- By CNI
- Category: နိုင်ငံရေး
- Hits: 165
CNI International News
ဘေဂျင်း၊ မေလ ၇
အမေရိကန်နှင့် အီရန်တို့ကြား နှစ်လကြာ ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် ပြည့်စုံကြွယ်ဝသည့် အပစ်အခတ်ရပ်စဲရေး ရယူရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က တိုက်တွန်းခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ အနေဖြင့် အီရန်ပဋိပက္ခအပေါ် အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်းလည်း ဝမ်က ပြောကြား ခဲ့သည်။
အီရန်စစ်ပွဲ စတင်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဘေဂျင်းသို့ လာရောက်သည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ (Abbas Araghchi) နှင့် တွေ့ဆုံခဲ့ပြီးနောက် ဝမ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အီရန်နှင့် စီးပွားရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း နီးကပ်သော ဆက်ဆံရေး ရှိထားသဖြင့် သြဇာလွှမ်းမိုးနိုင်သည့် ထူးခြားသော အနေအထားတွင် ရှိနေသည်။
ထို့ကြောင့် တရုတ်အနေဖြင့် ဩဇာလွှမ်းမိုးမှုကို အသုံးချပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် အီရန်အား တိုက်တွန်းပေးရန် အမေရိကန်က တရုတ်ကို တိုက်တွန်းခဲ့သည်။
အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားတွင် ကုန်သွယ်ရေးသင်္ဘောများကို စောင့်ကြပ်ပေးမည့် အစီအစဉ်ကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ပြီး သည်။

ဟော်မုခ်ရေလက်ကြားကို တွေ့ရစဉ်
မေလ ၄ ရက်က ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် အမေရိကန်၏ ကြိုးပမ်းမှုအတွင်း ပစ်ခတ်မှုအချို့ ရှိခဲ့သော် လည်း အီရန်နှင့်အမေရိကန်ကြား အပစ်အခတ်ရပ်စဲရေးမှာ ဆက်လက် တည်မြဲနေဆဲဖြစ်သည်။
စစ်ပွဲမတိုင်မီက ရေနံနှင့် သဘာဝဓာတ်ငွေ့များ၊ မြေသြဇာနှင့် အခြားရေနံထွက်ပစ္စည်းများ ဖြတ်သန်းရာ အရေးပါ သော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိရောက်စွာ ပိတ်ဆို့လိုက်ခြင်းကြောင့် လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့ကာ တရုတ်နိုင်ငံကဲ့သို့သော အင်အားကြီးနိုင်ငံများ အပါအဝင် နိုင်ငံ အများအပြားအပေါ် စီးပွားရေးအရ ကြီးမားသည့် ဖိအားများ သက်ရောက်စေခဲ့သည်။
အာရက်ချီ၏ တရုတ်နိုင်ငံခရီးစဉ်သည် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ထရမ့်၏ တွေ့ဆုံမှုမတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုခရီးစဉ်သည် ထရမ့်၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် ဖြစ်လာမည် ဖြစ်ပြီး၊ ပထမ သက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်တွင် သွားရောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 175
CNI International News
ဆိုးလ်၊ မေလ ၇
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဆင့်လိုက် ပြုပြင် ပြောင်းလဲသွားရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။
အထူးသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာရန် သတ်မှတ်ချက်များကို ပိုမိုတင်းကျပ်ရန် ရည်ရွယ်သည့် အာဏာရ ပါတီ ဦးဆောင်သော ဥပဒေကြမ်းအား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် တစ်ရက်အလိုဖြစ်သည့် မေလ ၆ ရက်၌ လီက ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယနေ့ခေတ် ဒီမိုကရေစီ စံနှုန်းများကို ပြည့်မီရန် အားနည်းချက်များ ရှိနေကြောင်း လီက အပတ်စဉ် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး တွင် ပြောကြားခဲ့သည်။
