- By CNI
- Category: နိုင်ငံရေး
- Hits: 351
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၇
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့သည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား စစ်ပွဲအား အဆုံး သတ်ရန် ကြိုးပမ်းနေသည့် သံတမန်ရေးရာ ဆွေးနွေးပွဲများမှာ ဧပြီ ၂၆ ရက်တွင် မျှော်လင့်ချက်များ မှေးမှိန် သွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araqchi) သည် ပါကစ္စတန်ရှိ ကြားဝင်စေ့စပ်ရေး ဆွေးနွေးပွဲများမှ ပြန်လည်ထွက်ခွာသွားခဲ့သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း ၎င်း၏ကိုယ်စားလှယ်များ ပါကစ္စတန်သို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
အပစ်အခတ်ရပ်စဲရေးကြောင့် အကြီးစားတိုက်ပွဲများ ခေတ္တရပ်တန့်နေသော်လည်း ထောင်နှင့်ချီသော သေဆုံးမှု များ၊ လောင်စာဆီ စျေးနှုန်း မြင့်တက်မှုနှင့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများကို ဖြစ်ပေါ်စေသည့် ထိုစစ်ပွဲကို အပြီးတိုင် အဆုံးသတ်ရန် သဘောတူညီချက် မရရှိသေးပေ။
အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က အမေရိကန်အနေဖြင့် ပင်လယ်ရေကြောင်း ပိတ်ဆို့မှုများကို ဦးစွာဖယ်ရှားပေးရန် တောင်းဆိုထားပြီး ခြိမ်းခြောက်မှုအောက်တွင် ဆွေးနွေးမည် မဟုတ် ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
တစ်ဖက်တွင်လည်း သမ္မတထရမ့်က အီရန်ဘက်မှ ကမ်းလှမ်းချက်များသည် လုံလောက်မှု မရှိသဖြင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် အီရန် ခေါင်းဆောင်ပိုင်းအတွင်း စည်းလုံးမှုမရှိဘဲ ရှုပ်ထွေးနေကြောင်း ဝေဖန်ခဲ့သည်။
ထရမ့်က ၎င်းတို့တွင် အားသာချက် များစွာရှိနေပြီး အီရန် အနေဖြင့် ဆွေးနွေးလိုပါက ဆက်သွယ်ရန်သာ လိုအပ်ကြောင်း Truth Social မှတဆင့် ရေးသားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ပါကစ္စတန် ခရီးစဉ်အပြီးတွင် အိုမန်နိုင်ငံသို့ ဆက်လက် ထွက်ခွာကာ စစ်ပွဲ အဆုံးသတ်ရေးအတွက် ထပ်မံဆွေးနွေးခဲ့ပြီး ရုရှားသို့လည်း သွားရောက်ရန် စီစဉ်ထားသည်။
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်နေပြီး အစ္စရေးနှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲများလည်း ပြန်လည် အရှိန်မြင့်လာခဲ့သည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့လောင်စာဆီ တင်ပို့မှုများ ထိခိုက်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေချိန်၌ သံတမန်ရေးရာ လမ်းကြောင်းများ ရပ်တန့်သွားခြင်းသည် အရှေ့အလယ်ပိုင်းစစ်မီး ပိုမိုကြီးထွားလာနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 415
CNI International News
ကိယက်ဗ်၊ ဧပြီ ၂၇
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ရုရှားကို နျူကလီးယား အကြမ်းဖက်မှု ကျူးလွန်နေ ကြောင်း ဧပြီ ၂၆ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံက ချာနိုဘိုင်း (Chernobyl) နျူကလီးယား ဘေးအန္တရာယ် နှစ်ပေါင်း ၄၀ ပြည့် ဝမ်းနည်း အောင့်မေ့ ဖွယ် အခမ်းအနားကို ကျင်းပနေစဉ်အတွင်း ရုရှား၏ ဒရုန်းတိုက်ခိုက်မှု အသစ်များ ဖြစ်ပွားခဲ့၍ ၎င်းက ယခုလို စွပ်စွဲ ခဲ့ခြင်းဖြစ်သည်။
ရုရှားက ဒရုန်းအစင်းရေ ၁၀၀ ကျော်ဖြင့် ညလုံးပေါက် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ တစ်ဝန်းတွင် လူ ၃ ဦး သေဆုံးခဲ့သည်။
