- By CNI
- Category: နိုင်ငံရေး
- Hits: 147
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၀
ဂါဇာဒေသ၏ အစီအစဉ်များကို ကြီးကြပ်ကွပ်ကဲရန်နှင့် ကမ္ဘာ့ရေးရာများတွင် ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ ရရှိရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace) တွင် ပါဝင်ရန် အမေရိကန်က အခြားနိုင်ငံ ၈ နိုင်ငံကို ထပ်မံဖိတ်ကြားထားကြောင်း အေပီမှ ဖော်ပြခဲ့ သည်။
ထိုနိုင်ငံများထဲမှ ဟန်ဂေရီနှင့် ဗီယက်နမ် နိုင်ငံတို့က ထရမ့်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဘုတ်အဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ရမည်ဖြစ် ကြောင်း အများပြည်သူသို့ ထုတ်ပြန်ခြင်း မရှိသေးသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပဋိညာဉ်စာတမ်းနှင့် ပတ်သက် ၍ အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ၃ နှစ် သက်တမ်းရှိသည့် ယာယီအဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက ငွေကြေးထည့်ဝင်ရန် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဂါဇာဒေသကို တွေ့ရစဉ်
ကောက်ခံရရှိသော ငွေများကို ဂါဇာဒေသ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုသွားမည်ဖြစ်ပြီး အခြားနိုင်ငံ တကာ အဖွဲ့အစည်းများ၌ ကြုံတွေ့နေရသည့် များပြားသော လစာငွေပေးချေမှုများ၊ အုပ်ချုပ်ရေးပိုင်းတွင် မလိုအပ် ဘဲ ဝန်ထမ်းဖောင်းပွမှုများ ရှိလာလိမ့်မည် မဟုတ်ကြောင်း အမေရိကန်အရာရှိက ပြောသည်။
ဥရောပတွင် ထရမ့်၏ အမာခံ ထောက်ခံသူ တစ်ဦးဖြစ်သည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orbán) သည် အဆိုပါ ဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပီတာ စီယာတို (Péter Szijjártó) က ဇန်နဝါရီ ၁၈ ရက်တွင် နိုင်ငံပိုင် ရေဒီယိုမှတဆင့် အတည်ပြုပြော ကြားခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ် (To Lam) ကလည်း ထရမ့် ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အလားတူ အိန္ဒိယနိုင်ငံသည်လည်း ဖိတ်ကြားချက်ကို လက်ခံရရှိထားကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အိန္ဒိယအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဂါဇာဒေသကို တွေ့ရစဉ်
ဩစတြေးလျနိုင်ငံသည်လည်း ထိုဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခြင်း ခံထားရပြီး ဂါဇာငြိမ်းချမ်းရေး အစီအစဉ် နှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ရစ်ချက်မားလ် (Richard Marles) က ဇန်နဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ဂျော်ဒန်၊ ဂရိ၊ ဆိုက်ပရပ်စ်၊ ပါကစ္စတန်၊ ကနေဒါ၊ တူရကီ၊ အီဂျစ်၊ ပါရာဂွေး၊ အာဂျင်တီးနားနှင့် အယ်လ်ဘေးနီးယား နိုင်ငံတို့ကလည်း ၎င်းတို့သည် ထရမ့်၏ ဖိတ်ကြားစာကို ရရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိ အချိန်အထိ ထရမ့်သည် နိုင်ငံပေါင်း မည်မျှကို ဖိတ်ကြားထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမေရိကန်သည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်မည့် တရားဝင် အဖွဲ့ဝင်စာရင်းကို လာမည့် ရက်ပိုင်းအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ် (Davos) မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) အစည်း အဝေးအတွင်း ကြေညာဖွယ်ရှိသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 143
