CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
အက်သလက်တီကိုအသင်းဥက္ကဋ္ဌ ဆီရီဇိုက ကလပ်အသင်းဟာ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း အတည်ပြုခဲ့ပြီး တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ မှတ်ချက်အပေါ် အံ့အားသင့်မိတယ် လို့ ဝန်ခံခဲ့ပါတယ်။
ဆီရီဇိုက “သူဟာ အက်သလက်တီကိုအသင်း ကစားသမားဖြစ်ပြီး ကျနော်တို့ ဘယ်သူ့ဆီကမှ ကမ်းလှမ်းမှု မရရှိ ထားပါဘူး။ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်တောင် ကျနော်တို့သူ့ကို ရောင်းချဖို့ ဆန္ဒမရှိဘူး”လို့ စပိန်ရေဒီယို RNE ကို ပြောခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ PSG အသင်းတို့က စိတ်ဝင်စားနေသလို အာဆင်နယ်အသင်းကလည်း မကြာသေးမီက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အယ်လ်ဗာရက်ဇ်နဲ့ ယိုကီရက်စ်တို့ ပါဝင်တဲ့ ဖြစ်နိုင်ဖွယ် အလဲအလှယ် အပြောင်းအရွှေ့ အတွက် အက်သလက်တီကိုအသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားတာပါ။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
အယ်လ်ဗာရက်ဇ်ကတော့ သူ့ရဲ့အိပ်မက်ကို ဖြည့်ဆည်းချင်တာကြောင့် လူတိုင်းအတွက် အကောင်းဆုံးအရာက အပြောင်းအရွှေ့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်း ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ ပါဝင်နေပြီး ဒါက သူ့ကို ခေါ်ယူချင်တဲ့အသင်းတွေကို အခက်တွေ့စေပါတယ်။
အဲ့ဒါကြောင့်လည်း အက်သလက်တီကိုအသင်း အကြီးအကဲတွေက အယ်လ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် စိတ်အေးလက်အေး ဖြစ်နေခဲ့တာပါ။
၂၀၂၄ ခုနှစ်နွေရာသီမှာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကို အသင်းအတွက် ၁၀၆ ပွဲ ကစားထားပြီး ၄၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်း စာချုပ်ဟာ ၂၀၃၀ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Metro