ချာနိုဘိုင်း နှစ်ပတ်လည်နေ့အတွက် လူမှုကွန်ရက်တွင် တင်ခဲ့သော ပို့စ်တစ်ခု၌ ဇာလန်းစကီးက ရုရှားသည် ၎င်း၏ ကျူးကျော်စစ်မှတဆင့် ကမ္ဘာကြီးကို လူသားတို့ဖန်တီးသည့် ဘေးအန္တရာယ် တစ်ခု၏ ချောက်ကမ်းပါးစွန်းသို့ နောက်တစ်ကြိမ် တွန်းပို့နေသည်ဟု ရေးသားခဲ့သည်။

နိုဘိုင်း (Chernobyl) နျူကလီးယား ဘေးအန္တရာယ် နှစ်ပေါင်း ၄၀ ပြည့် ဝမ်းနည်း အောင့်မေ့ဖွယ် အခမ်းအနားကို တွေ့ရစဉ်
ရုရှားဒရုန်းများသည် ချာနိုဘိုင်း စက်ရုံပေါ်မှ ပုံမှန်ဖြတ်ပြီး ပျံသန်းနေကာ ပြီးခဲ့သည့် နှစ်ကလည်း ဒရုန်းတစ်စင်း သည် စက်ရုံ၏ အကာအကွယ် ခေါင်မိုးကို ထိမှန်ခဲ့ကြောင်း ဇာလန်းစကီးက ဆိုသည်။
“ဒီလိုမျိုး နျူကလီးယား အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို ကမ္ဘာကြီးက ခွင့်မပြုသင့်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ရုရှားရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်အောင် ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၁၉၈၆ ခုနှစ်က ချာနိုဘိုင်း နျူကလီးယားစက်ရုံတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အရပ်ဘက် နျူကလီးယား ဘေးအန္တရာယ်ဖြစ်ပြီး နျူကလီးယားစွမ်းအင်အပေါ် ကမ္ဘာ့အမြင်ကို ပြောင်းလဲစေခဲ့သည်။
ရေဒီယိုသတ္တိကြွမှုနှင့် ထိတွေ့မိခြင်းကြောင့် လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ရသည်ဟု ခန့်မှန်းရသော်လည်း သေဆုံးသူ အရေအတွက် အတိအကျကို လေ့လာဆန်းစစ်ချက်များ ကွဲပြားလျက်ရှိသည်။

နိုဘိုင်း (Chernobyl) နျူကလီးယား ဘေးအန္တရာယ် နှစ်ပေါင်း ၄၀ ပြည့် ဝမ်းနည်း အောင့်မေ့ဖွယ် အခမ်းအနားကို တွေ့ရစဉ်
၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အစီအရင်ခံစာ တစ်ခုအရ အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် နိုင်ငံသုံးနိုင်ငံတွင် သေဆုံး ကြောင်း အတည်ပြုနိုင်သူနှင့် ခန့်မှန်းခြေ သေဆုံးသူ အရေအတွက်မှာ ၄၀၀၀ ရှိသည်ဟု ဖော်ပြသော်လည်း၊ Greenpeace အဖွဲ့ကမူ ထိုဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၀၀,၀၀၀ နီးပါး ရှိနိုင်သည်ဟု ၂၀၀၆ ခုနှစ်က ခန့်မှန်း ထုတ်ပြန်ခဲ့သည်။
ယူကရိန်းနိုင်ငံ တစ်ဝန်းတွင် ရုရှား၏ တိုက်ခိုက်မှုများကြောင့် လူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းမြောက်ပိုင်း နယ်စပ်ဒေသဖြစ်သော ဆူမီ (Sumy) ဒေသတွင် ရုရှား၏ ဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 439
CNI International News
ဘန်ကောက်၊ ဧပြီ ၂၇
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ်(Sihasak Phuangketkeow) သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ကရာဘီ (Krabi) မြို့၌ တွေ့ဆုံချိန်တွင် မြန်မာ့အရေးနှင့် အရှေ့အလယ်ပိုင်းအရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွက် ဟော်မုဇ်ရေလက်ကြား တစ်လျှောက် စွမ်းအင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ဘေးကင်း လုံခြုံစေရန် အီရန်နှင့်ညှိနှိုင်းရာတွင် တရုတ်အနေဖြင့် ကူညီပေးရန် သီဟာဆတ်က ဝမ်ကို တောင်းဆိုခဲ့သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံတွင် စားနပ်ရိက္ခာ ထုတ်လုပ်မှု အတွက် အရေးပါသည့် ဓာတ်ငွေ့၊ ရေနံနှင့် မြေဩဇာ တင်သွင်းမှုများ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြား အတွင်း သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် တရုတ်နိုင်ငံက အီရန်နှင့် ဆက်သွယ်ကူညီပေးရန် မျှော်လင့်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ်ကို တွေ့ရစဉ်