CNI International News
ဂွာတီမာလာစီးတီး၊ ဇန်နဝါရီ ၂၀
ဂွာတီမာလာနိုင်ငံတွင် အကျဉ်းသားများက ဒါဇင်နှင့်ချီသည့် အကျဉ်းဦးစီး ဝန်ထမ်းများကို ဓားစာခံအဖြစ် ဖမ်းဆီး ခဲ့သည့် ဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီးနောက် သမ္မတက ဇန်နဝါရီ ၁၉ တွင် အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သီတင်းပတ်ကုန်အတွင်း ဖြစ်ပွားခဲ့သည့် လူဆိုးဂိုဏ်း အဖွဲ့များ၏ အကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၁၇ ရက် အစောပိုင်းတွင် အကျဉ်းသားများက အမျိုးသား အကျဉ်းထောင် ၃ ခု၌ လူ ၄၆ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ ဆူပူအုံကြွခဲ့ကြခြင်း ဖြစ်သည်။
အစိုးရက ယခုဖြစ်စဉ်သည် Barrio 18 အမည်ရှိ ရာဇဝတ်ဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုဂိုဏ်းအဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်း အထူးအခွင့်အရေးများ ပိုမိုရရှိရန်အတွက် ယခုကဲ့သို့ ဖိအားပေး ဆူပူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွာတီမာလာနိုင်ငံတွင် Barrio 18 ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင် Aldo Duppie (ခေါ်) El Lobo ကို ထိန်းသိမ်း ထားသည့် အကျဉ်းထောင်ကို လုံခြုံရေးတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဂွာတီမာလာစီးတီး (Guatemala City) ပတ်ဝန်းကျင်ရှိ နေရာ အတော်များများတွင် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားသည့် ဂိုဏ်းအဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ဂွာတီမာလာရှိ အကျဉ်းထောင်ကို တွေ့ရစဉ်
ဂိုဏ်းခေါင်းဆောင် El Lobo ကိုမူ အာဏာပိုင်များက ပြန်လည်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဇန်နဝါရီ ၁၈ နံနက်ပိုင်းက အကျဉ်းသားများ သိမ်းပိုက်ထားသော အကျဉ်းထောင်အတွင်းမှ ပခုံးတွင် သွေးများ စွန်းထင်နေသည့် Barrio 18 ဂိုဏ်းခေါင်းဆောင် El Lobo ကို ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ဂွာတီမာလာသမ္မတ ဘာနန်ဒို အရီဗာလို (Bernardo Arevalo )က ရက်ပေါင်း ၃၀ ကြာ အရေးပေါ် အခြေအနေကို ကြေညာလိုက်သည်။
ထိုလုပ်ဆောင်ချက်သည် ရဲတပ်ဖွဲ့နှင့် စစ်တပ် အပါအဝင် နိုင်ငံတော်၏ အင်အား အပြည့်အဝကို အသုံးပြုပြီး ဂိုဏ်း အဖွဲ့များ၏ အကြမ်းဖက်မှုကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂွာတီမာလာ ဥပဒေအရ အရေးပေါ် အခြေအနေ ကြေညာ ထားစဉ်အတွင်း ပြည်သူလူထုကို ခြိမ်းခြောက်မှုများ အပေါ် တုန့်ပြန်ရန်အတွက် နိုင်ငံသားအခွင့်အရေးများကို ယာယီကန့်သတ်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ် နိုင်သည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း တိုးမြှင့်ပေးထားမည် ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 199
CNI International News
တီဟီရန်၊ ဇန်နဝါရီ ၂၀
အီရန်နိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသော ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ခန့် အပါအဝင် အနည်း ဆုံး လူပေါင်း ၅,၀၀၀ သေဆုံးခဲ့သည်ဟု အီရန်တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့ သည်။
