- By CNI
- Category: နိုင်ငံရေး
- Hits: 283
CNI International News
၂၀၂၆ ခုနှစ်၊ မတ် ၁၉
အီရန်သည် အစ္စရေး၏ တဲလ်အဗစ် (Tel Aviv) မြို့ကို ကလပ်စတာဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ လုံခြုံရေးအကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) နှင့် အခြား အဓိက အရာရှိများ သေဆုံးခဲ့မှုကို တုန့်ပြန်သည့် အနေဖြင့် ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံ၏ ခိုင်မာသည့် နိုင်ငံရေးစနစ်ကို နားလည် သဘောပေါက်ထားခြင်း မရှိကြောင်း၊ အီရန်၏ နိုင်ငံရေးစနစ်သည် မည်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ မှီခိုထားခြင်း မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Aragjchi) က ပြောကြားခဲ့သည်။
ထို့ကြောင့် အီရန်၏ ထိပ်သီးအရာရှိများ သေဆုံးမှုသည် အုပ်ချုပ်ရေးစနစ်ကို အနှောင့်အယှက် မဖြစ်စေဘဲ အစိုးရအဖွဲ့ကို ဆက်လက် လည်ပတ်နိုင်ကြောင်း အာရက်ချီက အယ်လ်ဂျာဇီးယား သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံက မတ်လ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း အစ္စရေးကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များထဲ၌ လက်နက်ထိပ်ဖူး အများအပြား တပ်ဆင်နိုင်သည့် ခိုရမ်ရှာ-၄(Khorramshahr 4 )နှင့် ကဒါရ်(Qadr) ဒုံးကျည်များ ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

အစ္စရေး၏ တဲလ်အဗစ်မြို့ တိုက်ခိုက်ခံရစဉ်
လူဦးရေ ထူထပ်သိပ်သည်းသည့် တဲလ်အဗစ်မြို့တွင် အီရန်၏ တိုက်ခိုက်မှုများကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး စစ်ပွဲ စတင် ဖြစ်ပွားချိန်မှစ၍ အစ္စရေးဘက်၌ သေဆုံးသူစုစုပေါင်း ၁၄ ဦးအထိ ရှိလာခဲ့သည်ဟု အစ္စရေးအာဏာပိုင် များက ပြောကြားခဲ့သည်။
အီရန်သည် ကြားဖြတ်ပစ်ချရန် အလွန်ခက်ခဲသည့် ကလပ်စတာဗုံးများကို အသုံးပြုနေကြောင်း အစ္စရေးက မကြာခဏ ပြောကြားခဲ့သည်။
ကလပ်စတာဗုံးများသည် လေထုထဲတွင် ပထမအဆင့် ကွဲပြီးနောက် အလွန်သေးငယ်သည့် ဗုံးများသည် အရပ်မျက်နှာ အသီးသီးကို လွင့်စင်ကျရောက်သော ဗုံးအမျိုးအစားဖြစ်သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲသည် သီတင်းသုံးပတ်နီးပါး ကြာမြင့်လာချိန်သော လည်း လက်ရှိ အချိန်အထိ စစ်ပွဲအရှိန်မှာ လျော့ကျမသွားသေးဘဲ ပြင်းထန်နေဆဲဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 276
CNI International News
ဝါရှင်တန်၊ မတ်လ ၁၉
ဟော်မုဇ်ရေလက်ကြားအား ပြန်ဖွင့်ရာတွင် ကူညီပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တောင်းဆိုချက်ကို တရုတ်က လျစ်လျူရှုလိမ့်မည်ဟု အေပီမှ ဖော်ပြခဲ့သည်။
သို့သော် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထရမ့်၏ တရုတ်သို့ လာရောက်မည့် ခရီးစဉ် နှောင့်နှေးကြန့်ကြာမည့် အခြေအနေကို တရုတ်က ဝမ်းသာနေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် မတိုးသာ၊ မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရမည့် အရေးကို တရုတ်က လိုလားနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေသဖြင့် ရေနံများ သယ်ယူပို့ဆောင်မှု ရပ်တန့်နေခြင်းကြောင့် လက်ရှိတွင် ထရမ့်၏ အီရန်အပေါ် ဆင်နွှဲသည့် စစ်ပွဲသည် ဖိအားများနှင့် ပိုမိုင်ဆိုင်လာရသည်။
