CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄

အသလက်တီကိုအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲစဉ်မှာ ဘိုတာဖိုဂိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အုပ်စုက ထွက်ခွာခဲ့ရပြီးနောက် နည်းပြဆီမြွန်နီက သူတို့ရဲ့ပွဲစဉ်တွေကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ 

ဆီမြွန်နီက “ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ဂုဏ်ယူပြီး အရာအားလုံးပေးခဲ့ကြပါတယ်။ ၃ ပွဲမှာ ၂ ပွဲ အနိုင်ရခဲ့ပေမယ့် ဝမ်းနည်းစရာကောင်းတာက ကျနော်တို့ ထွက်ခွာခဲ့ရပါပြီ။ ၆ မှတ် ရယူနိုင်ခဲ့လို့ မဆိုးပေမယ့် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တိုင်းက အမြဲတမ်း ကျနော်တို့ကို ဆန့်ကျင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း VAR ပြန်လည် သုံးသပ်ပြီးနောက် ပင်နယ်တီကို ကျနော်တို့မရခဲ့ပါဘူး။ တိုးတက်ဖို့ဘာတွေလိုလဲဆိုတာ ကျနော်တို့သိထားပြီး ဒါက ကျနော်တို့ကို ရှေ့ဆက်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။ 

အသလက်တီကိုအသင်းဟာ ကျင်းပနေတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကလပ်အသင်းကို အနိုင်ရတဲ့ ပထမဆုံးအသင်း ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ 

စပိန်ကလပ်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ PSG အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်တာက သူတို့ကို ပြိုင်ပွဲကနေ ထွက်ခွာစေဖို့ အဓိကအချက် ဖြစ်ခဲ့ပါတယ်။ 

အသလက်တီကိုအသင်းကို တွေ့ရစဉ်

အုပ်စု B မှာ PSG ၊ ဘိုတာဖိုဂိုနဲ့ အသလက်တီကိုအသင်းတို့ဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်စီ တူညီနေခဲ့ပေမယ့် အသလက်တီကိုအသင်းဟာ ထိပ်တိုက်တွေ့ဆုံမှု ဂိုးကွာခြားချက်ကြောင့် ထွက်ခွာခဲ့ ရတာပါ။

PSG အသင်းက အုပ်စုပထမ၊ ဘိုတာဖိုဂိုအသင်းက အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ကြပါတ

အသလက်တီကိုအသင်း နည်းပြဆီမြွန်နီက ဒီပြိုင်ပွဲမှာ သူ့ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုခဲ့ပြီး ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့တာပါ။ 

အသလက်တီကိုအသင်း ကစားသမား ဂရစ်ဇ်မန်းကတော့ သူတို့ဟာ ဒိုင်လူကြီးကို အာရုံစိုက်လို့မရဘဲ အကောင်းဆုံး မဖြစ်ခဲ့တဲ့အရာတွေအတွက် ဖြေရှင်းရမယ်လို့ ပြောခဲ့ပါတယ်။

အသလက်တီကိုအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ပြီးခဲ့တဲ့ရာသီမှာ အောင်မြင်မှု မရခဲ့တာကြောင့် ရာသီသစ်အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေပြုလုပ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

Source: ESPN