အီရန်တွင် ဖြစ်ပွားသော ဆန္ဒပြပွဲများတွင် ကာ့ဒ်လူမျိုးစုများ နေထိုင်ရာ ဒေသများတွင် အပြင်းထန်ဆုံး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ ရက်တွင် အီရန်အာဏာပိုင်များက နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများနှင့် ဆက်နွှယ်၍ အတည်ပြုပြီး သေဆုံးသူ အရေအတွက်မှာ ၅,၀၀၀ ရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ၅၀၀ မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဏာပိုင်များကမူ အပြစ်မဲ့ အီရန်နိုင်ငံသားများ အသတ်ခံရမှုမှာ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင် ဆူပူသောင်းကျန်းသူများကြောင့် ဖြစ်သည်ဟု စွပ်စွဲပြစ်တင်ထားသည်။
ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ရပ်များသည် ခွဲထွက်ရေး အဖွဲ့များ လှုပ်ရှားသည့် အီရန် အနောက်မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုး အများစု နေထိုင်သော ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိတစ်ဦး က ရိုက်တာသတင်းကို ပြောပြခဲ့သည်။

အီရန်နိုင်ငံအတွင်းက ဆန္ဒပြမှုထဲမှာ သေဆုံသွားသူများကိုတွေ့ရစဉ်
ထိုဒေသတွင် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးသော အကြမ်းဖက်မှုများကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ အရေအတွက်သည် သိသိသာသာ မြင့်တက်လာဖွယ် မရှိကြောင်းနှင့် အစ္စရေးနိုင်ငံ အပါအဝင် ပြည်ပ အခြေစိုက် လက်နက်ကိုင်အဖွဲ့များက လမ်းပေါ်ထွက် ဆန္ဒပြသူများထံ လက်နက်နှင့် အကူအညီများ ပံ့ပိုးပေးနေ သည်ဟုလည်း ထိုအရာရှိက စွပ်စွဲထားသည်။
အီရန်အာဏာပိုင်များက ၎င်းတို့၏ ရန်ဘက်ဖြစ်သော အစ္စရေး အပါအဝင် ပြည်ပရန်သူများသည် မငြိမ်မသက် မှုများ ဖြစ်စေရန် သွေးထိုး လှုံ့ဆော်ပေးနေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့ကြသည်။
အစ္စရေးသည် ပြီးခဲ့သည့် ဇွန်လအတွင်းက အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အီရန်နှင့် ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 145
CNI International News
ဖနွမ်ပင်၊ ဇန်နဝါရီ ၁၉
ကမ္ဘောဒီးယားနိုင်ငံရှိ ကျားဖြန့်ခြံဝင်းများအတွင်း တရုတ်နိုင်ငံသားများ ပျောက်ဆုံးသွားသည့် ဖြစ်ရပ်များ များပြား လာခြင်းသည် နှစ်နိုင်ငံမဟာမိတ် ဆက်ဆံရေးအတွက် ကြီးမားသော အတားအဆီးဖြစ်စေကြောင်း ကမ္ဘောဒီးယား နိုင်ငံရှိ တရုတ်သံရုံးက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဖနွမ်ပင်မြို့တော်ရှိ တရုတ်သံရုံးမှ သံအမတ်ကြီး ဝမ်ဝင်ပင်း (Wang Wenbin) သည် ကမ္ဘောဒီးယား ထိပ်တန်း ဝန်ကြီးများနှင့် တွေ့ဆုံချိန်အတွင်း ကျားဖြန့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နှိမ်နင်းပေးရန် တိုက်တွန်းခဲ့ကြောင်း သံရုံး၏ WeChat အကောင့်တွင် ဖော်ပြထားသည်။
“မကြာသေးမီက ကမ္ဘောဒီးယားမှာ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးတာ ဒါမှမဟုတ် လူပျောက်တိုင်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်ပူပန်မိပါတယ်”ဟု ဝမ်ဝင်ပင်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့် ထိခိုက်နစ်နာမှုအများစုမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွယ်နေ ပြီး ထိုဖြစ်ရပ်များသည် တရုတ်နှင့် ကမ္ဘောဒီးယားတို့အကြား တည်ရှိခဲ့သော ချစ်ကြည်ရေး အစဉ်အလာနှင့် ကိုက်ညီမှုမရှိကြောင်း ဝမ်က ဆက်လက် ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားရှိ ကျားဖြန့် အဆောက်အအုံကို တွေ့ရစဉ်
ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယား၏ ကျားဖြန့်လုပ်ငန်းများတွင် လူပေါင်း ၁၀၀,၀၀၀ ခန့် လုပ် ကိုင်နေကြကြောင်း ဖော်ပြထားပြီး ထိုတရားမဝင် လုပ်ငန်းများကို နှိမ်နင်းနေပြီဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရက ပြောကြားထားသည်။
ကျားဖြန့်ဂိုဏ်းများသည် ယခင်က တရုတ်ဘာသာ စကားပြောသူများကိုသာ အဓိက ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင် ကမ္ဘာတစ်ဝန်းတွင် နေထိုင်သူများထံမှ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာကို လိမ်လည်နိုင်ရန် အတွက် ဘာသာစကားမျိုးစုံဖြင့် လုပ်ငန်းများကို ချဲ့ထွင်လာကြသည်။
ကျားဖြန့်လုပ်ငန်းများကို လုပ်ကိုင်နေကြသူများထဲတွင် မိမိသဘော ဆန္ဒအလျောက် လုပ်ကိုင်နေကြသူများရှိသလို လူကုန်ကူးခံရပြီးနောက် အကြမ်းဖက် ခြိမ်းခြောက်မှုများဖြင့် အတင်းအဓမ္မ ခိုင်းစေခံနေရသည့် ပြည်ပနိုင်ငံသား များလည်း ပါဝင်နေသည်။
မကြာသေးမီ လများအတွင်း တရုတ်နိုင်ငံသည် အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများ၏ အဓိကလက်သည် တရားခံများကို တရုတ်ပြည်တွင်း၌ တရားစီရင်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် လိုက်လံဖမ်းဆီးလျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျားဖြန့်စင်တာများ ဖွင့်လှစ်လုပ်ကိုင်နေသည်ဟု စွပ်စွဲခံထားရသော တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် ချန်းကျိ (Chen Zhi) ကို ယခုလအတွင်း ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းအပ်နှံခဲ့သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်အတွင်း အရှေ့ အာရှနှင့် အရှေ့တောင် အာရှဒေသများတွင် ကျားဖြန့်လုပ်ငန်းများကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ အထိ ရှိခဲ့သည်။
တစ်ဖက်တွင်လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့ကမူ ကမ္ဘောဒီးယား အစိုးရသည် ဆိုင်ဘာ ရာဇဝတ်ဂိုဏ်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြု ထားသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 219
CNI International News
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၉
အမေရိကန်နှင့် အီရတ်ကြား ချုပ်ဆိုထားသော သဘောတူညီချက်အရ အီရတ်နိုင်ငံအနောက်ပိုင်းရှိ လေတပ်စခန်း တစ်ခုမှ အမေရိကန်တပ်ဖွဲ့ဝင်များအားလုံး အပြီးသတ် ရုပ်သိမ်းသွားပြီဖြစ်ကြောင်း အီရတ်အရာရှိများက ပြော ကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အီရတ် အစိုးရတို့သည် အီရတ်နိုင်ငံအတွင်းရှိ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် အဆုံးသတ်ရန်နှင့် အခြေစိုက် စခန်းများမှ အမေရိကန်တပ်များ ထွက်ခွာရန် ၂၀၂၄ ခုနှစ်၌ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အမေရိကန်စစ်ဘက်ဆိုင်ရာ အကြံပေးများနှင့် အကူအညီပေးရေး ဝန်ထမ်းအနည်းငယ်သာ ပါဝင်သည့် အဖွဲ့ငယ်တစ်ခုမှာ အီရတ်တွင် ဆက်လက် ကျန်ရှိနေခဲ့သည်။
အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ်လ်-ဆူဒါနီ (Mohammed Shia al-Sudani) က မူလ သဘောတူညီ ချက်တွင် အီရတ်အနောက်ပိုင်းရှိ အိန်းအယ်လ်-အာဆတ် (Ain al-Asad) လေတပ်စခန်းမှ အမေရိကန်တပ်ဖွဲ့များ အားလုံး ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အပြီးရုပ်သိမ်းရန် သတ်မှတ်ထားကြောင်း အောက်တိုဘာလက သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။
![]()
အမေရိကန်တပ်ဖွဲ့ကို တွေ့ရစဉ်
သို့သော် ထိုအချိန်က ဆီးရီးယားနိုင်ငံအတွင်း ဘာရှာ အယ် အာဆတ် (Bashar al-Assad) အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့သဖြင့် ထိုလေတပ်စခန်းတွင် အမေရိကန် စစ်ဘက် ဆိုင်ရာ အကြံပေးများနှင့် လုံခြုံရေးဝန်ထမ်း ၂၅၀ မှ ၃၅၀ ကြားရှိသည့် အသေးစား တပ်ဖွဲ့တစ်ခုကို ဆက်လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုလေတပ်စခန်းမှ အမေရိကန် တပ်ဖွဲ့များအားလုံး ထွက်ခွာသွားပြီဖြစ်ပြီး အီရတ်စစ်တပ်က ထိုလေတပ်စခန်းကို အပြည့်အဝ တာဝန်ယူ ထိန်းချုပ်ခဲ့သည်။
ဇန်နဝါရီ ၁၇ ရက်တွင်မူ အီရတ်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူ အာမီ ရာရှစ် ယာရဲလ်လာ (Abdul Amir Rashid Yarallah) သည် ထိုလေတပ်စခန်းသို့ သွားရောက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ယူနစ်အသီးသီးကို လုပ်ငန်း တာဝန်များ ခွဲဝေချမှတ်ပေးခြင်းကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း အီရတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် လေတပ်စခန်းတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့များကြား ချိတ်ဆက် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး စခန်း၏ စွမ်းဆောင်ရည်များနှင့် မဟာဗျူဟာမြောက် တည်နေရာကို အပြည့်အဝ အသုံးချရန် စစ်ဦးစီးချုပ်က တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကလည်း အမေရိကန်တပ်ဖွဲ့ဝင် အားလုံးသည် ထိုလေတပ်စခန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ အမေရိကန်စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း များ အားလုံးကိုလည်း တစ်ပါတည်း သိမ်းဆည်း ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သို့သော် အီရတ်လေတပ်စခန်းမှ တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမှုနှင့် ပတ်သက်ပြီး အမေရိကန်စစ်တပ်၏ တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 209
CNI International News
ဘေဂျင်း ၊ ဇန်နဝါရီ ၁၉
တရုတ်နှင့် ထိုင်ဝမ်ကြား စစ်ရေးတင်းမာမှု မြင့်တက်နေချိန်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတပ်စ်ကျွန်း (Pratas Island) အနီးရှိ လေပိုင်နက်အတွင်းသို့ ဒရုန်း တစ်စင်း စေလွှတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြ ခဲ့သည်။
ထိုကဲ့သို့ ဒရုန်းစေလွှတ်မှုသည် တရုတ်နိုင်ငံ၏ တုံးရှာကျွန်း (Dongsha Island) အနီးရှိ လေပိုင်နက်အတွင်း ပုံမှန် ပျံသန်းရေး လေ့ကျင့်မှု တစ်ခုသာဖြစ်ပြီး တရားဝင်မှုရှိကာ ဥပဒေနှင့်ညီညွတ်ကြောင်း တောင်တရုတ်ပင်လယ်ကို တာဝန်ယူရသည့် PLA တောင်ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာမှ ပရာတပ်စ်ကျွန်းဟု အမည်ပေးထားသည့် ထိုကျွန်းကို တရုတ်ပြည်မကြီးက တုံးရှာ (Dongsha) ဟု အမည်ပေးထားပြီး ထိုင်ဝမ်က တန်ရှာ (Tungsha) ဟု အမည်ပေးထားသည်။