ထရမ့်ကမူ ဟော်မုဇ်ရေလက်ကြားအား ဘေးကင်းလုံခြုံစေရန်နှင့် ပြန်လည်ဖွင့်လှစ်နိုင်စေရန် မဟာမိတ်နိုင်ငံ များကို အကူအညီ တောင်းခံခဲ့သော်လည်း မဟာမိတ်နိုင်ငံများက တုန့်ပြန်ခဲ့ခြင်းမရှိပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုအချက်က အမေရိကန်၏ အကြီးမားဆုံး ပထဝီနိုင်ငံရေး ပြိုင်ဘက်ဖြစ်သည့် တရုတ်အတွက် အမြတ်ထွက်စေခဲ့ သည်ဟု ကျွမ်းကျင်သူအချို့က သုံးသပ်ခဲ့သည်။
“တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နဲ့ တွေ့ဆုံဖို့အတွက် တရုတ်ခရီးစဉ်ကို ရွှေ့ဆိုင်းဖို့ ထရမ့်က တောင်းဆိုခဲ့ ပါတယ်။ ဒါဟာ ထရမ့် အနေနဲ့ Operation Epic Fury စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို လျှော့တွက်ခဲ့ တယ်ဆိုတာကို အထင်အရှား ပြသနေပါတယ်”ဟု International Crisis Group မှ အမေရိကန်-တရုတ် ဆက်ဆံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အလီ ဝိုင်း (Ali Wyne) က ပြောကြားခဲ့သည်။
“အမေရိကန်က တရုတ်ကို ခြိမ်းခြောက်ဖို့အတွက် အရှေ့အလယ်ပိုင်းမှာ အင်အားပြခဲ့ပေမယ့် ထင်သလို ဖြစ်မလာ ခဲ့ပါဘူး။ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားကို သူတစ်ဦးတည်းနဲ့ ပြန်မဖွင့်နိုင်တာကြောင့် သူစခဲ့တဲ့ ပဋိပက္ခ ကို ကိုင်တွယ်ဖို့အတွက် သူ့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက် (တရုတ်) ရဲ့ အကူအညီကို လိုအပ်လာပါပြီ”ဟု ၎င်းက ဆိုသည်။
တရုတ် အနေဖြင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးရန် အစီအစဉ် ရှိ/မရှိကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအား မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
သို့သော် စစ်ပွဲအတွင်း ပါဝင်နေသည့် သက်ဆိုင်ရာနိုင်ငံများ အနေဖြင့် စစ်ဆင်ရေးများကို ချက်ချင်းရပ်ရန်၊ တင်းမာ မှုကို ထပ်မံ မမြင့်တက်စေရန်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်စေမည့် ဒေသတွင်း ပရမ်းပတာ အခြေအနေ ကို တားဆီးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 281
CNI International News
ကာဘူးလ်၊ မတ်လ ၁၈
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ် (Kabul) မြို့တော်ရှိ မူးယစ်ဆေးဖြတ်သည့် ဆေးရုံတစ်ရုံကို ပါကစ္စတန်က လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၄၀၀ ကျော် သေဆုံးပြီး ၂၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သေဆုံးသူ စုစုပေါင်း ၄၀၈ ဦး အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၆၅ ဦးအထိ ရှိခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မာတင်း ကာနီ (Abdul Mateen Qanie) က ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်သည် တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား ဖြစ်ပွားနေသော ပဋိပက္ခကို အရှိန်အဟုန် မြင့်တက် လာစေခဲ့သည်။
ပါကစ္စတန်ဘက်ကမူ အာဖဂန်၏ ပြောကြားချက်သည် မှားယွင်းပြီး လိမ်ညာနေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကာ မတ်လ ၁၆ ရက် ညပိုင်းက ၎င်းတို့၏ တိုက်ခိုက်မှုသည် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အကြမ်းဖက် သမားများကို ထောက်ပံ့ပေးနေသည့် အခြေခံ အဆောက်အအုံများကိုသာ တိကျစွာ ပစ်မှတ်ထားခဲ့ခြင်းဖြစ် ကြောင်း တုန့်ပြန်ခဲ့သည်။