ဝမ်ယိ၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ ဆွေးနွေးမှုတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံအတွင်း ပြန်လည်ပူးပေါင်းလာစေရန်နှင့် ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆိုက်ဘာရာဇဝတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များတွင်လည်း ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းဘက်က ဆန္ဒရှိနေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံဘက်ကလည်း ဒေသတွင်း လုံခြုံရေးအတွက် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာစေရန် တိုက်တွန်းခဲ့ပြီး ကျားဖြန့်ဂိုဏ်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် သဘောတူညီခဲ့ကြသည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိက စျေးကွက် တစ်ခုဖြစ်ပြီး သန့်ရှင်းသောစွမ်းအင်၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လျှပ်စစ်ကား ထုတ်လုပ်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လျက်ရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်း၍ PM2.5 လေထု ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းခြင်းဖြင့် ဒေသတွင်း ဦးဆောင်မှု အခန်းကဏ္ဍအား မြှင့်တင်ရန်လည်း ကြိုးပမ်းနေသည်။
ယခုဆွေးနွေးပွဲသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် နှစ်ဖက်စလုံးက အလေးထားကြောင်း ပြသခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 356
CNI International News
ဘန်ကောက်၊ ဧပြီ ၂၅
ထိုင်းတရားရုံးချုပ်သည် အဓိက အတိုက်အခံ ပြည်သူ့ပါတီ (People's Party) ခေါင်းဆောင် နက်သာဖွန် ရူအန်ပန်ညာဝပ် (Natthaphong Ruengpanyawut) နှင့် ယခင်လွှတ်တော် အမတ်ဟောင်းများ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လွှတ်တော်အမတ် ၄၃ ဦးတို့အပေါ် တင်သွင်းထားသည့် အမှုတွဲကို လက်ခံ လိုက်ပြီဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေ (lese-majeste law) ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် အတွက် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်ပြီး ထိုအမှုသည် တရားစွဲဆိုခံရသည့် အတိုက်အခံ အင်အားစုအား နိုင်ငံရေးလောကမှ ပိတ်ပင်ခံရသည့်အထိ ဖြစ်လာနိုင်ဖွယ်ရှိသည်။
နက်သာဖွန် ဦးဆောင်သည့် People's Party သည် ဖေဖော်ဝါရီလက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဒုတိယနေရာ ရရှိခဲ့သည်။
People's Party မတိုင်မီက ဖျက်သိမ်းခံခဲ့ရသည့် ယခင် Move Forward Party (MFP) ပါတီ လက်ထက်က ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်း တင်သွင်းခဲ့ဖူးသည်။
အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က အတိုက်အခံများ၏ လုပ်ဆောင်ချက်များ သည် ကျင့်ဝတ်ဖောက်ဖျက်မှု ဖြစ်နိုင်သည်ဟု စွပ်စွဲကာ အဆိုပါအမှုကို တရားရုံးချုပ်သို့ လွှဲပြောင်းပေးခဲ့သည်။

ထိုင်းဘုရင်ကို တွေ့ရစဉ်