ထိုကျွန်းအနီးရှိ လေပိုင်နက်အတွင်းသို့ PLA ကင်းထောက် ဒရုန်းတစ်စင်းသည် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၄ မိနစ်တွင် ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဧရိယာအတွင်း ၄ မိနစ်ခန့် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် တရုတ်ဘက်က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းတစ်စင်းကို တွေ့ရစဉ်
ထိုင်ဝမ်ကမူ တရုတ်၏ လုပ်ဆောင်ချက်သည် ရန်လိုပြီး တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်ကာ ဒေသတွင်း တည်ငြိမ်မှုနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများကို လျော့ပါးစေကြောင်း ထုတ်ပြန်ခဲ့သည်။
ဒရုန်းသည် ကျွန်းပေါ်ရှိ ကာကွယ်ရေးစနစ်များ လက်လှမ်းမမီနိုင်သော အမြင့်ပေမှ ပျံသန်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်ဝမ်ဘက်မှ နိုင်ငံတကာ ရေဒီယို ချန်နယ်များမှတဆင့် ထိုဒရုန်းအား သတိပေးမှုများ ပြုလုပ်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပရာတပ်စ်ကျွန်းသည် တောင်တရုတ် ပင်လယ်အတွင်းရှိ အကြီးဆုံး သဘာဝကျွန်းဖြစ်ပြီး တောင်တရုတ်ပင်လယ် ၏ မြောက်ဘက်ပိုင်းတွင် အလွန်အရေးပါသော မဟာဗျူဟာမြောက် တည်နေရာတွင် တည်ရှိကာ ထိုင်ဝမ် ရေ လက်ကြားနှင့် ဘာရှီရေလက်ကြား (Bashi Channel) တို့ကို ဆက်သွယ်ပေးထားသည့် အချက်အချာကျသော နေရာ၌ တည်ရှိသည်။
ထိုကျွန်းသည် ထိုင်ဝမ်တောင်ပိုင်းရှိ ကောင်းရှုံ (Kaohsiung) မြို့၏ အနောက်တောင်ဘက် ၄၅၀ ကီလိုမီတာ (၂၈၀ မိုင်) အကွာတွင် တည်ရှိပြီး၊ တရုတ်ပြည်မကြီးတောင်ပိုင်း ကွမ်တုံ (Guangdong) ပြည်နယ်ရှိ ရှန်တို (Shantou) မြို့နှင့် ၂၆၀ ကီလိုမီတာ (မိုင် ၁၆၀ ကျော်) သာ ကွာဝေးသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 174
CNI International News
မက်ဒရစ်၊ ဇန်နဝါရီ ၁၉
အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို ကျူးကျော် ဝင်ရောက်မည်ဆိုပါက ရုရှားသမ္မတ ပူတင် (Vladimir Putin) ကို ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသား ဖြစ်လာစေလိမ့်မည်ဟု စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ် (Pedro Sanchez) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းပေါ်တွင် အမေရိကန်၏ စစ်ရေးအရ လုပ်ဆောင်ချက်များသည် နေတိုးအဖွဲ့ကို ထိခိုက်ပျက်စီးစေမည့်အပြင် ယူကရိန်းအား ရုရှား၏ ကျူးကျော်မှုကိုလည်း တရားဝင်သကဲ့သို့ ဖြစ်စေလိမ့်မည်ဟု La Vanguardia သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဆန်းချက်ဇ်က ပြောကြားခဲ့သည်။
“ဂရင်းလန်းကိစ္စကို အာရုံစိုက်မယ်ဆိုရင် အမေရိကန်က အဲဒီနယ်မြေကို ကျူးကျော်တာဟာ ဗလာဒီမာ ပူတင်ကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ ဖြစ်သွားစေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလုပ်ရပ်ဟာ ပူတင်က ယူကရိန်း ကို ကျူးကျော်ဖို့ ကြိုးပမ်းနေတာကို တရားဝင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားစေလို့ပါပဲ”ဟု ဆန်းချက်က ပြောကြားခဲ့သည်။