“တိုက်ခိုက်မှုအပြီးမှာ မြင်တွေ့ခဲ့ရတဲ့ နောက်ဆက်တွဲ ပေါက်ကွဲမှုတွေအရ အဲဒီနေရာမှာ ကြီးမားတဲ့ လက်နက် ခဲယမ်း သိုလှောင်ရုံတွေ ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်”ဟု ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီး အက်တာအူလာ တာရာ (Attaullah Tarar) က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား တင်းမာမှုများကို လျှော့ချရန်၊ နှစ်ဖက်စလုံး အနေဖြင့် စစ်ပွဲကို ချဲ့ထွင်ခြင်း မပြုဘဲ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်လာကြရန် တရုတ်နိုင်ငံက တိုက်တွန်းပြောကြားပြီး နာရီပိုင်းအကြာမှာပင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်တိုက်ခိုက်မှု ခံလိုက်ရစဉ်
ပြီးခဲ့သည့်လက စတင်ခဲ့သော ထိုပဋိပက္ခသည် ကီလိုမီတာ ၂၆၀၀ (မိုင် ၁၆၀၀) ရှည်လျားသော နယ်စပ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း နှစ်နိုင်ငံကြား သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပဋိပက္ခဖြစ်သည်။
တရုတ် အပါအဝင် မိတ်ဖက်နိုင်ငံများ၏ ကြားဝင်ဖျန်ဖြေ ပေးမှုများကြောင့် တိုက်ပွဲများ ယာယီငြိမ်သက် သွားခဲ့သော်လည်း ရာမာဒန် ဥပုသ်လ အဆုံးသတ်ကို အထိမ်းအမှတ်ပြုသည့် အိဒ်ပွဲတော် (Eid al-Fitr) မတိုင်မီ ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။
လက်ရှိ ပါကစ္စတန်-အာဖဂန် ပဋိပက္ခအရ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် မတည်ငြိမ်မှုများ ပိုမိုကျယ်ပြန့်လာသည်ကို ပြသရာရောက်နေသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 223
CNI International News
ဘန်ကောက်၊ မတ်လ ၁၈
အီရန်စစ်ပွဲကြောင့် စွမ်းအင်လိုအပ်ချက်များ ကြုံတွေ့လာနေသည်ကို ဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံသည် ရုရှားထံမှ ရေနံများ ဝယ်ယူရန် စဉ်းစားနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသည် ထိုင်းနိုင်ငံသို့ ရေနံစိမ်းများရောင်းချရန် အသင့်ရှိကြောင်း ပြောကြားထားပြီး ထိုင်းအစိုးရသည် ရေနံထုတ်လုပ်သည့် အခြားနိုင်ငံများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) က မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ဘရာဇီးလ်၊ နိုက်ဂျီးရီးယားနှင့် ခါဇက်စတန်နိုင်ငံများ အပါအဝင် စစ်ပွဲဖြစ်ပွားနေသည့် အရှေ့ အလယ်ပိုင်း ပြင်ပရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများနှင့် ဆွေးနွေးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။
သီဟဆက်သည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့တော်တွင် ပြုလုပ်နေသည့် ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှု တိုက်ဖျက်ရေး ညီလာခံကို တက်ရောက်နေချိန်တွင် သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် နောက်ထပ် ရက်ပေါင်း ၉၅ ရက်မှ ရက်ပေါင်း ၁၀၀ စာအတွက် လုံလောက်သည့် အရံရေနံ အင်အား ရှိသည်ဟု သီဟဆက်က ဆိုသည်။
သို့သော် ရေနံများ ထုတ်လုပ်နေသည့် အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခ ဖြစ်ပွားနေသဖြင့် လောင်စာ ထောက်ပံ့ပေး နိုင်မည့် အခြား အရင်းအမြစ်များကို ရှာဖွေနေရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
အမေရိကန်က ရုရှားထံမှ ရေနံများ ဝယ်ယူမှုနှင့်ပတ်သက်ပြီး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့သဖြင့် ထိုင်းသည် ရုရှားနှင့် ဆွေးနွေးနေပြီး ရုရှားကလည်း ထိုင်းကို ရေနံများ ရောင်းချလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ရေနံများ ဝယ်ယူရေးနှင့်ပတ်သက်ပြီး အသေးစိတ် ညှိနှိုင်းမှုများကိုမူ စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီဟဆက်က ပြောသည်။