တရားရုံးက ဧပြီ ၂၄ ရက်တွင် ထိုအမှုကို လက်ခံခဲ့သော်လည်း လွှတ်တော်အမတ်များအား ၎င်းတို့၏ လွှတ်တော် ရာထူးများမှ ချက်ချင်းရပ်ဆိုင်းခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။
တရားသူကြီး ၃ ဦး ပါဝင်သည့် တရားရုံးချုပ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ထိုအမှုသည် တရားရုံးအနေဖြင့် ဆက်လက် စစ်ဆေးရန်အတွက် လုံလောက်သော အခြေအနေရှိကြောင်း ပြောကြားခဲ့သည်။
သို့သော် တရားရုံး အနေဖြင့် လွှတ်တော်အမတ်များ၏ တာဝန်ထမ်းဆောင်ခြင်းကို ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန် ထားခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဧပြီ ၂၄ ရက်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နက်သာဖွန်က ၎င်း၏ ဥပဒေပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်သည် ဘုရင်စနစ်အောက်ရှိ ဒီမိုကရေစီစနစ်ကို ထိခိုက်စေရန် ရည်ရွယ် ချက် လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံရေးသမားတွေရဲ့ ဘဝထက် ပိုပါတယ်။ ကျနော်တို့ ရည်ရွယ်တာက ပြည်သူတွေအတွက် တန်းတူညီမျှမှုရှိစေဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ပါလီမန်ဒီမိုကရေစီ စနစ်အတွင်းရှိ လွှတ်တော်အမတ်များ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုစေရန်အတွက် ယခုအမှုကို တရားရုံးချုပ်တွင် ရင်ဆိုင်သွားမည်ဟုလည်း နက်သာဖွန်က ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 403
CNI International News
ဘန်ကောက်၊ ဧပြီ ၂၅
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူ (Anutin Charnvirakul) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့သည် လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမည့် ပူးတွဲလုပ်ဆောင်မှု အစီအစဉ်မှတဆင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း The Nation မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် အစိုးရအိမ်တော်၌ ဝန်ကြီးချုပ် အနူတင်အား လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုတွင် အနူတင်က ဝမ်ယိ ကြိုက်နှစ်သက်သည့် ဒူးရင်းသီး၊ ကောက်ညှင်း ကျည်တောက်တို့ဖြင့် ခင်မင် ရင်းနှီးစွာ တည်ခင်းဧည့်ခံခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံပွဲအတွင်း ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာ စင်မြင့်ထက်တွင် ဆက်လက် ပံ့ပိုးပေးနေသည့် အတွက် တရုတ်အစိုးရနှင့် သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့အား ကျေးဇူးတင်ကြောင်း အနူတင်က ပြောကြားခဲ့ သည်ဟု ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက် (Rachada Dhnadirek) ကဆိုသည်။
ထို့ပြင် ထိုင်းဘုရင် မင်းမြတ်နှင့် မိဖုရားတို့၏ တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်နှင့် ပတ်သက်ပြီး လည်း ပြန်ပြောင်း အောက်မေ့စွာ ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
ထိုင်းဘုရင်နှင့် မိဖုရား၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံကြား ရင်းနှီးသည့် ဆက်ဆံရေးကို ထင်ရှားစွာ ပြသနေ ကြောင်း၊ နှစ်နိုင်ငံကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် တည်ဆောက်ထားသော မိသားစု ဆက်ဆံ ရေးပေါ်တွင် အခြေခံ၍ ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအားလုံးကို တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးပေး လိမ့်မည်ဟု မျှော်လင့်ကြောင်း အနူတင်က ပြောကြားခဲ့သည်ဟု ဆိုသည်။