သို့သော် အခြေခံဥပဒေ တစ်ခုလုံးကို အလုံးစုံ ပြုပြင်ပြောင်းလဲရန် ခက်ခဲနိုင်ကြောင်း ပြောကြားခဲ့ပြီး အဆင့်လိုက် ချဉ်းကပ် ဆောင်ရွက်မည့် နည်းလမ်းကို လီက အကြံပြုခဲ့သည်။
“ကိုရီးယားနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ သိသိသာသာ ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ ရပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ နှစ်ပေါင်း ၄၀ ကျော်ကြာတဲ့အထိ ပြောင်းလဲမှုမရှိဘဲ ဖြစ်နေပါတယ်”ဟု လီက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ကို တွေ့ရစဉ်
၁၉၈၇ ခုနှစ်တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့သည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ လက်တွေ့ ပကတိ အခြေအနေနှင့် ကိုက်ညီမှု မရှိတော့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုရင် ဒီနေ့ခေတ် ကိုရီးယားရဲ့ ဒီမိုကရေစီ အဆင့်အတန်း၊ ပြည်သူတွေရဲ့ လူနေမှုဘဝနဲ့ နိုင်ငံရဲ့ အနာဂတ်ကို အပြည့်အဝ အာမခံချက်ပေးဖို့ ခက်ခဲပါတယ်”ဟု ၎င်းက ဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ပြင်ဆင်ဖို့ဆိုတာ ဝန်ထုပ်ဝန်ပိုး အရမ်းကြီးမားသလို ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံရေး အကျိုးစီးပွားတွေကြောင့်လည်း သဘောတူညီချက်ရဖို့ ခက်ခဲစေပါတယ်။ အဲဒါကြောင့် လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ကျနော်တို့ လုပ်နိုင်တာတွေကို အရင်လုပ်ဆောင်သင့်တယ်”ဟု လီက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ယခင်သမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ တရားမဝင် စစ်အုပ်ချုပ်ရေး ကြေညာမှုမျိုး ထပ်မံ မဖြစ်ပွားစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း လီက ပြောကြားခဲ့သည်။
Source: The Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 90
CNI International News
၂၀၂၆ ခုနှစ်၊ မေလ ၇
တီဗီသတင်းလောကကို တော်လှန်ပြောင်းလဲစေခဲ့ပြီး ၂၄ နာရီပတ်လုံး သတင်းထုတ်လွှင့်ပေးရာတွင် ရှေ့ဆောင် လမ်းပြဖြစ်ခဲ့သည့် CNN ရုပ်သံလိုင်းအား တည်ထောင်သူ၊ မီဒီယာလောက၏ ထူးခြားထက်မြက်သူနှင့် အလှူရှင် တစ်ဦးဖြစ်သူ တက်ဒ် တာနာ (Ted Turner) သည် ဗုဒ္ဓဟူးနေ့တွင် မိသားစုဝင်များဝန်းရံလျက် ငြိမ်းချမ်းစွာ ကွယ်လွန် သွားခဲ့ကြောင်း Turner Enterprises ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကွယ်လွန်ချိန်တွင် ၎င်း၏ အသက်မှာ ၈၇ နှစ် ရှိပြီဖြစ်သည်။
အိုဟိုင်းယိုးပြည်နယ်တွင် မွေးဖွားခဲ့ပြီး အတ္တလန်တာမြို့ အခြေစိုက် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ၎င်းသည် ပွင့်ပွင့် လင်းလင်း ပြောဆိုတတ်သည့် ပင်ကိုယ်စရိုက်ကြောင့် "တောင်ပိုင်း၏နှုတ်သီး" (The Mouth of the South) ဟု အမည်ပြောင်ပေးခြင်း ခံခဲ့ရသည်။
၎င်းသည် ကေဘယ်လ်တီဗီလောက၏ ပထမဆုံး စူပါရုပ်သံလိုင်း (Superstation) အပြင် ရုပ်ရှင်နှင့် ကာတွန်း ရုပ်သံလိုင်းများ၊ ထို့ပြင် Atlanta Braves ကဲ့သို့သော ပရော်ဖက်ရှင်နယ် အားကစားအသင်းများ ပါဝင်သည့် ကြီးမားသော မီဒီယာအင်ပါယာကြီးကို တည်ထောင်ခဲ့သူဖြစ်သည်။