ထိုင်းစွမ်းအင်လိုအပ်ချက်ကို သရုပ်ပြထားစဉ်
သီဟဆက်သည် ရုရှား၏ ရေနံစိမ်း ဝယ်ယူရေးကိစ္စကို ဥရောပတွင် မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် ညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဖီဖက် ရတ်ချာကစ်ပရာကန် (Phiphat Ratchakitprakarn) ကလည်း သတင်းထောက်များကို မတ်လ ၁၇ ရက် တွင် ပြောကြားခဲ့သည်။
ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အနီးတွင် အီရန်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် ဘန်ကောက် အခြေ စိုက် မယုရီ နာရီ(Mayuree Naree) ကုန်တင်သင်္ဘောပေါ်တွင် ပိတ်မိနေဆဲဖြစ်သော ထိုင်းသင်္ဘောသား ၃ ဦးကို ကူညီပေးရေးနှင့် ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့် ဆက်သွယ်ကာ ကူညီကယ်ဆယ်ရေး ကိစ္စများကို ညှိနှိုင်းခဲ့ကြောင်း သီဟဆက်က ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ထိုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အခြေအနေအရ ရေကြောင်း ခရီးသွားလာမှုများကို ရပ်တန့်ထားသင့်သည့် အခြေအနေမျိုးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်ဟု သီဟဆက်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 205
CNI International News
နယူးဒေလီ၊ မတ်လ ၁၈
မြန်မာနိုင်ငံဘက်ခြမ်းရှိ အိန္ဒိယကို ဆန့်ကျင် တိုက်ခိုက်နေသည့် လက်နက်ကိုင်သူပုန်များဖြင့် ဆက်စပ်သူ နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)က ဖမ်းဆီးခဲ့ကြောင်း The Indian Express မှ ဖော်ပြခဲ့သည်။
အိန္ဒိယကို ဆန့်ကျင်သည့် အကြမ်းဖက် လှုပ်ရှားမှုများ ပြုလုပ်ရန် ပူးပေါင်းကြံစည်မှု စွဲချက်များဖြင့် ယူကရိန်း နိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးကို NIA က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က NIA ၏ လက်အောက်ခံ အဖွဲ့ခွဲများ၏ ပူးပေါင်း စစ်ဆင်ရေးဖြင့် တရားမဝင် လှုပ်ရှား မှုများ တားဆီးရေးအက်ဥပဒေ(UAPA)၏ အပိုဒ်ခွဲ ၁၈ နှင့် အခြား ဥပဒေအပိုဒ်ခွဲများအရ ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုအမှုအတွက် ပထမ သတင်းပေး တိုင်ကြားချက် (FIR) ကို မတ်လ ၁၃ ရက် ညနေပိုင်းတွင် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံသားကို ကိုးလ်ကတ္တား (Kolkata) လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ လပ်ခနောင်း (Lucknow) နှင့် ဒေလီ (Delhi) လေဆိပ်များတွင် ယူကရိန်းနိုင်ငံသား ၃ ဦးစီကို အသီးသီး ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)ကို တွေ့ရစဉ်
သံသယရှိသူများသည် အိန္ဒိယနိုင်ငံအတွင်းသို့ တရားဝင် ဗီဇာများဖြင့် ဝင်ရောက် လာခဲ့ကြသော်လည်း ကန့်သတ် နယ်မြေအတွင်း ဝင်ရောက်ခွင့်လက်မှတ် (RAP) မရှိဘဲ မီဇိုရမ် (Mizoram) ပြည်နယ်သို့ ဆက်လက် သွားရောက် ခဲ့ကြသည်။
ထို့နောက် သံသယရှိသူများသည် မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပြီး အိန္ဒိယအစိုးရကို ရန်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြသည်။
ထို့ပြင် ဥရောပမှ ပေးပို့လိုက်သော ဒရုန်း အများအပြားကို သံသယရှိသူများက မီဇိုရမ်ပြည်နယ်အတွင်းသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ ဖော်ထုတ်သိရှိခဲ့ကြောင်း ထိုသတင်းရင်းမြစ်က ပြောကြားခဲ့ သည်။
သံသယရှိသူများကို ဒေလီမြို့သို့ ခေါ်ဆောင်လာခဲ့ပြီး မတ်လ ၁၄ တွင် ရုံးထုတ်ခဲ့ချိန်၌ တရားရုံးက သံသယရှိ သူများကို ၃ ရက်ကြာ ချုပ်မိန့်ပေးခဲ့သည်။
မတ်လ ၁၆ ရက်တွင် ချုပ်မိန့်ကာလကို မတ်လ ၂၇ ရက်နေ့အထိ ၁၁ ရက်ကြာ ထပ်မံတိုးမြှင့်ခဲ့သည်။

အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)ကို တွေ့ရစဉ်
သံသယရှိသူများသည် အကြမ်းဖက် တိုက်ခိုက်မှုများကို ပူးပေါင်းကြံစည်နေပြီး ၎င်းတို့၏ လှုပ်ရှားမှုများကြောင့် နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်ထားခဲ့ကြောင်း NIA က ပြောကြားခဲ့သည်။
သံသယရှိသူများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အသုံးပြုရန်အတွက် ဥရောပမှ ဒရုန်း အများအပြား ကို အိန္ဒိယမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် တင်သွင်းရာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း NIA က ထုတ်ပြန်ခဲ့သည်။
ထိုလက်နက်ကိုင် အဖွဲ့များသည် အိန္ဒိယအစိုးရက ပိတ်ပင်ထားသော သောင်းကျန်းသူ အုပ်စုများစာရင်းတွင် ပါဝင် သည့် အဖွဲ့များကို လက်နက်များနှင့် အခြား အကြမ်းဖက် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ စစ် သင်တန်း ပေးခြင်းတို့ဖြင့် ကူညီပံ့ပိုးပေးနေသည်ဟုလည်း NIA က စွပ်စွဲထားသည်။
လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သော အမည်မသိ ကြံရာပါများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ လက်ရှိ ဖမ်းဆီးရမိထားသည့် သံသယရှိသူများ၏ လူမှုမီဒီယာအကောင့်များကို နည်းပညာအရ စုံစမ်းစစ်ဆေးပြီး လွတ်မြောက်နေဆဲဖြစ်သည့် ကြံရာပါများကို ဖမ်းဆီးရမိလိမ့်မည်ဟု ယူဆထားကြောင်းလည်း NIA က ပြောကြား ခဲ့သည်။
Source: The Indian Express
- By CNI
- Category: နိုင်ငံရေး
- Hits: 347
CNI International News
ဒူဘိုင်း၊ မတ်လ ၁၈
ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အကျပ်အတည်း ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အီရန်၏ ခြိမ်း ခြောက် နိုင်စွမ်းကို အပြီးတိုင် ချေမှုန်းပေးရန် ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်ကို အလေးအနက် တောင်းဆို လာကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပင်လယ်ကွေ့ အာရပ်နိုင်ငံများသည် ယခင်က အီရန်နှင့် စစ်ဖြစ်ရန် အမေရိကန်ကို တိုက်ရိုက် တောင်းဆိုခဲ့ခြင်း မရှိပေ။
သို့သော်လည်း ပင်လယ်ကွေ့၏ အဓိက ရေနံတင်ပို့သည့် လမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားနှင့် ထိုရေလက်ကြားအပေါ် မှီခိုနေရသည့် ၎င်းတို့၏ စီးပွားရေးအား အီရန်က ဆက်လက် ခြိမ်းခြောက်နိုင်စွမ်း ရှိနေမည့် အခြေအနေမျိုးတွင် စစ်ပွဲကို ရပ်တန့်မပစ်ရန် အမေရိကန်ကို တိုက်တွန်းနေကြကြောင်း ပင်လယ်ကွေ့ သတင်းရင်းမြစ် ၃ ခုက ရိုက်တာကို ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရကလည်း အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပင်လယ်ကွေ့နိုင်ငံများ ပါဝင်လာရန် ဖိအားပေးနေကြောင်း အဆိုပါ သတင်းရင်းမြစ်များ၊ အနောက်နိုင်ငံသံတမန်များနှင့် အာရပ်သံတမန် ၅ ဦးက ပြောကြားခဲ့သည်။

အီရန် တိုက်ခိုက်မှု ခံရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခုစစ်ဆင်ရေးအတွက် ဒေသတွင်း ထောက်ခံမှုရှိ ကြောင်း ပြသရန် ဆန္ဒရှိနေပြီး နိုင်ငံတကာ၏ တရားဝင်မှုနှင့် ပြည်တွင်း ထောက်ခံမှုများကို ရယူရန် ကြိုးပမ်း နေသည်ဟု သံတမန် ၃ ဦးက ပြောကြားခဲ့သည်။