ဝမ်ယိကလည်း အနူတင်အား ထိုင်းဝန်ကြီးချုပ်အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ လာရောက် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းအစိုးရ၏ စီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နိုင်စွမ်းအပေါ် ယုံကြည်ကြောင်း၊ ထိုင်း-တရုတ် ဆက်ဆံရေးသည် ပိုမိုနီးကပ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ဝမ်က သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်း၏မိသားစုကိုယ်စား ထိုင်းဘုရင် မင်းမြတ်နှင့် မိဖုရားတို့ထံသို့ မေတ္တာဖြင့် နှုတ်ခွန်းဆက် စကားများကိုလည်း အမှာပါးခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ တည်ငြိမ်မှုအပေါ် ယုံကြည်မှုရှိကြောင်း၊ ထိုင်းနိုင်ငံအတွက် ရေရှည်ယုံကြည် နိုင်သော မိတ်ဖက်အဖြစ် ရှိနေရန် အသင့်ရှိကြောင်း ဝမ်က အတည်ပြု ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 199
CNI International News
ဟနွိုင်း၊ ဧပြီ ၂၄
ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နျူကလီးယား စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံအထိ ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဗီယက်နမ်သို့ ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) သည် ဟနွိုင်း (Hanoi) မြို့တော်တွင် ဗီယက်နမ် ထိပ်သီးခေါင်းဆောင် တိုလမ် (To Lam) နှင့် တွေ့ဆုံခဲ့ပြီး စွမ်းအင်၊ နည်းပညာ နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နားလည်မှု စာချွန်လွှာ ၁၂ ခုကို လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နှစ်ဖက်စလုံးက နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို လေ့လာရန် သဘောတူညီခဲ့ကြသည်။
ဂျပန်နိုင်ငံသည် ဗီယက်နမ်နှင့် ပူးပေါင်းခဲ့သည့် နျူကလီးယားစွမ်းအင် စီမံကိန်းမှ နုတ်ထွက်သွားပြီးနောက် ဗီယက်နမ်သည် ၂၀၃၅ ခုနှစ်တွင် ၂ ဂစ်ဂါဝပ်မှ ၃ ဒသမ ၂ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် မိတ်ဖက်နိုင်ငံအသစ်ကို ရှာဖွေနေခြင်းဖြစ်သည်။

တောင်ကိုရီးယားနဲ့ ဗီယက်နမ် နျူစွမ်းအင် ပူးပေါင်းရေး သဘောတူလက်မှတ်ထိုးကြစဉ်
အရှေ့တောင်အာရှ၏ စီးပွားရေး အလျင်မြန်ဆုံး တိုးတက်နေသော ဗီယက်နမ်သည် ၎င်း၏ စက်မှုကဏ္ဍ ချဲ့ထွင် လာသည်နှင့်အမျှ တိုးမြင့်လာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည်။
တောင်ကိုရီးယားသည် ဗီယက်နမ်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းစုများသည် ဗီယက်နမ်တွင် အကြီးစား ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။
“ဗီယက်နမ် စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ တောင်ကိုရီးယားရဲ့ ထုတ်လုပ်မှု၊ ထောက်ပံ့မှုနဲ့ ဖြန့်ဖြူးမှု ကွင်းဆက် တွေမှာ ပါဝင်လာနိုင်ဖို့ ကူညီပေးသွားမှာဖြစ်ပြီး ဒါဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ် ဖြစ်ထွန်းလာဖို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်”ဟု တိုလမ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတနဲ့ ဗီယက်နမ်သမ္မတကို တွေ့ရစဉ်
အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီးနောက် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကြီးနှင့်အတူ ဗီယက်နမ်သို့ ရောက်ရှိလာ သည့် သမ္မတလီကလည်း စွမ်းအင်လုံခြုံရေးနှင့် ထောက်ပံ့မှုကွင်းဆက် တည်ငြိမ်စေရန်အတွက် ဗီယက်နမ်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လီနှင့် တိုလမ်တို့သည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၅ ဘီလျံ ရှိခဲ့သည့် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးကို ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၅၀ ဘီလျံအထိ မြှင့်တင်ရန် ရည်မှန်းချက်ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်သည် ၎င်း၏ ပို့ကုန်အများစုကို အမေရိကန်သို့ တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများအပေါ် မှီခိုနေရမှုကို လျှော့ချရန် အမေရိကန်၏ ဖိအားပေးခြင်းကို ခံနေရသည်။
အမေရိကန်၏ အခွန်စည်းကြပ်မှုများကို ရှောင်လွှဲရန် တရုတ်ကုန်စည်များကို ဗီယက်နမ်မှတဆင့် လမ်းကြောင်းလွှဲ တင်ပို့နေခြင်း ရှိ၊ မရှိကိုလည်း အမေရိကန်က မကြာသေးမီလများအတွင်း အထူးကြပ်မတ် စစ်ဆေးလျက်ရှိသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 445
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump )က တိုက်ခိုက်မှုများကို အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက် အီရန်သည် မဟာဗျူဟာမြောက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်လာကာ ကုန်တင်သင်္ဘောနှစ်စင်းအား ဖမ်းဆီးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းတွင် သက်တမ်း ကုန်ဆုံးခဲ့သည့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး အခြေအနေမှာလည်း သေချာရေရာမှု မရှိသေးပေ။
တိုက်ခိုက်မှုများကို ပြန်လည် စတင်တော့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး နာရီပိုင်းအကြာမှာပင် ထရမ့်သည် ၎င်း၏ သဘောထားကို ချက်ချင်းပြောင်းလဲခဲ့ကာ အီရန်၏ အဆိုပြုချက်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မဆွေးနွေး ရသေးမီအထိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင် ကြေညာခဲ့သည်။
သို့သော် အီရန်အရာရှိများကမူ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် သဘောတူကြောင်း ပြောကြားခြင်း မရှိသည့်အပြင် အီရန်၏ ဆိပ်ကမ်းများကို အမေရိကန်ရေတပ်ဖြင့် ဆက်လက် ပိတ်ဆို့ထားသည့် ထရမ့်၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြသည်။
ထိုသို့ ပိတ်ဆို့မှုကို စစ်ကြေညာခြင်းဟု အီရန်က မှတ်ယူထားပြီး အီရန်ပါလီမန်ဥက္ကဋ္ဌနှင့် အဓိက ညှိနှိုင်းဆောင်ရွက် သူ မိုဟာမက် ဘာကာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf) က ပိတ်ဆို့မှုများကို ရုပ်သိမ်းမှသာ အပစ်အခတ်ရပ်စဲရေးသည် အဓိပ္ပာယ်ရှိလိမ့်မည်ဟု ဆိုသည်။

အီရန်နိုင်ငံသူ အမျိုးသမီး တစ်ဦးကို တွေ့ရစဉ်
အမေရိကန်ဘက်က ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို သိသိသာသာ ချိုးဖောက်နေခြင်းကြောင့် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်ကြောင်း ကာလီဘတ်ဖ်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“ခင်ဗျားတို့ဟာ စစ်ရေးကျူးကျော်မှုနဲ့ ခင်ဗျားတို့ရဲ့ ရည်မှန်းချက်တွေကို မအောင်မြင်ခဲ့သလို ဗိုလ်ကျစိုးမိုးမှုနဲ့ လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်ခုတည်းသော နည်းလမ်းကတော့ အီရန်ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့ပဲ ဖြစ်ပါတယ်”ဟု ထရမ့်၏ ကြေညာချက်ကို ပထမဆုံး တုန့်ပြန်ချက်အဖြစ် ကာလီဘက်ဖ်က ရေးသားခဲ့သည်။