အမေရိကန်သမ္မတ ကလင်တန်နဲ့အတူ တက်ဒ်တာနာကို တွေ့ရစဉ်
တာနာသည် နိုင်ငံတကာအဆင့်မီ ရွက်လှေ အကျော်အမော် တစ်ဦးလည်း ဖြစ်သလို ကုလသမဂ္ဂဖောင်ဒေးရှင်း (United Nations Foundation) ကို တည်ထောင်ခဲ့သည့် အလှူရှင်တစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ နျူကလီးယားလက်နက်များ အပြီးတိုင် ပပျောက်ရေး လှုပ်ရှားဆောင်ရွက်ခဲ့သည့် တက်ကြွ လှုပ်ရှားသူတစ်ဦး ဖြစ်သကဲ့သို့၊ အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံး မြေပိုင်ရှင်ကြီးများအနက် တစ်ဦး ဖြစ်လာသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမား တစ်ဦးလည်း ဖြစ်သည်။
၎င်းသည် အမေရိကန် အနောက်ပိုင်းဒေသသို့ ဘိုင်စင် (Bison) တောရိုင်းကျွဲများကို ပြန်လည် မျိုးပွားစေရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အပြင်၊ ကလေးငယ်များအား သဘာဝပတ်ဝန်းကျင်အကြောင်း ပညာပေးရန် "Captain Planet" အမည်ရှိ ကာတွန်းဇာတ်လမ်းတွဲကိုပင် ဖန်တီးခဲ့သည်။
သို့သော် ၎င်း၏ စိတ်ကူးစိတ်သန်းမှာ နောက်ဆုံးတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းလာသောအခါ— ကမ္ဘာတစ်ဝန်းမှ သတင်းများကို အချိန်နှင့်တစ်ပြေးညီ (Real-time) ၂၄ နာရီပတ်လုံး ထုတ်လွှင့်ပေးမည်ဟူသော ရဲရင့်ပြတ်သားသည့် ၎င်း၏မျှော်မှန်းချက်ကသာ ၎င်းအား လူသိအများဆုံး ဖြစ်စေခဲ့သည်။
၁၉၉၁ ခုနှစ်တွင် တာနာသည် "ဖြစ်ရပ်များ၏ ရွေ့လျားပြောင်းလဲမှုကို လွှမ်းမိုးနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ ရှိ ကြည့်ရှုသူများအား သမိုင်းဝင် ဖြစ်ရပ်များကို မျက်မြင်သက်သေများ ဖြစ်လာစေခဲ့မှု" ကြောင့် Time မဂ္ဂဇင်း၏ တစ်နှစ်တာအကောင်းဆုံးပုဂ္ဂိုလ် (Man of the Year) အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 158
CNI International News
ပြုံယမ်း၊ မေလ ၇
မြောက်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နယ်နိမိတ်ဆိုင်ရာ ပုဒ်မအသစ်တစ်ခုကို ထပ်မံထည့်သွင်း ခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ရည်ညွှန်းချက်များ အားလုံးကို ပယ်ဖျက် လိုက်ကြောင်း The Korea Times သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ Yonhap သတင်းဌာနက လေ့လာခွင့်ရခဲ့သည့် မြောက်ကိုရီးယား၏ ပြင်ဆင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြောက်ကိုရီးယားသည် မြောက်ဘက်တွင် တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ထိစပ်နေသော ကုန်းမြေ၊ တောင်ဘက်တွင် တောင်ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော ကုန်းမြေအပြင် ၎င်းနှင့် ဆက်စပ်နေသော နယ်နိမိတ်အတွင်းရှိ ရေပိုင်နက်နှင့် လေပိုင်နက်တို့ကို ၎င်း၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည်။
သို့သော် ပင်လယ်ဝါ (Yellow Sea) အတွင်း ကိုရီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာ အငြင်းပွားနေသည့် ပင်လယ် ပြင် နယ်နိမိတ်စည်းမျဉ်း၊ အထူးသဖြင့် ရေကြောင်းနယ်စပ်အဖြစ် သတ်မှတ်ထားသော Northern Limit Line နှင့် ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