“တကယ်လို့ အမေရိကန်ကသာ အင်အားသုံး ဖြေရှင်းမယ်ဆိုရင် ဒါဟာ နေတိုးအတွက် သေမင်းတမန် ခေါင်းလောင်းသံ ဖြစ်လာပါလိမ့်မယ်။ ပူတင်ကတော့ နှစ်ဆတိုးပြီး ပျော်နေရမှာပါ”ဟု စပိန်ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ခွင့် မရမချင်း ဥရောပ မဟာမိတ်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံသွားမည်ဟု ဇန်နဝါရီ ၁၇ ရက်က ခြိမ်းခြောက်ခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး ထရမ့်၏ နည်းဗျူဟာ အပြောင်းအလဲ တစ်ခုဖြစ်နိုင် ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
သမ္မတ ထရမ့်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို အမေရိကန်က အလုံးစုံ ရယူမှုမှတစ်ပါး အခြားမည်သည့် အရာကိုမျှ လက်ခံမည် မဟုတ်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့သည်။
သို့သော် ဒိန်းမတ်နှင့် ဂရင်းလန်း ခေါင်းဆောင်များကမူ ဂရင်းလန်းကျွန်းသည် ရောင်းရန် မဟုတ်ကြောင်းနှင့် အမေရိကန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် ဆန္ဒမရှိကြောင်း ပြတ်သားစွာ တုန့်ပြန်ထားကြသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 146
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇
ဆန္ဒပြသူများကို ဆက်လက် သတ်ဖြတ်နေပါက ဆိုးရွားသည့် အကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) က အီရန်ကို သတိပေးထားကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရို လိုင်း လက်ဗစ် (Karoline Leavitt) က သတင်းထောက်များကို ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့နောက် အီရန်သည် ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်ရန် စီစဉ်ထားသည့် အီရန်ဆန္ဒပြသူ ၈၀၀ အား သေဒဏ်စီရင် ကွပ်မျက်မည့် အစီအစဉ်ကို ရပ်တန်ခဲ့သည်ဆိုသော သတင်းစကားကို ထရမ့်က ရရှိခဲ့ကြောင်း လက်ဗစ်က ဆိုသည်။
အီရန်တရားရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၄ ရက် အစောပိုင်းက ဆန္ဒပြသူများကို ရုံးတင်စစ်ဆေးခြင်းနှင့် သေဒဏ်ပေးခြင်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထိုနေ့ နှောင်းပိုင်းတွင်မူ ထိုထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်ကမူ အီရန်တွင် သေဒဏ်ပေးမှုများ ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း တစ်ဖက်နိုင်ငံရှိ အလွန်အရေးကြီးသော သတင်းရင်းမြစ်များထံမှ အာမခံချက် ရရှိထားသည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြား ခဲ့သည်။
ထို့ပြင် ထရမ့်သည် အီရန်အစိုးရအပေါ် စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ထားမှုများကိုလည်း လတ်တလောတွင် ဆိုင်းငံ့ထားမည့် လက္ခဏာမျိုး ပြသခဲ့သည်။
အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်ခြင်းသည် အီရန်အစိုးရ ပြိုလဲမသွားစေသည့်အပြင် ပိုမိုကျယ်ပြန့်သော ဒေသ တွင်း ပဋိပက္ခတစ်ခုကို ဖြစ်ပွားစေမည့် အန္တရာယ်ရှိကြောင်း ထိပ်သီးလက်ထောက်များက ထရမ့်ကို အကြံပေးထား ကြသည်ဟု အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal က ဇန်နဝါရီ ၁၅ ရက် တွင် ဖော်ပြခဲ့သည်။

အီရန်ဆန္ဒပြသူများ သေဆုံးသွားသူများကို တွေ့ရစဉ်
အမေရိကန်အနေဖြင့် အီရန်နိုင်ငံအတွင်းရှိ အခြေအနေများကို ဆက်လက် စောင့်ကြည့်နေကြောင်းနှင့် နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြပွဲများမှာ အရှိန်လျော့ကျလာသည်ဟု ဖော်ပြနေကြောင်း လက်ဗစ်က ပြောကြားခဲ့ သည်။