“အီရန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ နောက်ဆုံး သတ်မှတ်ထားတဲ့ စည်းတွေ၊ ဘောင်တွေ မှန်သမျှကို ချိုးဖောက် ခဲ့ပြီဆိုတဲ့ ခံစားချက်မျိုးကို ပင်လယ်ကွေ့နိုင်ငံတွေက ခံစားနေရပါတယ်”ဟု ဆော်ဒီအခြေစိုက် ပင်လယ်ကွေ့ သုတေသနစင်တာ၏ ဥက္ကဋ္ဌ အဗ္ဗဒူလာဇစ် ဆာဂါ (Abdulaziz Sager) က ပြောကြားခဲ့သည်။
“အစတုန်းကတော့ ကျနော်တို့ (ပင်လယ်ကွေ့နိုင်ငံများ)ဟာ သူတို့ (အီရန်) ဘက်က ကာကွယ်ပေးခဲ့ပြီး စစ်ပွဲကို လည်း ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က ကျနော်တို့ကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ အခါမှာတော့ သူတို့ဟာ ရန်သူ ဖြစ်သွားပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

အီရန် တိုက်ခိုက်မှု ခံရစဉ်
အီရန်အစိုးရသည် ပင်လယ်ကွေ့ ၆ နိုင်ငံဖြစ်သည့် ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်းနှင့် အိုမန်နိုင်ငံ များအတွင်းရှိ လေဆိပ်များ၊ ဆိပ်ကမ်းများ၊ ရေနံ အခြေခံ အဆောက်အအုံများနှင့် စီးပွားရေး အချက်အချာ နေရာ များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကာ ဟော်မုဇ် ရေလက်ကြားကိုလည်း ပိတ်ထားခဲ့သည်။
ထိုရေလက်ကြားသည် ကမ္ဘာ့ရေနံ တင်ပို့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသည့် အဓိက လမ်းကြောင်းဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံများ၏ စီးပွားရေးအတွက် အသက်သွေးကြော တစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် အမေရိကန်အနေဖြင့် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်ကို အလုံးစုံ ကျဆင်းသွားစေရန် သို့မဟုတ် ပြန်လည် နာလန်မထူနိုင်အောင် အပြတ်အသတ် နှိမ်နင်းပေးရန် ပင်လယ်ကွေ့နိုင်ငံများမှ ခေါင်းဆောင်များက ဆန္ဒရှိနေကြသည်ဟုလည်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 161
CNI International News
နယူးဒေလီ၊ မတ်လ ၁၇
ဘင်္ဂလားဒေ့ရှ် ကျောင်းသားခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှုတွင် အဓိက သံသယရှိသူ နှစ်ဦးအား အိန္ဒိယနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က မတ်လ ၁၅ ရက်၌ ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီး အိန္ဒိယကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည့် ကျောင်း သားခေါင်းဆောင် ရှရစ်ဖ် အော့စမန် ဟာဒီ (Sharif Osman Hadi) သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်က ဒါကာ (Dakha) မြို့တော်၌ မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီးနောက် စင်္ကာပူရှိ ဆေးရုံ တစ်ခုမှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ထိုလုပ်ကြံမှုတွင် အဓိက သံသယရှိသူများဖြစ်သည့် ဖိုင်ဆယ်လ် ကရင်မ် မာဆူးဒ် (Faisal Karim Masud) နှင့် အလမ်ဂါ ဟိုစိန် (Alamgir Hossain) တို့သည် ဟာဒီကို လုပ်ကြံခဲ့ပြီးနောက် မကြာမီမှာပင် ဟာလူအာဂတ် (Haluaghat) နယ်စပ်မှတဆင့် အိန္ဒိယသို့ ထွက်ပြေးခဲ့ကြကြောင်း အနောက်ဘန်ဂေါရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အိန္ဒိယအာဏာပိုင်များက ၎င်းတို့နှစ်ဦးကို မတ်လ ၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်လူထုအုံကြွမှုကိုတွေ့ရစဉ်