မြောက်ကိုရီးယားနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမဆုံး စတင် ကျင့်သုံးခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မိတ်ဆက်ခြင်း မပြုမီ ငါးကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထိုဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်ထပ် ၁၂ ကြိမ် ပြင်ဆင်ခဲ့ပြီးနောက် ယခုနှစ် မတ်လတွင် ဥပဒေ စာတမ်းအား ထပ်မံပြင်ဆင်ခဲ့ပြီး အခြေခံဥပဒေ၏ ခေါင်းစဉ်မှ "ဆိုရှယ်လစ်" ဆိုသည့် စကားလုံးကို ပယ်ဖျက်ခဲ့ သည်။
ထူးခြားချက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က တောင်ကိုရီးယားကို ရန်သူ အဖြစ် သတ်မှတ် ပြောဆိုခဲ့သော်လည်း ယခုပြင်ဆင်သည့် အခြေခံဥပဒေထဲတွင် တောင်ကိုရီးယားကို "အဓိက ရန်သူ" ဆိုသည့် အသုံးအနှုန်းကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
ကင်မ်၏ နိုင်ငံနှစ်ခု မူဝါဒ သဘောထားနှင့်အညီ "ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး" နှင့် "ကြီးမြတ်သော အမျိုးသားစည်းလုံးညီညွတ်ရေး" ကဲ့သို့ အသုံးအနှုန်းများ အပါအဝင် ပြန်လည် ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ရည်ညွှန်းချက် အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပယ်ဖျက်လိုက်ပြီဖြစ်သည်။
ထို့အပြင် မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့သည့် ကင်မ်၏ အဖိုးဖြစ်သည့် ကွယ်လွန်သူ ကင်မ်အီဆွန်း (Kim Il-sung) နှင့် ကင်မ်၏ ဖခင်ဖြစ်သည့် ကွယ်လွန်သူ ကင်မ်ဂျုံအီ (Kim Jong-il) တို့၏ အောင်မြင်မှုများကို ဖော်ပြထားချက်များကိုလည်း ပယ်ဖျက်ခဲ့သည်။
ယခု ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြောက်ကိုရီးယား အနေဖြင့် ပုံမှန် နိုင်ငံတစ်ခု ဖြစ်သည်ဆိုသည့် ပုံရိပ်ကို ပြသလိုသော ဆန္ဒရှိနေခြင်းကို ညွှန်ပြနေပုံရကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ပါမောက္ခ လီဂျုံချော (Lee Jung-chul) ကပြောကြားခဲ့သည်။
Source: The Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 261
CNI International News
ဝါရှင်တန်၊ မေလ ၆
အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်ရန်အတွက် လိုအပ်မည့် ကြာချိန်သည် ပြီးခဲ့သည့်နှစ် နွေရာသီက အခြေအနေနှင့် နှိုင်းယှဉ်ပါက အပြောင်းအလဲ မရှိကြောင်း အမေရိကန်ထောက်လှမ်းရေး၏ ခန့်မှန်းချက်များကို ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် နွေရာသီက အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်က အီရန် နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အမေရိကန်၏ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အီရန်၏ နျူကလီးယား လက်နက် စီမံကိန်းသည် တစ်နှစ်ခန့် နှောင့်နှေး ကြန့်ကြာသွားလိမ့်မည်ဟု ထိုအချိန်က ခန့်မှန်းခဲ့ကြသည်။
ထို့အပြင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ထပ်မံ ဖြစ်ပွားလာသည့် စစ်ပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အီရန်၏ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်းကို တားဆီးရန် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အီရန်အမျိုးသမီး တစ်ဦးကို တွေ့ရစဉ်
သို့သော် အမေရိကန်နှင့် အစ္စရေးတို့၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံရသည့်တိုင် အီရန်၏ နျူကလီးယား လက်နက် စီမံကိန်းသည် ပြီးခဲ့သည့်နှစ် နွေရာသီက တိုက်ခိုက်ခံခဲ့ရသော အခြေအနေအတိုင်း အပြောင်းအလဲ သိပ်မရှိဘဲ ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း အမေရိကန်ထောက်လှမ်းရေး၏ ခန့်မှန်းချက်များတွင် ဖော်ပြ ထားသည်။
