CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃

အသလက်တီကိုအသင်း နည်းပြ ဆီမြွန်နီက အသင်းဟာ ပြိုင်ပွဲစုံ ၁၄ ပွဲ ဆက်တိုက် နိုင်ပွဲရပြီး ရလဒ်ကောင်းတွေ ရရှိနေပေမယ့် ကစားသမားတွေကို နှိမ့်ချပြီးနေဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ဆီမြွန်နီက “ကစားသမားတွေဟာ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ အလွန်ကောင်းမွန်တဲ့ အလုပ်ကို လုပ်ခဲ့ကြပြီး စုပေါင်းအားထုတ်မှုတွေ ရှိခဲ့ကြပါတယ်။ သူတို့ဘယ်လို ဒုက္ခတွေ ခံစားရမလဲဆိုတာ သိပြီး ခြေလှမ်းတိုင်းမှာ အခက်အခဲတွေ ရှိမယ်ဆိုတာကို နားလည်ပါတယ်။ ကျနော်တို့ဟာ သွားချင်နေတဲ့ အရာတွေအတွက် နှိမ့်ချမှုမရှိဘဲ ဘယ်ကိုမှမသွားပါဘူး”လို့ ပြောခဲ့တာပါ။ 

အသလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အိုဆာဆူနာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ရီးရယ်လ်အသင်းကို ရမှတ် ၁ မှတ်အသာနဲ့ ထိပ်ဆုံးနေရာ ကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

အသလက်တီကိုအသင်းဟာ အောက်တိုဘာ ၃၁ ရက်က ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ အနိုင်ရပြီး ကတည်းက အခုထိပြိုင်ပွဲစုံ ၁၄ ပွဲဆက်တိုက် အနိုင်ရရှိထားတာပါ။ 

အသလက်တီကိုအသင်းကို တွေ့ရစဉ်

အာဂျင်တီးနား လူမျိုးနည်းပြ ဆီမြွန်နီဟာ အသလက်တီကိုအသင်းကို သူ့ရဲ့လက်ထက်မှာ လာလီဂါဖလား ၂ ကြိမ် ရယူပေးထားပြီးပြီဖြစ်ပြီး ၃ ကြိမ်မြောက် ရယူနိုင်ဖို့ဆိုရင် တစ်ပွဲပြီးတစ်ပွဲကို အာရုံစိုက်ကာ ပထမရာသီဝက်က ပြုလုပ်ခဲ့သလို ပုံစံမျိုး ပြုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ 

အသလက်တီကိုအသင်းဟာ ဇန်နဝါရီအတွင်းမှာ ချန်ပီယံလိဂ် ၂ ပွဲ၊ လာလီဂါ ၂ ပွဲနဲ့ ကိုပါဒယ်ရေး ၁ ပွဲ ကစားရမှာ ဖြစ်ပြီး လာမယ့်ပွဲစဉ်အဖြစ် အယ်လ်ချီအသင်းနဲ့ ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့် ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။ 

အသလက်တီကိုအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး လက်ကျန် ၂ ပွဲအဖြစ် လေဗာကူဆင်၊ ဆဲလ်ဘတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: CNA