စစ်ပွဲကာလအတွင်း ပင်တဂွန်စစ်ဌာနချုပ်၏ နောက်ထပ် အပြောင်းအလဲ တစ်ခုအဖြစ် ရေတပ်အကြီး ဂျွန်ဖီလန် (John Phelan) သည် ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း အမေရိကန်အရာရှိတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ဧပြီ ၂၂ တွင် ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) က ကြည်းတပ်ဦးစီးချုပ်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာတွင် ယခုကဲ့သို့ ရေတပ်အကြီးအကဲကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ဖီလန်သည် အစိုးရအဖွဲ့မှ ချက်ချင်း ထွက်ခွာမည်ဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သော်လည်း အကြောင်း ပြချက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထွက်ခွာခြင်း ဟုတ်၊ မဟုတ်ကို လည်း ပြောဆိုခြင်း မရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 219
CNI International News
ဆိုးလ်၊ ဧပြီ ၂၃
အမေရိကန်သည် အီရန်စစ်ပွဲတွင် အသုံးပြုရန် တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်ချထားသည့် ဒုံးကျည် ကာကွယ် ရေးစနစ်ကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းခြင်း မရှိခဲ့ကြောင်း တောင်ကိုရီးယားရှိ အမေရိကန် တပ်ဖွဲ့များကို ကွပ်ကဲရသည့် တပ်မှူးက ဧပြီ ၂၁ ရက်မှာ ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
မတ်လအတွင်း ဝါရှင်တန်ပို့စ် သတင်းစာက အမည်မဖော်လိုသည့် အရာရှိနှစ်ဦးကို ကိုးကားဖော်ပြရာတွင် ပင်တဂွန်စစ်ဌာနချုပ်သည် THAAD ဒုံးကျည် ကာကွယ်ရေးစနစ်၏ အစိတ်အပိုင်းအချို့ကို တောင်ကိုရီးယားမှ အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းနေကြောင်း ရေးသားဖော်ပြခဲ့သည်။
အမေရိကန်၏ THAAD စနစ်သည် ပဲ့ထိန်းဒုံးကျည်များကို မြင့်မားသည့် ကောင်းကင်ယံတွင် ကြားဖြတ်ပစ်ချသည့် ဒုံးခွင်းဒုံးစနစ်ဖြစ်ပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား၏ရန်ကို ကာကွယ်ရန်အတွက် တောင်ကိုရီးယား၌ တပ်ဆင်ထားခြင်းဖြစ်သည်။
အမေရိကန်အထက်လွှတ်တော် ကော်မတီ ကြားနာစစ်ဆေးပွဲ တစ်ခုတွင် THAAD စနစ် နေရာရွှေ့ပြောင်းခြင်း ရှိ၊ မရှိ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဇာဗီယာ ဘရန်ဆန် (Xavier Brunson) အား ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂယ်ရီ ပီတာ (Gary Peters) က မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ မေးမြန်းရာတွင် မိမိတို့ အနေဖြင့် THAAD စနစ်နှင့်ပတ်သက်သည့် မည်သည့် ပစ္စည်းကိုမျှ ရွှေ့ပြောင်းရခြင်း မရှိသေးကြောင်း ထို့ကြောင့် THAAD သည် လက်ရှိတွင် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ရှိနေဆဲဖြစ်ကြောင်း ဘရန်ဆန်က ဖြေကြားခဲ့သည်။

အမေရိကန်ရဲ့ THAAD ဒုံးခွင်းဒုံးစနစ်ကို တွေ့ရစဉ်
