CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂
အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေး နိမ့်ပြီးနောက် နည်းပြဆီမြွန်နီက အာဆင်နယ်အသင်းဟာ ဒီရာသီ အက်သလက်တီကိုအသင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ အကောင်းဆုံးအသင်းလို့ ချီးကျူးခဲ့ပါတယ်။
ဆီမြွန်နီက “အာဆင်နယ်အသင်းဟာ ဒီရာသီ ကျနော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အကောင်းဆုံးအသင်းလို့ ကျနော် ပြောချင် ပါတယ်။ သူတို့ဟာ တစ်ကွင်းလုံးမှာ အရည်အသွေးတွေ အပြည့်ရှိနေပြီး ဒီပွဲမှာ သူတို့အနိုင်ရဖို့ ထိုက်တန်တာ ကြောင့် သူတို့ကို ကျနော် ဂုဏ်ပြုချင်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲအစမှာ သူတို့ကို ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့ ပေမယ့် မိနစ် ၆၀ ကတည်းက သူတို့က ပိုကောင်းတဲ့ အသင်းဖြစ်ပြီး အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ အခုအချိန်မှာ လာမယ့်ပွဲတွေအတွက် အာရုံစိုက်ကာ တိုးတက်မှုတွေ ရှိအောင်လုပ်ဖို့ လိုအပ်တယ်”လို့ ပွဲအပြီး Amazon Prime ကို ပြောခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ဂိုးမရှိ သရေကျ နေခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ ပွဲချိန် ၅၇ မိနစ်ကနေ မိနစ် ၇၀ အတွင်း အက်သလက်တီကိုအသင်းကို ၄ ဂိုးသွင်းပြီး ဂိုးပြတ် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ယိုကီရက်စ်က ၂ ဂိုး၊ ဂါဘီရီရယ်လ်နဲ့ မာတင်နယ်လီတို့က ၁ ဂိုးစီ သွင်းယူ ခဲ့တာပါ။
အက်သလက်တီကိုအသင်းဟာ အာဆင်နယ်အသင်းနဲ့ပွဲမတိုင်မီ လီဗာပူးလ်၊ ရီးရယ်လ်အသင်းတို့နဲ့ တွေ့ဆုံထားပြီး ဖြစ်ပေမယ့် နည်းပြဆီမြွန်နီက အာဆင်နယ်အသင်းကို အကောင်းဆုံးအသင်းလို့ ချီးကျူးခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီပွဲဟာ ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူပြီးနောက်မှာ နေရာလွတ်တွေ ရှာဖွေရတာ လွယ်ကူသွားခဲ့ပြီး အနိုင်ရလဒ်အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ယိုကီရက်စ်ဟာ ၉ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ယိုကီရက်စ်က အာဆင်နယ်အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေ အများအပြား သွင်းယူနိုင်မယ်လို့ ယုံကြည်မှု ရှိကြောင်း ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာ ရပ်တည်နေပြီး အက်သလက်တီကိုအသင်းကတော့ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro