- By CNI
- Category: နိုင်ငံရေး
- Hits: 468
CNI International News
ပြုံယမ်း၊ အော်ကတိုဘာ ၁၃
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ( Kim Jong Un) သည် အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားကို ကြီးကြပ်ခဲ့ပြီး ပြည်ပခေါင်းဆောင်များ တက်ရောက်လာခဲ့သော ထိုစစ်ရေးပြ အခမ်းအနားတွင် နောက်ဆုံးပေါ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ်ကို ထုတ်ဖော်ပြ ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီ ထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့် အထိန်းအမှတ်အဖြစ် အောက်တိုဘာ ၁၀ ရက်က အောင်ပွဲခံ အခမ်းအနားများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်တွင် စစ်ရေးပြ အခမ်းအနားကို ဆက်တိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ရေးပြ အခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) ၊ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ် (To Lam) တို့ကို ကင်မ်၏ နံဘေးတွင် မြင်တွေ့ခဲ့ရကာ အခြားပြည်ပ ခေါင်းဆောင်များလည်း စစ်ရေးပြ အခမ်းအနားကို တက်ရောက်လာခဲ့သည်။
ထိုပြင် စစ်ရေးပြ အခမ်းအနားအတွင်း မြောကိရီးယား၏ အင်အားအပြင်းဆုံး မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စနစ်ဟု ကြေညာထားသည့် Hwasong-20 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ် အပါအဝင် မြောက်ကိုရီးယား၏ ခေတ်အမီဆုံး လက်နက်အချို့ကို ပြသခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား စစ်ရေးပြ အခမ်းအနားကို ကင်မ်ဂျုံအန် ကြည့်ရှုပ်နေစဉ်
Hwasong အမျိုးအစား ICBM ဒုံးကျည်များသည် အမေရိကန်၏ မည်သည့် ကုန်းမြေကိုမဆို ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း ထိုဒုံးကျည်များ၏ ပစ်မှတ်သို့ ရောက်ရှိနိုင်မည့် ပဲ့ထိန်းစနစ် နည်းပညာအပေါ် မေးခွန်းများလည်း ထွက်ပေါ်နေသည်။
“Hwasong-20 ဒုံးကျည်တွေက လက်ရှိအချိန်မှာ မြောက်ကိုရီးယားရဲ့ တာဝေးပစ် နျူကလီးယား ထိပ်ဖူး တပ်ဆင် နိုင်တဲ့ နောက်ဆုံးပေါ် လက်နက်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီလက်နက် စနစ်တွေကို အခုနှစ် မကုန်ခင် စမ်းသပ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်” ဟု အမေရိကန်အခြေစိုက် Carnegie Endowment for International Peace ၏ ကျွမ်းကျင်သူ အန်ကစ် ပန်ဒါ (Ankit Panda) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသစဉ်
စစ်ရေးပြ အခမ်းအနားတွင် ပြသခဲ့သည့် လက်နက်စနစ်များအနက် မဟာဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည် များ၊ ဒရုန်းလွှတ်တင်သည့် ယာဉ်များ၊ မြေပြင်မှ ဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် အသေခံ ဖောက်ခွဲတိုက်ခိုက်ရေး ဒရုန်းများလည်း ပါဝင်ကြောင်း တောင်ကိုရီးယားရှိ ကိုရီးယားပြန်လည်ပေါင်းစည်းရေး အင်စတီကျုမှ ကျွမ်းကျင်သူ ဟောင်မင် (Hong Min) က ပြောကြားခဲ့သည်။
ထိုစစ်ရေးပြ အခမ်းအနားအတွင်း ကင်မ်က မိန့်ခွန်း ပြောကြားရာတွင် မြောက်ကိုရီးယား၏ အနိုင်မခံ၊ အရှုံးမပေး သည့် စစ်တပ်သည် အခက်အခဲများကို ကျော်လွှားပြီး တောက်ပသည့် အနာဂတ်ကို ယူဆောင်လာမည့် မိမိတို့ ပါတီ၏ အားထုတ်ကြိုးပမ်းမှုများကို ခိုင်မာစေရန် အမြဲတမ်း လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 494
CNI International News
မနီလာ၊ အောက်တိုဘာ ၁၃
တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုအနီးတွင် တရုတ်နှင့်ဖိလစ်ပိုင် သင်္ဘောများ ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၂ ရက် မနက်အစောပိုင်းက တရုတ်ပင်လယ်ရေကြောင်းတပ်ဖွဲ့သည် သီတူကျွန်း (Thitu Island) အနီးတွင် ဖိလစ်ပိုင် သင်္ဘောတစ်စင်းကို မီးသတ်ပိုက်ဖြင့်ထိုးပြီး ဝင်တိုက်ခဲ့သည်ဟု ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်သင်္ဘော ၃ စင်းသည် ဒေသခံ ငါးဖမ်းသမားများကို ကာကွယ်ရန် အစိုးရ၏ အစီအစဉ်ဖြင့် သီတူကျွန်း အနီးတွင် ကျောက်ချ ရပ်နားထားချိန်၌ တရုတ်သင်္ဘောများက ချဉ်းကပ်လာခဲ့ပြီး မီးသတ်ပိုက်များဖြင့် ထိုးခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့နောက် တရုတ်သင်္ဘော တစ်စင်းက ဖိလစ်ပိုင်သင်္ဘော တစ်စင်းကို ဝင်တိုက်ခဲ့သဖြင့် ဖိလစ်ပိုင်သင်္ဘော တစ်စင်း၏ ပဲ့ပိုင်းတွင် ထိခိုက်သွားခဲ့သော်လည်း သင်္ဘောသားများ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း ဖိလစ်ပိုင်က ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နဲ့တရုတ် သင်္ဘောချင်းထိပ်တိုက် တွေ့ဆုံစဉ်
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ဖိလစ်ပိုင်အစိုးရ သင်္ဘောများသည် သီတူကျွန်း၏ မြောက်ဘက် ဆန်ဒီကေး (Sandy Cay) ကျောက်တန်းအနီးရှိ ရေပြင်များအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောအနီးသို့ အန္တရာယ်ကြီးစွာဖြင့် ချဉ်းကပ် လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောချင်း တိုက်မိမှုအတွက် ဖိလစ်ပိုင်သင်္ဘောတွင် အပြည့်အဝ တာဝန်ရှိကြောင်းလည်း တရုတ်က ထုတ်ပြန်ခဲ့သည်။
မကြာသေးမီ လများအတွင်း တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောများကြား မကြာခဏ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် လကလည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းသည် တရုတ်၏ ထိန်းချုပ်မှုအောက်ရှိ စကာဘိုရော့ချ် သောင်ခုံ (Scarborough Shoal) အနီးတွင် ဖိလစ်ပိုင် အစိုးရပိုင် သင်္ဘောတစ်စင်းကို မီးသတ် ပိုက်ဖြင့် ပက်ဖျန်းခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။
သြဂုတ်လ အတွင်းကလည်း တရုတ်ရေတပ် သင်္ဘောတစ်စင်းသည် စကာဘိုရော့ချ် သောင်ခုံအနီးတွင် ဖိလစ်ပိုင် ကင်းလှည့် သင်္ဘောကို နောက်ယောင်ခံလိုက်ချိန်တွင် အခြားတရုတ်သင်္ဘော တစ်စင်းနှင့် တိုက်မိခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 252
CNI International News
ကာဘူးလ်၊ အောက်တိုဘာ ၁၃
အာဖဂန်နစ္စတန်က ၎င်း၏နယ်မြေနှင့် လေပိုင်နက်ကို ထပ်တလဲလဲ ချိုးဖောက်မှုအား တုံ့ပြန်သည့် အနေဖြင့် နယ်စပ် စစ်ဆင်ရေးများအတွင်း ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းက ပါကစ္စတန်သည် ကဘူးလ်မြို့တော်နှင့် နိုင်ငံအရှေ့ပိုင်းရှိ ဈေးတစ်ဈေးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အာဖဂန်အာဏာပိုင်များက စွပ်စွဲပြောကြားခဲ့သည်။
ပါကစ္စတန်က ထိုတိုက်ခိုက်မှုအတွက် ဝန်ခံပြောကြားခြင်း မရှိပေ။
အာဖဂန်တပ်ဖွဲ့များသည် ပါကစ္စတန်စစ်စခန်း ၂၅ ခုကို သိမ်းပိုက်ခဲ့ပြီး ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင် ရှင်းလင်းကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်(Zabihullah Mujahid)က ပြောကြားခဲ့သည်။

အာဖဂန်နဲ့ပါကစ္စတန် နယ်စပ်ကိုတွေ့ရစဉ်
