- By CNI
- Category: နိုင်ငံရေး
- Hits: 495
CNI International News
အစ္စလာမ်မာဘက်၊ ဧပြီ ၃
ကနေဒါနိုင်ငံအခြေစိုက် သတ္တုတူးဖော်ရေး လုပ်ငန်းဖြစ်သော Barrick Mining ကုမ္ပဏီသည် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံး ရွှေနှင့် ကြေးနီစီမံကိန်းကို တစ်နှစ်ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုစီမံကိန်း၏ နေရာအနီးသည် အီရန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများ၊ အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲတို့ကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းရခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်ကြောင့် ယခင်က ထုတ်ပြန်ကြေညာထားသည့် ဘတ်ဂျက်များနှင့် စီမံကိန်း ကာလများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း Barrick Mining ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ ဘလိုချစ္စတန် (Balochistan) ပြည်နယ်တွင် တည်ရှိသော ရီကိုဒစ် (Reko Diq) စီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော မဖော်ထုတ်ရသေးသည့် ရွှေနှင့် ကြေးနီသိုက်များထဲမှ တစ်ခုဖြစ်သည်။

ပါကစ္စတန်က ရွှေနဲ့ကြေးနီ တူးဖော်ရေးလုပ်ကွက်ကို တွေ့ရစဉ်
Barrick Mining ကုမ္ပဏီသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု အရင်း အနှီး ခွဲဝေချထားမှု အပါအဝင် စီမံကိန်း၏ ကဏ္ဍစုံကို လေ့လာဆန်းစစ်ရန် ဖေဖော်ဝါရီ ၅ ရက်က ကြေညာခဲ့သည့် ကနဦး တွေ့ရှိချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။
ယခုအခါ လေ့လာဆန်းစစ်မှု ကာလကို ဇူလိုင်လမှစပြီး နောက်ထပ် ၁၂ လအထိ သက်တမ်း တိုးသွားမည်ဖြစ်ပြီး စီမံကိန်း ဖော်ဆောင်မှု လုပ်ငန်းစဉ်များကိုလည်း နှေးကွေးစေမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ယခုကဲ့သို့ အချိန်ကာလ တိုးမြှင့်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ပိုမိုအသေးစိတ် ဆန်းစစ်နိုင်မည်ဖြစ်သလို စီမံကိန်း အကောင်အထည်ဖော်မှု မဟာဗျူဟာကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင် နိုင်မည်ဖြစ်ကြောင်း Barrick Mining ကုမ္ပဏီ ဖြည့်စွက်ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 368
CNI International News
ဘဂ္ဂဒက်၊ ဧပြီ ၃
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် တစ်ချိန်က ရေနံလုပ်သားများ၏ အသံများ ရေနံတူးစက်သံများဖြင့် ဆူညံနေခဲ့သည့် အီရတ်နိုင်ငံ၏ ရေနံမြေများသည် ယခုအခါတွင် တိတ်ဆိတ် ခြောက်ကပ်သွားခဲ့ရကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ထား၍ တစ်ချိန်က ကုန်စည်ကူးသန်းမှုများဖြင့် သက်ဝင် လှုပ်ရှားခဲ့သည့် အီရတ်၏ ဆိပ်ကမ်းများသည်လည်း တိတ်ဆိတ်သွားခဲ့သည်။
အီရတ်နိုင်ငံသည် ၎င်း၏ နိုင်ငံတော် ဘတ်ဂျက်၏ ၉၀ ရာခိုင်နှုန်းခန့်အတွက် ရေနံမှ ရရှိသော ဝင်ငွေအပေါ် မှီခို နေရပြီး၊ ၎င်း၏ ရေနံအများစုကို ပါရှန်းပင်လယ်ကွေ့၏ ကျဉ်းမြောင်းသော ထွက်ပေါက်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြားမှတဆင့် တင်ပို့ခြင်းဖြစ်သည်။
ထို့ပြင် အီရန်စစ်ပွဲကြောင့် အီရတ်တောင်ပိုင်းရှိ ဆိပ်ကမ်းများသို့ ရောက်ရှိလာသော ပြည်ပသွင်းကုန် ပမာဏမှာ လည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။
ထို့ကြောင့် အီရန်စစ်ပွဲသည် အီရတ်၏ သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကာ အီရတ်၏ စီးပွားရေး အတွက် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။