အဆိုပါ သံသယရှိသူနှစ်ဦးကို နယ်စပ်မှတစ်ဆင့် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သည့် ဖိလစ် ဆန်ဂါမာ (Philip Sangma) အမည်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု အနောက်ဘန်ဂေါ အထူး လုပ်ငန်းအဖွဲ့ (STF) ၏ ရဲမှူး အင်ဒရာဂျစ် ဆာကား (Indrajit Sarkar) က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
“ဘင်္ဂလားဒေ့ရှ် လူငယ်တက်ကြွလှုပ်ရှားသူ ဟာဒီကို သတ်ဖြတ်မှုမှာ အဓိက သံသယရှိသူနှစ်ဦးကို တရားမဝင် ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ဆန်ဂါမာကို မတ်လ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တာပါ” ဟု ဆာကားက ဆိုသည်။
ဆန်ဂါမာကို မတ်လ ၁၄ ရက်တွင် ခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ပြီးနောက် တစ်ပတ်ကြာ ရဲအချုပ်ဖြင့် စစ်ဆေးရန် အမိန့်ထုတ်ခဲ့သည်။
ဟာဒီ သေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အိန္ဒိယလိုလားသည်ဟု ယူဆရ သည့် သတင်းစာတိုက် နှစ်ခု အပါအဝင် အဆောက်အအုံများနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်။
ဟာဒီ လုပ်ကြံခံရမှုသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheik Hasina) အိန္ဒိယသို့ ထွက်ပြေး ခိုလှုံခဲ့ပြီးနောက် တင်းမာလာခဲ့သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဟာဒီလုပ်ကြံခံရမှုတွင် အိန္ဒိယလည်း ပါဝင်ပတ်သက် နေသည်ဆိုသည့် ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 265
CNI International News
ဖနွမ်ပင်၊ မတ်လ ၁၇
ကမ္ဘောဒီးယားအစိုးရသည် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို မတ်လ ၁၃ ရက်က အတည်ပြုခဲ့ကြောင်း ဆင်ဟွာမှ ဖော်ပြခဲ့သည်။
ထိုဥပဒေသည် ကျားဖြန့်ဂိုဏ်းများကို နောက်ကွယ်မှ ကြိုးကိုင်နေသူများအား ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ် နိုင်ရန် ရည်ရွယ်ထားကြောင်း ပြန်ကြားရေးဝန်ကြီး နက် ဖီအက်ထရာ (Neth Pheaktra) က ပြောကြားခဲ့သည်။
“ဒီဥပဒေဟာ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒုစရိုက်သမားတွေအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံစရာနေရာ မဟုတ်ဘူးဆိုတာကို သက်သေပြဖို့အတွက် ဖြစ်ပါ တယ်” ဟု ဖီအက်ထရာက ပြောကြားခဲ့သည်။
ထိုဥပဒေကြမ်းသည် ကမ္ဘောဒီးယား ပိုင်နက်အတွင်းရှိ အွန်လိုင်း လိမ်လည်မှုများကို တားဆီးရန်နှင့် အမြစ်ပြတ် ချေမှုန်းရန် အထောက်အကူ ပြုလိမ့်မည်ဟု ၎င်းက ဆိုသည်။
ထိုဥပဒေကြမ်းအရ ကျားဖြန့်ဂိုဏ်းများ၏ ခေါင်းဆောင်များသည် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရမည့် အပြင် ရီရယ်ငွေ ၁ ဘီလျံ (ဒေါ်လာ ၂၅၀,၀၀၀) အထိ ဒဏ်ငွေ ချမှတ်ခံရမည်ဖြစ်သည်။

ကျားဖြန့်ပစ္စည်းတွေကိုတွေ့ရစဉ်
ထို့ပြင် ၎င်းတို့၏ ကျားဖြန့်လုပ်ငန်းများအတွင်း အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မချုပ်နှောင်မှု၊ လူကုန်ကူးမှု သို့မဟုတ် အတင်းအဓမ္မ စေခိုင်းမှုများ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်ခံရမည့်အပြင် ရီရယ်ငွေ ၂ ဘီလျံ (ဒေါ်လာ ၅၀၀,၀၀၀ ခန့်) အထိ ဒဏ်ငွေတိုးမြှင့် ချမှတ်ခံရမည် ဖြစ်သည်။