“တရားဝင် နယ်စပ်တွေ အားလုံးနဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်နက်ထဲက အခြေအနေကို ထိန်းချုပ်နိုင်သွားပါပြီ။ တရားမဝင် လှုပ်ရှားမှုတွေကို အကျယ်တဝံ့ ဟန့်တားနိုင်ခဲ့ပါတယ်”ဟု မူဂျာဟစ်က ဆိုသည်။
အာဖဂန်နစ္စတန်ဘက်က ထုတ်ပြန်သည့် သေဆုံးသူ အရေအတွက်နှင့်ပတ်သက်ပြီး ပါကစ္စတန်ဘက်က ချက်ချင်း အတည်ပြုထားခြင်း မရှိပေ။
ပါကစ္စတန်သည် အာဖဂန်နစ္စတန်အတွင်းရှိ နေရာ အများအပြားကို အစောပိုင်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများကို ပစ်မှတ်ထားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တာလီဘန်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏တပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် လက်တုံ့ပြန်တိုက်ခိုက် သည့် စစ်ဆင်ရေး အောင်မြင်ခဲ့သည်ဟု အောက်တိုဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
“အာဖဂန်နစ္စတန်ရဲ့ နယ်မြေပေါင်းစည်းမှုကို တစ်ဖက်က ချိုးဖောက်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ စစ်တပ်က နိုင်ငံ နယ်စပ်ကို ကာကွယ်ဖို့ အပြည့်အဝ ပြင်ဆင်ပြီး အားကောင်းတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ကာကွယ် ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 388
CNI International News
ပဲရစ်၊ အောက်တိုဘာ ၁၁
ဂါဇာတွင် စစ်ပွဲအလွန် အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ အနီးစပ်ဆုံး ဥရောပမဟာမိတ်များနှင့် အာရပ်မိတ်ဖက်နိုင်ငံများက အောက်တိုဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမာ့စ်တို့က သဘောတူခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဥရောပနှင့် အာရပ်နိုင်ငံများက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အစ္စရေးနှင့် ဟားမာ့စ်တို့သည် အောက်တိုဘာ ၉ ရက်က အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေးတို့ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ငြိမ်းချမ်းရေးသည် မည်မျှ တာရှည်ခံမည်ကို မေးခွန်းများ ထွက်ပေါ် နေသည်။
ပဲရစ်မြို့တော်မှာ ပြုလုပ်သည့် အစည်းအဝေး၌ ဥရောပနှင့်အာရပ် နိုင်ငံခြားရေးဝန်ကြီးများက စစ်ပွဲအလွန် ဂါဇာတွင် ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း၌ နိုင်ငံတကာတပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကဲ့သို့ အသေးစိတ် အချက်အလက်များကို ထည့်သွင်းရန် ဆွေးနွေးခဲ့ကြသည်။

ဂါဇာစစ်ပွဲကြောင့် ပျက်စီးမှုကို တွေ့ရစဉ်
“လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး တွေမှာ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ ပါတယ်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုအယ် ဘာရော့ (Jean-Noel Barrot) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိသော်လည်း အစည်းအဝေး၌ ပါဝင်သည့် နိုင်ငံများက စစ်ပွဲအလွန် ဂါဇာဒေသမှာ ပါဝင်ဆောင်ရွက်လိုသော အကြောင်းအရာ များနှင့် ကူညီပေးမည့် ကိစ္စရပ်များကို အထူးပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဒီအချက်အလက်တွေကို အမေရိကန်နဲ့ မျှဝေသွားမှာပါ။ အဲဒါမှ သူတို့လည်း ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဘာရော့က ပြောသည်။
