင်း မရှိတဲ့ ၃၂ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။
ကိပ်ဗာဒီအသင်းဟာ အုပ်စုတွင်းမှာ စပိန်၊ ဥရုဂွေးနဲ့ ဆော်ဒီအသင်းတို့ကို သရေကစားပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယအဖြစ် ရှုံးထွက်အဆင့်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ကိပ်ဗာဒီအသင်းဟာ သူတို့ရဲ့ကမ္ဘာ့ဖလားသမိုင်းဝင် ရှုံးထွက်ပွဲအဖြစ် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အာဂျင်တီးနားအသင်းဟာ အုပ်စုတွင်း ၃ ပွဲစလုံးအနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီက အသင်းရရှိတဲ့ သွင်းဂိုး ၈ ဂိုးမှာ ၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ နောက်တစ်ဆင့်တက်ဖို့ အပြတ်အသတ်ရေပန်းစားနေပေမယ့် ကိပ်ဗာဒီသမ္မတကတော့ သူ့ရဲ့နိုင်ငံဟာ ၁၆ သင်းအဆင့်တက်ပြီး သမိုင်းဝင်မှတ်တမ်းကို ဆက်ပြီးရေးထိုးနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