ကျားဖြန့်ဂိုဏ်းချုပ်များ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကြောင့် လူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါက ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၃၀ အထိ ဖြစ်စေ သို့မဟုတ် တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် ကျားဖြန့်လုပ်ငန်းများတွင် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်နေပြီး အွန်လိုင်းမှ လိမ်လည်သူများသည် ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အထိ ချမှတ်ခံရမည့်အပြင် ရီရယ်ငွေ သန်း ၅၀၀ (ဒေါ်လာ ၁၂၅,၀၀၀ ခန့်) အထိ ဒဏ်ငွေ ချမှတ်ခံရမည်ဟုလည်း ဖော်ပြထားသည်။
ထိုဥပဒေမူကြမ်းကို အစိုးရအဖွဲ့က အတည်ပြုခဲ့သော်လည်း အောက်လွှတ်တော်နှင့် အထက်လွှတ်တော်က အတည်ပြုရန် လိုအပ်ပြီး နောက်ဆုံးအဆင့်တွင် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟမုနီ (Norodom Sihamoni) ကို တင်ပြရမည်ဖြစ်သည်။
Source: ဆင်ဟွာ
- By CNI
- Category: နိုင်ငံရေး
- Hits: 271
CNI International News
ရီးယာ့ဒ်၊ မတ်လ ၁၇
ဆော်ဒီနိုင်ငံ၏ ရေနံ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရမှုအတွက် အီရန်တွင် တာဝန်ရှိသည်ဆိုသည့် သတင်းများကို ဆော်ဒီနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ငြင်းဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အီရန်အနေဖြင့် ဆော်ဒီ၏ ရေနံအဆောက်အအုံများကို တိုက်ခိုက်ခဲ့မည်ဆိုပါက တိုက်ခိုက်သည့်အကြောင်းကို ကြေညာမည်ဖြစ်ကြောင်း အီရန်သံအမတ် အလီရီဇာ အီနာယာတီ (Alireza Enayati) က ပြောကြားခဲ့သည်။
ဆော်ဒီ၏ ရေနံ အဆောက်အအုံများကို မည်သူက တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို ၎င်းက ပြောကြားခဲ့ခြင်း မရှိသော် လည်း အီရန်သည် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေး ပစ်မှတ်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု အီနာယာတီက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း အစ္စရေး နိုင်ငံအပြင် ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ဂျော်ဒန်၊ အီရတ်နှင့် ယူအေအီးနိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ရေနံစက်ရုံ တိုက်ခိုက်ခံရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ဆော်ဒီနိုင်ငံရှိ Ras Tanura ရေနံချက်စက်ရုံပေါ်သို့ ဒရုန်းတစ်စင်း ပျက်ကျခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ စက်ရုံလည်ပတ်မှု ရပ်တန့်သွားခဲ့သည်။
ထို့ပြင် ယူအေအီး နယ်စပ်အနီး သဲကန္တာရအတွင်းရှိ ရှိုင်းဘား(Shaybah) ရေနံတွင်းတွင်လည်း တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကမူ မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကိုမှ အပြစ်တင်ခဲ့ခြင်း မရှိပေ။
အီရန်သံအမတ် အီနာယာတီကလည်း သူသည် ဆော်ဒီအရာရှိများနှင့် တိုက်ရိုက် အဆက်အသွယ်ရှိနေပြီး နှစ်နိုင်ငံ ဆက်ဆံရေး၏ နယ်ပယ်ကဏ္ဍ အများအပြားတွင် တိုးတက်မှုရှိနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အီရန်ကို ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက် ဆော်ဒီ၏ မြေပြင်၊ ဝေဟင်နှင့် ရေပြင်ပိုင်နက်များကို အသုံးပြုခွင့် ပေးမထားကြောင်း ဆော်ဒီက လူသိရှင်ကြား ကြေညာထားသည်။
အီရန်နှင့် ဆော်ဒီသည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၃ ခုနှစ်က သံတမန်ဆက်ဆံရေးကို ပြန်လည် ထူထောင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်ဖွင့်လှစ်ရန် သဘောတူခဲ့ကြသည်။
Source: အယ်လ်ဂျာဇီးယား