“တကယ်လို့ သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်ဆိုတာကို သမ္မတထရမ့်နဲ့ သူ့ရဲ့အဖွဲ့က အီရန်အစိုးရကို အသိပေးထားပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
အီရန်တွင် ဆန္ဒပြသူပေါင်း ၃၄၀၀ ကျော် အသတ်ခံခဲ့ရပြီး ထိုအရေအတွက်သည် အီရန်သမိုင်းတစ်လျှောက် ဆန္ဒပြသူများကို နှိမ်နင်းမှုများ၌ လူသေဆုံးမှု အများဆုံးဖြစ်ရပ် ဖြစ်လာကြောင်း နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) က ထုတ်ပြန်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 132
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၁၇
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ရွဲ(Yoon Suk Yeol)ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု အပါအဝင် အခြား စွဲချက်များနှင့်ပတ်သက်ပြီး ပထမဆုံးအမှုအဖြစ် တရားရုံးက ဇန်နဝါရီ ၁၆ ရက်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ဆက်နွှယ်သည့် စွဲချက် ၈ ခုကို ရင်ဆိုင်နေရပြီး ပထမဆုံးအမှုတွင် ပြစ်မှုထင်ရှား တွေ့ရှိသဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ယွန်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီးနောက် စွပ်စွဲပြစ်တင်ခံရကာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ယွန်းအား စွဲဆိုထားသည့် အကြီးလေးဆုံး ရာဇဝတ်မှု စွဲချက်မှာ စစ်အုပ်ချုပ်ရေးကို အတင်းအဓမ္မ ကျင့်သုံးခြင်း သည် နိုင်ငံတော်ပုန်ကန်မှု မြောက်သည်ဆိုသည့် စွဲချက်ဖြစ်သည်။
လွတ်လပ်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ထိုစွဲချက်အတွက် ယွန်းကို သေဒဏ် ချမှတ်ရန် တောင်းဆိုထား ပြီး ဆိုးလ်ဗဟိုခရိုင်တရားရုံးက ထိုအမှုအတွက် အပြီးသတ် စီရင်ချက်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဆုံးဖြတ် မည် ဖြစ်သည်။

တောင်ကိုရီးယားသမ္မတဟောင်းကို ဆန္ဒပြနေကြစဉ်
ဇန်နဝါရီ ၁၆ ရက်က စီရင်ချက် ချမှတ်ခဲ့သည့် အမှုတွင် ဆိုးလ်တရားရုံးသည် ယွန်းကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းမှုများ၌ ၎င်းက ငြင်းဆန်ခြင်း၊ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို လုပ်ကြံဖန်တီးခြင်းနှင့် ဥပဒေသတ်မှတ် ချက်အရ ပြုလုပ်ရမည့် အစိုးရအဖွဲ့ အစည်းအဝေးကို ရှောင်လွှဲခဲ့ခြင်းတို့အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယွန်းသည် ၎င်း၏ လုပ်ဆောင်ချက်များအတွက် နောင်တရသည့် အရိပ်အယောင် လုံးဝ မပြသသည့်အပြင် နားလည်ရခက်သော ဆင်ခြေများကိုသာ ထပ်တလဲလဲ ပြောဆိုနေခြင်းကြောင့် ၎င်းအား ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရားသူကြီး ဘတ်ဒေးဟွန်း (Baek Dae-hyun) က ပြောကြားခဲ့သည်။
ထို့ပြင် ယွန်း၏ လုပ်ရပ်များကြောင့် ပျက်စီးသွားခဲ့ရသည့် ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြန် လည် ကုစားရန် လိုအပ်ကြောင်းလည်း တရားသူကြီးဘတ်က ပြောကြားခဲ့သည်။
ယွန်း၏ ရှေ့နေအဖွဲ့ကမူ ယခုစီရင်ချက်သည် နိုင်ငံရေးအရ ဘက်လိုက်မှု ရှိနေပြီး ယခုချမှတ်ခဲ့သည့် ပြစ်ဒဏ်ကို အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: အေပီ