“ဒီအချိန်က ကျမတို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ၊ ဒါပေမယ့် စစ်ပွဲအပြီး အစီအစဉ်တွေအတွက် ကျမတို့ အလုပ်လုပ်ဖို့ လိုပါတယ်။ အဲဒါမှသာ ငြိမ်းချမ်းရေးက ရေရည်တည်တံ့မှာ ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ် (Kaja Kallas ) က ပြောကြားခဲ့သည်။
ပဲရစ် အစည်းအဝေးကို တက်ရောက်ခဲ့ သူများထဲတွင် ဂါဇာ အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူ များထဲ၌ ပါဝင်ခဲ့သည့် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာဟန်အယ်သာနီ (Sheikh Mohammed bin Abdulrahman al-Thani) ၊ အီဂျစ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 173
CNI International News
လီမာ၊ အောက်တိုဘာ ၁၁
ပီရူးလွှတ်တော်သည် အောက်တိုဘာ ၁၀ ရက်က သမ္မတ ဒိုင်နာ ဘော်လာတေး (Dina Boluarte) ကို မဲခွဲပြီး ရာထူးမှ ဖယ်ရှားခဲ့သည်ဟု DW သတင်းဌာနမှ ဖော်ပြခဲ့သည်။
ရာဇဝတ်မှုများကို နှိမ်နင်းနိုင်စွမ်း မရှိသည့် အစိုးရအဖွဲ့၏ အားနည်းချက်အား ကိုးကားပြီး လွှတ်တော်က သမ္မတ ကို မဲခွဲဆုံးဖြတ်၍ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၉ ရက် ညသန်းခေါင်ကတည်းက လွှတ်တော်အမတ်များသည် သမ္မတ ဘော်လာတေးကို မိမိကိုယ်ကိုယ် ခုခံလျှောက်လှဲရန် လွှတ်တော်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။
သို့သော် ဘော်လာတေးသည် လွှတ်တော်သို့ လာရောက်ခဲ့ခြင်း မရှိသဖြင့် လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ပြီး ၎င်းအား သမ္မတရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
သမ္မတအား စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဖယ်ရှားရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ချိန်တွင် လွှတ်တော်အမတ် ၁၂၂ ဦးရှိ သည့်အနက် ၁၁၈ ဦးက သမ္မတကို ရာထူးမှဖယ်ရှားရန် မဲပေးခဲ့သည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ဂျာရီ (Jose Jeri) က ပြောကြားခဲ့သည်။

ပီရူးလွှတ်တော်ကို တွေ့ရစဉ်
“သမ္မတကို စွပ်စွဲပြစ်တင်မှုကို အတည်ပြု လိုက်ပါပြီ။ ဒီနေ့မှာ ကျနော်ဟာ ယာယီသမ္မတအဖြစ် တာဝန် ထမ်းဆောင်သွားပြီး အသွင်ကူးပြောင်းရေးအစိုးရကို ဦးဆောင်သွားမှာပါ” ဟု လွှတ်တော်ဥက္ကဋ္ဌ ဂျာရီက ပြောသည်။
ဂျာရီသည် ယာယီသမ္မတအဖြစ် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ၌ ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီအချိန်အထိ အစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်သည်။
ဘော်လာတေးသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ပီရူးသမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပီရူးနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့သည်။
သို့သော် ၎င်း၏ အစိုးရအဖွဲ့သည် နိုင်ငံအတွင်း မြင့်တက်လာသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် လူသတ်မှုများနှင့် ခြိမ်းခြောက် ငွေညှစ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသဖြင့် ဝေဖန်ခံခဲ့ရသည်။
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လလယ်ပိုင်းကြား ပီရူးတွင် ရာဇဝတ်မှုများကြောင့် လူပေါင်း ၆၀၄၁ ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း လူသေဆုံးမှု အများဆုံး အရေအတွက် ဖြစ်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 185
CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၁၁