ထို့ကြောင့် အီရန်၏ နျူကလီးယား စီမံကိန်းကို ထိထိရောက်ရောက် ဟန့်တားရန်အတွက် အီရန်တွင် လက်ကျန် ရှိနေသည့် အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံ (HEU) သိုလှောင်မှုများကို ဖျက်ဆီးရန် သို့မဟုတ် ဖယ်ရှားရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့သည် ဧပြီလ ၇ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြပြီးနောက် စစ်ပွဲမှာ ရပ်တန့်နေခဲ့သည်။
သို့သော်လည်း သဘောထား ကွဲလွဲမှုများ ပြင်းထန်နေဆဲဖြစ်ပြီး အီရန်က ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်း ခန့် ဖြတ်သန်းသွားလာသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာစျေးနှုန်း များကို မြင့်တက်စေခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်(Pete Hegseth) ကမူ အီရန်နှင့် လက်ရှိ ပြုလုပ်နေသော ဆွေးနွေး ပွဲများမှတဆင့် အီရန်ကို နျူကလီးယားလက်နက် ရရှိပိုင်ဆိုင်ခြင်း မရှိစေရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက် နေကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 158
CNI International News
ဘရပ်ဆဲလ်၊ မေလ ၆
အမေရိကန်ကို နေတိုးအဖွဲ့အတွင်း ဆက်ရှိနေစေရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို ဥရောပတာဝန်ရှိသူများက ရှာဖွေနေကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်ရှိမှာတော့ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဥရောပကြား တင်းမာမှုများ ရှိနေသလို နေတိုးအဖွဲ့ ကနေ ထွက်ရန် ဒေါ်နယ်ထရမ့်က စဉ်းစားနေသည်။
သို့သော် ဂျာမနီနိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို လျှော့ချမည်ဟု ကြေညာခဲ့သည့် ထရမ့်၏ ဆုံးဖြတ်ချက် ကြောင့် နေတိုးအဖွဲ့ထဲတွင် အမေရိကန် ဆက်ရှိနေစေရေးအတွက် ဥရောပ၏ ကြိုးပမ်းမှုများကို ထိခိုက်စေခဲ့ သည်။
ဂျာမနီမှ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကို ရုပ်သိမ်းမည့် ထရမ့်၏ ဆုံးဖြတ်ချက်သည် နေတိုး တာဝန်ရှိသူများ အတွက် အံ့အားသင့်စရာ မဟုတ်ပေ။
ဥရောပနိုင်ငံများသည် ၎င်းတို့၏ လုံခြုံရေးအတွက် အမေရိကန် တပ်ဖွဲ့များအပေါ် မှီခိုနေရခြင်းထက် ၎င်းတို့ ကိုယ်တိုင် ပိုမို တာဝန်ယူ ဆောင်ရွက်သွားမည်ဆိုသည့် အချက်ကို ထရမ့်နှင့် ယခင်ကတည်းက သဘောတူညီခဲ့ ကြပြီး ဖြစ်သည်။

ဥရောပ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ကို တွေ့ရစဉ်
ထို့ပြင် ဂျာမနီနိုင်ငံတွင် အမေရိကန်၏ တာဝေးပစ် Tomahawk ဒုံးကျည်များ တပ်ဖြန့်မည့် အစီအစဉ်ကိုလည်း ထရမ့်က ပယ်ဖျက်ခဲ့သည်။
သို့သော် ထိုသဘောတူညီချက်မှာ ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အမေရိကန်၏ Tomahawk ဒုံးကျည် လက်ကျန်များ ပြတ်တောက်လုနီးပါး ဖြစ်နေသောကြောင့် ထိုအစီအစဉ် ဖျက်သိမ်းခြင်းသည် သိသာသည့် အပြောင်းအလဲ မဟုတ်ပေ။
ဥရောပအစိုးရများအတွက် ပိုမို စိုးရိမ်စရာ ဖြစ်စေသည့် အချက်မှာ ထရမ့်သည် ဂျာမနီရှိ စစ်သားများကို လျှော့ချ ခြင်း၊ Tomahawk ဒုံးကျည်များ ဖြန့်ကြက်မည့် အစီအစဉ်ကို ဖျက်သိမ်းခြင်းတို့အတွက် ဥရောပခေါင်းဆောင်များ ကို အသေးစိတ် ကြိုတင် အကြောင်းကြားခြင်း သို့မဟုတ် အသေးစိတ် ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