“ကျနော်တို့ အနေနဲ့ စစ်လက်နက် ခဲယမ်းတွေကို ရှေ့တန်း (အရှေ့အလယ်ပိုင်း) ကို ပေးပို့နေပြီး အဲဒီလက်နက် တွေဟာ နေရာရွှေ့ပြောင်းဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ အရင်ကလည်း ရေဒါတွေကို ရှေ့တန်းကို ရွှေ့ပြောင်း ပေးခဲ့တဲ့ အကြိမ်ပေါင်း မနည်းရှိခဲ့ပါတယ်။ ဒါက အရင်နှစ် ဇွန်လက အီရန်အပေါ် အမေရိကန် တိုက်ခိုက်မှုဖြစ်တဲ့ Midnight Hammer စစ်ဆင်ရေး မတိုင်ခင်က ဖြစ်ပါတယ်။ အဲဒီပစ္စည်းအချို့က ပြန်မရောက်လာသေးပေမယ့် THAAD စနစ်တွေကတော့ ကိုရီးယား ကျွန်းဆွယ်ပေါ်မှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်” ဟု ဘရန်ဆန်က ပြောကြား ခဲ့သည်။
အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သည် ထိုနေရာတွင် ဆက်ရှိနေမည် ဟုတ်၊ မဟုတ် မေးမြန်းသောအခါ ဘရန်ဆန်က ဆက်ရှိနေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ကျနော်တို့က စစ်လက်နက် ပစ္စည်းတွေကို နေရာ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချက်က သတင်း အချက်အလက် နယ်ပယ်ထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့်ကို တပ်စွဲထားပြီး THAAD စနစ်ကို ၂၀၁၇ ခုနှစ် တွင် တောင်ကိုရီးယား၌ စတင်ဖြန့်ကြက်ချထားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 303
CNI International News
တိုင်ပေ၊ ဧပြီ ၂၃
ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခဖြစ်ပွားလာလျှင် အမေရိကန်အနေဖြင့် တပ်ဖွဲ့များစေလွှတ်ကာ ကာကွယ် ပေးလိမ့်မည်ဆိုသည့် အချက်အပေါ် ထိုင်ဝမ်ပြည်သူ ထက်ဝက်ခန့်က သံသယရှိနေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့နောက် အမေရိကန်၏ လက်နက်များသည် ထိရောက်မှု ရှိ၊ မရှိကိုပါ မေးခွန်းထုတ်လာနေကြသည်။
တိုင်ပေမြို့အခြေစိုက် ဒီမိုကရေစီဖောင်ဒေးရှင်းက ဧပြီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းများအရ ထိုင်ဝမ် တွင် အမေရိကန်၏ လုံခြုံရေး အာမခံချက်များအပေါ် သံသယစိတ်များ မြင့်တက်လာနေသော ရလဒ်များ ထွက်ပေါ်ခဲ့သည်။။
ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲဖြစ်ပွားလာပါက အမေရိကန်အနေဖြင့် တရုတ်ပြည်မကြီးနှင့် တိုက်ရိုက် ပဋိပက္ခ ဖြစ်မည့် အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် အမေရိကန်သည် ထိုင်ဝမ်ကျွန်းကို ကာကွယ်ရန် တပ်ဖွဲ့များ စေလွှတ်လိမ့်မည်ဟု မယုံကြည်ကြောင်း စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းက ဖြေဆိုခဲ့ သည်။

ထိုင်ဝမ်ကျွန်းကို တရုတ်စစ်သင်္ဘော ဝိုင်းထားစဉ် အမေရိကန်က ငွေကြေးပေးနေခြင်းကို သရုပ်ဖော်ထားစဉ်
စစ်တမ်းတွင် ပါဝင်သည့် ၄ ပုံ ၁ ပုံ အောက်သာလျှင် အမေရိကန်သည် စစ်ရေးအရ ကူညီလိမ့်မည်ဟု ယုံကြည် ကြောင်း ဖြေဆိုခဲ့ကြသည်။
ပဋိပက္ခအတွင်း အမေရိကန်တပ်ဖွဲ့များ အနေဖြင့် အချိန်မီပြီး ထိရောက်သည့် စစ်ရေး အကူအညီများ ပေးနိုင်ခြေ ရှိ/မရှိ မေးမြန်းရာတွင် ဖြေဆိုသူ ၅၅ ဒသမ ၆ ရာခိုင်နှုန်းက မပေးနိုင်ကြောင်း ဖြေဆိုခဲ့ကြပြီး၊ ၃၃ ဒသမ ၅ ရာခိုင်နှုန်းကသာ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။
အမေရိကန်ထုတ် လက်နက်များအပေါ် ယုံကြည်မှုမှာလည်း အလားတူပင် နည်းပါးနေသည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၄၉ ရာခိုင်နှုန်းက အမေရိကန်ထုတ် လက်နက်များ၏ ကာကွယ်ရေး စွမ်းအားအပေါ် ယုံကြည်မှု မရှိကြဘဲ ၃ ပုံ ၁ ပုံကျော်ခန့်သာ ယုံကြည်မှုရှိကြောင်း ဖြေဆိုခဲ့ကြသည်။
Source: South China Morning Post