အိန္ဒိယက အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ကြေညာခဲ့ကြောင်း DW သတင်းဌာနမှ ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်လည် ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အိန္ဒိယက ၎င်း၏ သံရုံးကို ပိတ်ခဲ့ပြီးနောက် လေးနှစ်အကြာ၌ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။
အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရာခန်း မွက်တာကီ(Amir Khan Muttaqi)နှင့် တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ( S Jaishankar )က ယခုကဲ့သို့ ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
“ကဘူးလ်မြို့တော်မှာရှိတဲ့ အိန္ဒိယသံရုံးကို ပြန်လည်ဖွင့်လှစ်ဖို့ ဝမ်းမြောက် ဂုဏ်ယူစွာ ကြေညာလိုက်ပါတယ်”ဟု ဂျိုင်ရှန်ကာက ဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တာလီဘန်ဝန်ကြီးအတွက် ခရီးသွားလာခွင့် ကင်းလွတ်ခွင့်ကို အတည်ပြုခဲ့ ပြီးနောက် ၆ ရက်အကြာတွင် မက်တာကီက အောက်တိုဘာ ၉ ရက်၌ အိန္ဒိယသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

တာလီဘန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယသံအမတ်ကို တွေ့ရစဉ်
မွက်တာကီ၏ အိန္ဒိယခရီးစဉ်သည် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်လည် ထိန်းချုပ်ပြီးနောက် အကြီးတန်း တာလီဘန် ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အိန္ဒိယခရီးစဉ်ဖြစ်လာသည်။
အိန္ဒိယအစိုးရသည် တာလီဘန်အစိုးရကို အသိအမှတ် မပြုသေးသည့်တိုင် အဓိက သံတမန်လှုပ်ရှားမှု ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။
ကဘူးလ်တွင် ၎င်း၏သံရုံးကို ပိတ်ခဲ့ပြီးနောက် တစ်နှစ်အကြာ၌ အိန္ဒိယက ကုန်သွယ်ရေး၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီကို အာရုံစိုက် လုပ်ဆောင်ရန်အတွက် အသေးစား ကောင်စစ်ဝန်တာဝန်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
တာလီဘန်အစိုးရနှင့် အိန္ဒိယ၏ရန်ဘက် ပါကစ္စတန်ကြား ဆက်ဆံရေး ဆိုးရွားလာစဉ် အိန္ဒိယအစိုးရ၏ အာဖဂန်နစ္စတန်ဆိုင်ရာ မူဝါဒ ပြောင်းလဲလာခဲ့ခြင်းလည်း ဖြစ်သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 225
CNI International News
ဘိုကိုတာ၊ အောက်တိုဘာ ၁၀
ဗင်နီဇွဲလားကမ်းလွန်ရေပြင်တွင် အမေရိကန်စစ်တပ်က အသေးစား သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ရာ၌ ကိုလံဘီယာနိုင်ငံသားများ သေဆုံးသည့် လက္ခဏာများကို တွေ့ရကြောင်း ကိုလံဘီယာသမ္မတ ပက်ထရို (Gustavo Petro) က အောက်တိုဘာ ၈ ရက်မှာ ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
“စစ်ပွဲရဲ့ ရှေ့တန်း စစ်မြေပြင်သစ်တစ်ခု ပေါ်ပေါက်လာပါပြီ။ အဲဒီနေရာကတော့ ကာရစ်ဘီယံဒေသပါ။ နောက်ဆုံး တိုက်ခိုက်ခံရတဲ့ သင်္ဘောက ကိုလံဘီယာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကိုလံဘီယာသင်္ဘောဖြစ်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်”ဟု ပက်ထရိုက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထိုလက္ခဏာများနှင့်ပတ်သက်ပြီး ပက်ထရိုက ရှင်းလင်း ပြောကြားခဲ့ခြင်းမရှိဘဲ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအနေဖြင့် ရှေ့သို့ထွက်ပြီး ထိုအကြောင်းကို သတင်းပို့ကြရန် ပက်ထရိုက တိုက်တွန်းခဲ့သည်။

အမေရိကန် တိုက်ခိုက်ခဲ့တဲ့ သင်္ဘောကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက်များကို ပက်ထရို၏ ရုံးနှင့် ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