အမေရိကန် စစ်အင်အားကို သရုပ်ပြထားစဉ်
“စိုးရိမ်စရာကောင်းတာက လျှော့ချသွားမယ့် တပ်ဖွဲ့ဝင် ၅၀၀၀ ဆိုတဲ့ အရေအတွက်ကြောင့် မဟုတ်ပါဘူး။ ရေရှည် တည်တံ့ပြီး အလုံးစုံ ယုံကြည်အားထားရတဲ့ မိတ်ဖက် ဆက်ဆံရေးတွေဟာ ဘာတန်ဖိုးမှ မရှိတော့ဘဲ စိတ်အလိုကျ ဆုံးဖြတ်ချက်တွေအောက် ရောက်သွားပြီဆိုတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကသာ စိုးရိမ်စရာဖြစ်ပါတယ်” ဟု ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ် မာ့ဇ် (Friedrich Merz) ၏ အစိုးရညွန့်ပေါင်းအဖွဲ့ဝင် ဂျာမနီဆိုရှယ် ဒီမိုကရက် ပါတီမှ ဝါရင့်လွှတ်တော်အမတ် စင်းမ်ဂျေး မိုလာ (Siemtje Moeller) က ပြောကြားခဲ့သည်။
ဇူလိုင်လတွင် တူရကီနိုင်ငံ၊ အန်ကာရာ (Ankara) မြို့၌ ကျင်းပမည့် နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံမှ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး မတိုင်မီတွင် ထရမ့် အနေဖြင့် အလားတူ လုပ်ဆောင်ချက်များ လုပ်မည့်အရေးကို ဥရောပ သံတမန်များက စိုးရိမ်နေကြသည်ဟု သတင်း၌ ဖော်ပြထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 244
CNI International News
နယူးဒေလီ၊ မေလ ၆
အိန္ဒိယနှင့် ရုရှားနိုင်ငံကြား စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများ၊ ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို အပြန် အလှန် အသုံးပြုခွင့်ပေးမည့်အပြင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်နိမိတ်များအတွင်း စစ်သည်အင်အား ၃၀၀၀ အထိ တပ်စွဲခွင့်ပြုမည့် သဘောတူညီချက်ဖြင့် နှစ်နိုင်ငံကာကွယ်ရေးဆက်ဆံရေးကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အပြန်အလှန် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက် (RELOS) ဟု ခေါ်ဆိုသည့် အဆိုပါ နှစ်နိုင်ငံ သဘောတူညီချက်ကို ပြီးခဲ့သည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ထိုသဘောတူညီချက်အရ ငြိမ်းချမ်းနေချိန်တွင် သာမက စစ်ပွဲ ဖြစ်ပွားနေချိန်တွင်လည်း နှစ်နိုင်ငံစလုံးသည် တစ်ဖက်နိုင်ငံ၏ စစ်အခြေစိုက်စခန်းများ၊ ရေတပ်ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို အပြန်အလှန် အသုံးပြုနိုင်မည်ဖြစ်သည်။
ထူးခြားသော ပြောင်းလဲမှုတစ်ခုမှာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အိန္ဒိယသည် ၎င်း၏ပိုင်နက်နယ်မြေ အတွင်းသို့ ပြည်ပ စစ်တပ်တစ်ခုမှ စစ်သားများကို ပထမဆုံးအကြိမ်အဖြစ် ယာယီအခြေစိုက် တပ်စွဲခွင့် ပြုလိုက် ခြင်း ဖြစ်သည်။
ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သည့် စစ်ပွဲများစွာ ဖြစ်ပွားနေခြင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ခန့်မှန်းရခက်သည့် မူဝါဒများကြားတွင် ရုရှားနှင့် အိန္ဒိယတို့၏ ဆက်ဆံရေး၊ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများသည် ပိုမိုနက်ရှိုင်းလာခြင်း ဖြစ်သည်။

အိန္ဒိယနဲ့ ရုရှား စစ်သင်္ဘောများကို တွေ့ရစဉ်
လွန်ခဲ့သည့် (၈)နှစ်ခန့်ကတည်းက စတင် ဆွေးနွေးခဲ့သည့် RELOS သဘောတူညီချက်ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက မော်စကိုမြို့တော်တွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ရုရှားသမ္မတ ပူတင်သည် ထိုသဘောတူညီချက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဖက်ဒရယ်ဥပဒေအရ အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။