အမေရိကန်အစိုးရကလည်း ထိုသင်္ဘောပေါ်တွင် မည်သူမည်ဝါ လိုက်ပါလာသည်ကို ကြေညာခဲ့ခြင်း မရှိဘဲ ယခင် တိုက်ခိုက်ခဲ့သည့် သင်္ဘာများ အကြောင်းကိုလည်း အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။
အောက်တိုဘာ ၃ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) ၏ ကြေညာချက်၌ အသေးစား သင်္ဘောတစ်စင်းသည် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု စွပ်စွဲထားသည်။
ထိုသင်္ဘောအား တိုက်ခိုက်မှုတွင် အမျိုးသား ၄ ဦး သေဆုံးကြောင်း ဟက်ဆက်က ပြောကြားခဲ့သည်။
သို့သော်လည်း သေဆုံး သူများသည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့် အဖွဲ့ဝင်များ ဖြစ်ကြောင်းကိုမူ ကြေညာခဲ့ခြင်း မရှိပေ။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်ကို တွေ့ရစဉ်
အမေရိကန်စစ်တပ်သည် စက်တင်ဘာ ၂ ရက်ကစပြီး ဗင်နီဇွဲလား ကမ်းလွန်ရေပြင်တွင် သင်္ဘောတစ်စင်းကို စတင် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ထိုသင်္ဘောသည် ဗင်နီဇွဲလားနိုင်ငံ၏ Tren de Aragua လူဆိုးဂိုဏ်း၏ သင်္ဘောဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စက်တင်ဘာ ၁၅ ရက်တွင် အမေရိကန်စစ်တပ်သည် ဗင်နီဇွဲလား ကမ်းလွန်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု စွပ်စွဲခဲ့သည့် သင်္ဘောတစ်စင်းကို ထပ်မံ တိုက်ခိုက်ခဲ့သဖြင့် လူ ၃ ဦး သေဆုံးခဲ့သည်။
စက်တင်ဘာ ၁၉ ရက်တွင်လည်း ထရမ့်က အမေရိကန်၏ အကြမ်းဖက်အဖွဲ့ စာရင်းတွင် ပါဝင်သည့် အဖွဲ့နှင့် ဆက်နွှယ်သော သင်္ဘောတစ်စင်းကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လူ ၃ ဦး သေဆုံးခဲ့သည်။
ထရမ့်ကမူ အမေရိကန်စစ်တပ်သည် မူးယစ်ဆေးဝါး မှောင်ခိုကူး သူများကို တရားမဝင် တိုက်ခိုက်ရေး သမားများ အဖြစ် သတ်မှတ်ပြီး နှိမ်နင်းနေခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 253
CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၁၀
အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့သည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ နှင့် အစ္စရေးတို့ ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများ လဲလှယ်ရေးတို့အတွက် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် အစ္စရေးနှင့် ဟားမာ့စ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ထောက်ခံပေးထား သည့် ငြိမ်းချမ်းရေးအစီအစဉ်၏ သတ်မှတ်ချက်များကို အကောင်အထည် ဖော်မည်ဖြစ်သည်။
အီဂျစ်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် သဘောတူညီချက် ရရှိကြောင်း ကြေညာ ခဲ့သည့် အောက်တိုဘာ ၉ ရက်၌ ပူဆွေးသောက ရောက်နေကြသည့် ပါလက်စတိုင်းများသည် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်ကို အားရဝမ်းသာ ကြိုဆိုခဲ့ကြသည်။
အစ္စရေးနိုင်ငံ၏ မြို့များတွင်လည်း ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံများ၏ မိသားစုများက ရှန်ပိန်ပုလင်း များ ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။
၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်အဖွဲ့က အစ္စရေးနိုင်ငံထဲအထိ ဝင်ရောက် တိုက်ခိုက်ခဲ့သော ကြောင့် စတင် ဖြစ်ပွားသော ဂါဇာစစ်ပွဲ အချိန် ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီးနောက် ထရမ့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဂါဇာသို့ အကူအညီများ ပိုမို ဝင်ရောက်လာတော့မည်ဖြစ်သည်။

ဓားစားခံများလွှတ်မြောက်ရေး ဆုတောင်းနေစဉ်
သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာတွင် ဖြန့်ကြက်ချထားသည့် အစ္စရေးစစ်သားများကို ပြန်လည် ရုပ်သိမ်းမည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်၏ အစီအစဉ်တွင် ဖော်ပြထားသည့် အချက်များထဲ၌ ဟားမာ့စ်တို့ လက်နက်စွန့်လွှတ်ရေးနှင့် ဂါဇာ ကို အမေရိကန်သမ္မတ ကိုယ်တိုင် ဦးဆောင်သော အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့က အုပ်ချုပ်မည်ဟူသော အချက်တို့ ပါဝင်နေသည်။
သို့သော် ဂါဇာကို ထရမ့်ဦးဆောင်သော အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့က အုပ်ချုပ်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းတိကျစွာ ကိုင်တွယ်ဖြေရှင်းရခြင်း မရှိသေးပေ။
ငြိမ်းချမ်းရေး သဘောတူညီချက်၏ ပထမအဆင့်အဖြစ် အသက်ရှင်နေဆဲ ဓားစာခံ ၂ဝ ကို ပါလက်စတိုင်း အကျဉ်း သား ၂ဝဝဝ နီးပါးဖြင့် တစ်ချိန်တည်းတွင် လဲလှယ်မည်ဟု ဟားမာ့စ် သတင်းအရင်း အမြစ်တစ်ခုက ပြောကြားခဲ့ပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးနောက် ၇၂ နာရီအတွင်း ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်း သားများ လဲလှယ်မှု ဖြစ်ပေါ်လာမည်ဟု ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 206
CNI International News
ကိယက်ဗ်၊ အောက်တိုဘာ ၉
ရုရှားသည် ယူကရိန်းကို ထောက်လှမ်းရေး သတင်းများ စုဆောင်းရန်နှင့် အဖျက်အမှောက် စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် လောင်စာတင်သင်္ဘောများကို အသုံးပြု၍ ကင်းထောက်လှမ်းနေကြောင်း ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က အောက်တိုဘာ ၇ ရက်တွင် စွပ်စွဲခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဇာလန်းစကီးသည် ယူကရိန်း၏ ပြည်ပထောက်လှမ်းရေး အကြီးအကဲထံမှ အစီအရင်ခံ တင်ပြချက်များကို နားထောင်ခဲ့ပြီးနောက် Telegram လူမှုမီဒီယာတွင် ထိုကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ယူကရိန်းသည် ရုရှား၏ ထောက်လှမ်းမှုများနှင့် ပတ်သက်ပြီး မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဇာလန်းစကီးက ပြောသည်။

“လောလောဆယ်မှာ ရုရှားဟာ လောင်စာတင် သင်္ဘောတွေကို စစ်ပွဲအတွက် ငွေကြေးရဖို့ အတွက်သာ အသုံးပြုနေတာ မဟုတ်ပါဘူး။ ကင်းထောက်လှမ်းမှုတွေ၊ အဖျက်အမှောက် လုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက်ပါ လောင်စာတင်သင်္ဘောတွေကို အသုံးချနေပါတယ်။ ဒါကို လုံးဝ ရပ်တန့်ရပါမယ်” ဟု ဇာလန်းစကီးက ပြောကြား ခဲ့သည်။
ရုရှားသည် လောင်စာတင် သင်္ဘောများကို ရေတပ်၏ ကွပ်ကဲမှုအောက်တွင် ထားရှိပြီး ဥရောပ၌ တည်ငြိမ်မှု ပျက်ပြားစေသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အသုံးချနေသည်ဟု ယူကရိန်း ပြည်ပထောက်လှမ်းရေးအကြီးအကဲ အိုလက် အိုင်ဗက်ရှ်ချန်ကို (Oleh Ivashchenko) က ပြောကြားခဲ့သည်။
“မကြာသေးခင်က ဖြစ်စဉ်တွေမှာ ဒရုန်းတွေကို လောင်စာတင် သင်္ဘောတွေပေါ်က လွှတ်တင်ခဲ့တာတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဆီ အကြောင်းကြား ထားပါတယ်။ မဟာမိတ်တွေရဲ့ တုံ့ပြန်မှုတွေက အရေးကြီးပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
Source: ရိုက်တာ