ထိုသဘောတူညီချက်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက စတင် အာဏာတည်ခဲ့ခြင်း ဖြစ်သော် လည်း ဧပြီလ ကုန်ပိုင်းမှသာ ရုရှား တာဝန်ရှိသူများက အသေးစိတ် အချက်အလက်များကို ထုတ်ပြန် ကြေညာခဲ့ ခြင်း ဖြစ်သည်။
RELOS သဘောတူညီချက်သည် ၅ နှစ်ကြာ သက်တမ်း ရှိမည်ဖြစ်ပြီး နှစ်ဖက် သဘောတူညီချက်ဖြင့် သက်တမ်း တိုးနိုင်သည့် သတ်မှတ်ချက်များ ပါဝင်သည်။
အရေးကြီးသော အချက်မှာ ထိုသဘောတူညီချက်သည် နှစ်နိုင်ငံစလုံးအား တစ်ဖက်နိုင်ငံ၏ နယ်မြေအတွင်း စစ်သားအင်အား ၃၀၀၀၊ စစ်သင်္ဘော ၅ စင်းစီနှင့် စစ်ဘက်လေယာဉ် ၁၀ စင်းစီ တပ်စွဲထားရှိခွင့် ပြုထားသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 220
CNI International News
ဘေဂျင်း၊ မေလ ၆
ပါကစ္စတန်နိုင်ငံသို့ တင်ပို့မည့် J-35A တိုက်လေယာဉ်များ အဆင်သင့်ဖြစ်နေပြီဟု တရုတ်က ထုတ်ဖော်ပြသခဲ့ ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ ဒုတိယမြောက် ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်သည့် J-35A တိုက်လေယာဉ်၏ ပြည်ပသို့ တင်ပို့ရောင်းချမည့် လေယာဉ်မော်ဒယ်ပုံစံကို တရုတ်နိုင်ငံပိုင် ရုပ်သံဌာနက ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသခဲ့ သည်။
တရုတ်ပြည်တွင်းသုံး မူရင်း J-35A နှင့် မတူဘဲ ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ထိုလေယာဉ် အမျိုးအစားကို ပါကစ္စတန်နိုင်ငံက ပထမဆုံး ဝယ်ယူရရှိဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလိုင်း၏ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့ ရုပ်သံ အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သော ဗွီဒီယိုထဲ၌ Serial Number - 001 ရေးထိုးထားသော J-35A မော်ဒယ်ကို ပြသခဲ့သည်။

J-35A တိုက်လေယာဉ်ကို တွေ့ရစဉ်
ထိုလေယာဉ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး စစ်ဘက်ဆိုင်ရာလေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သော တရုတ်လေကြောင်း စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) ၏ အမှတ်တံဆိပ်နှင့်အတူ လေယာဉ်ရုံအတွင်းမှ ထွက်ပေါ်လာသည်ကို ဗွီဒီယိုထဲတွင် ဖော်ပြခဲ့သည်။
ထိုလေယာဉ်ပေါ်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- လေတပ်(PLAAF) ၏ အမှတ်တံဆိပ်ကို ရေးထိုး ထားခြင်းမရှိဘဲ AVIC ကုမ္ပဏီ၏ အတိုကောက် စာသားကိုသာ ရေးထိုးထားသဖြင့် ထိုလေယာဉ်သည် ပြည်တွင်း သုံး မဟုတ်ဘဲ ပြည်ပပို့ကုန် အမျိုးအစားဖြစ်ကြောင်း ဖော်ပြရာ ရောက်နေသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာ ကာကွယ်ရေးပြပွဲများတွင် J-35A လေယာဉ်၏ ပုံစံငယ်များကို ပြသခဲ့ဖူးသော်လည်း J-35AE ဟု အမည်ပေးထားသော ထိုလေယာဉ်၏ ပြည်ပပို့ကုန် အမျိုးအစားကို အပြည့်အစုံ ထုတ်ဖော်ပြသခဲ့ခြင်း သည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။

J-35 တိုက်လေယာဉ် ဒီဇိုင်းကို တွေ့ရစဉ်
ဟောင်ကောင် စစ်ရေးလေ့လာသူ လျန်ကော်လျံ (Liang Guoliang) ကမူ CCTV တွင် ပြသခဲ့သည့် လေယာဉ်သည် ပြည်ပသို့ တင်ပို့ရန် အသင့်ဖြစ်နေပြီဖြစ်သော J-35AE ၏ အချောသတ် ထုတ်ကုန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုပ်သံဖိုင်တွင် တွေ့ရသည့် J-35AE တွင် လျှပ်စစ်-အလင်းဆိုင်ရာ ပစ်မှတ်ရှာဖွေရေးစနစ် (EOTS) တပ်ဆင်ထား သည်။
ထိုစနစ်သည် အနီအောက် ရောင်ခြည်ဖြင့် ခြေရာခံခြင်း၊ လေဆာရောင်ခြည်ဖြင့် နှောင့်ယှက်မှုများနှင့် အသံလှိုင်း များဖြင့် ထောက်လှမ်းမှုများကို ခုခံကာကွယ်နိုင်စွမ်းရှိခြင်းကို ဖော်ပြနေသည်။
“EOTS ကို လေယာဉ် ကိုယ်ထည်အတွင်းမှာ တစ်ပါတည်း ထည့်သွင်း တည်ဆောက်ထားတာဟာ ကိုယ်ပျောက် တိုက်လေယာဉ်တွေရဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လေယာဉ် ကိုယ်ထည် အပြင်ပိုင်းမှာ တပ်ဆင် အသုံးပြုမယ်ဆိုရင် လေယာဉ်ရဲ့ ကိုယ်ပျောက်နိုင်စွမ်းကို ထိခိုက်စေနိုင်လို့ပါ။ ဒါကြောင့် ဒီလေယာဉ်ကို အချော သတ်ပြီးသား ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်” ဟု လျန်က ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 556
CNI International News
မန္တလေး၊ မေလ ၅
၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင်ကြောင့် ပျက်စီးခဲ့သည့် မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာ (Jefferson Center) ကို အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက် ဧပြီ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ဂျက်ဖာဆင်စင်တာသည် အမေရိကန်နှင့် မြန်မာနိုင်ငံ၏ အထက်အညာဒေသကြား ဆက်ဆံရေးအတွက် အရေးပါသော ပေါင်းကူးတံတား တစ်စင်းအဖြစ် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ပြန်လည်မွမ်းမံ ပြီးစီးမှုကို ဂုဏ်ပြုသည့် အနေဖြင့် အမေရိကန်သံရုံး ယာယီသံအမတ်ကြီး ဒေါက်ဂ် ဆွန်းနက် (Doug Sonnek) က အထူးဧည့်ခံပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။
ထိုပွဲတွင် ဆွန်းနက်က ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်နိုင်ခြင်းသည် လူငယ်ခေါင်းဆောင်များ၊ ပညာရှင်များနှင့် ကျောင်းသားများအကြား ကွန်ရက်ချိတ်ဆက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဘေးကင်းပြီး ခေတ်မီသော နေရာတစ်ခု ဖန်တီးပေးမည့် အမေရိကန်၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အမေရိကန်သံရုံး ယာယီသံအမတ်ကြီး ဒေါက်ဂ် ဆွန်းနက်ကို တွေ့ရစဉ်
ဂျက်ဖာဆင်စင်တာ ပြန်လည်မွမ်းမံခြင်း လုပ်ငန်းတွင် အဓိက ရည်ရွယ်ချက် ၃ ခုကို အာရုံစိုက် ဆောင်ရွက်ခဲ့ သည်ဟု ဆိုသည်။
ထိုရည်ရွယ်ချက် ၃ ခုမှာ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ၏ တည်ဆောက်ပုံ ခိုင်ခံ့မှုကို နောင်လာမည့် သဘာဝဘေးအန္တရာယ်များဒဏ် ခံနိုင်ရည်ရှိစေရန် အားဖြည့်ခြင်း၊ ဒေသတွင်း လူငယ်များအတွက် တီထွင် ဆန်းသစ်မှုဆိုင်ရာ ဗဟိုချက်အဖြစ် ဆောင်ရွက်ခြင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ယဉ်ကျေးမှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများအတွက် နေရာတစ်ခုအဖြစ် ဖန်တီးပေးခြင်းတို့ ဖြစ်သည်။
ယခုကဲ့သို့ ဂျက်ဖာဆင်စင်တာအား ပြန်လည်ဖွင့်လှစ်ခြင်းသည် မန္တလေးမြို့တွင် အမေရိကန်၏ အာဏာအပျော့ကို မဟာဗျူဟာမြောက် ပြန်လည် အသက်သွင်းခြင်း ဖြစ်သည်ဟု လေ့လာသူများက ယူဆထားသည်။
မကြာမီကာလအတွင်း ထိုစင်တာမှတစ်ဆင့် ပညာရေးလှုပ်ရှားမှုများနှင့် အပြန်အလှန် ဖလှယ်ရေး အစီအစဉ်များ ပြန်လည် အားကောင်းလာမည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားသည်။
Source: Thai PBS World