အီရတ်ပြည်သူများကိုတွေ့ရစဉ်
စစ်ပွဲဒဏ် ခံနေရသည့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများနှင့် မတူသည့် အချက်မှာ အီရတ်နိုင်ငံတွင် အီရန် လိုလားသော လက်နက်ကိုင် အင်အားစုများသာမက အမေရိကန်၏ အဓိက အကျိုးစီးပွားဖြစ်သော လုပ်ငန်းများပါ အခြေစိုက် တည်ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် အီရန်သည် နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုဒဏ်ကို ခံနေရပြီး စစ်ပွဲ စတင်ကတည်းက အီရတ်တောင်ပိုင်း ဘတ်စရာ (Basra)မြို့တွင် ရေနံထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
ထို့ပြင် အီရတ်နိုင်ငံ၏ ဆိပ်ကမ်းများသို့ ရောက်ရှိလာသော သွင်းကုန်ပမာဏမှာလည်း ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။
လက်ရှိတွင် အီရတ်ရှိ အမေရိကန်ကုမ္ပဏီများနှင့် စစ်အခြေစိုက် စခန်းများကို အီရန်နှင့် အီရန်လိုလားသည့် လက်နက်ကိုင်များက ပစ်မှတ်ထား တိုက်ခိုက်နေသည်။
အီရန်နှင့် မဟာမိတ်ပြုထားသည့် အီရတ်ပြည်သူ့စစ် အဖွဲ့များသည်လည်း ရေနံမြေများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သဖြင့် ပြည်ပနိုင်ငံများမှ အလုပ်သမား အများအပြားမှာလည်း အီရတ်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 282
CNI International News
ဝါရှင်တန်၊ ဧပြီ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အမေရိကန်သည် နေတိုးအဖွဲ့မှ နုတ်ထွက်မည် ဖြစ်ကြောင်း ဧပြီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်နိုင်ငံအနီးရှိ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်အတွက် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများက စစ်သင်္ဘော များ စေလွှတ်ရန် ငြင်းဆိုခဲ့ပြီးနောက် ထရမ့်သည် နေတိုးအဖွဲ့ဝင် နိုင်ငံများကို မကြာခဏ ပြစ်တင်ဝေဖန်ခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ ပြီးဆုံးသွားသည့်နောက်တွင် အမေရိကန်အနေဖြင့် နေတိုး မဟာမိတ်အဖွဲ့ဝင်အဖြစ် ဆက်ရှိနေရန် ပြန်လည်သုံးသပ်ရန် ရှိ/မရှိ The Telegraph သတင်းစာက မေးမြန်းရာတွင် ထရမ့်က “ဟုတ်ပါ တယ်၊ ပြန်လည် သုံးသပ်ရုံတင် မကတော့ဘူးလို့ ကျနော် ပြောချင်ပါတယ်”ဟု ဖြေကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကလည်း မိမိတို့ အနေဖြင့် နေတိုးအဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရန် သင့်၊ မသင့်ကို စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း Fox News သတင်းဌာနကို ပြောကြား ခဲ့သည်။
အေပီသတင်းဌာနက နေတိုးအဖွဲ့ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ချက်ချင်း တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

ဗြိတိန်ဝန်ကြီးချုပ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ကမူ ၎င်း၏အစိုးရသည် နေတိုးအဖွဲ့အပေါ် အပြည့်အဝ အာရုံစိုက်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး နေတိုးအဖွဲ့သည် ကမ္ဘာပေါ်တွင် အထိရောက်ဆုံးနှင့် တစ်ခု တည်းသော စစ်မဟာမိတ်အဖွဲ့ဟု တင်စားခေါ်ဝေါ်ခဲ့သည်။
လက်ရှိတွင် ဥရောပခေါင်းဆောင် အများစုသည် အီရန် စစ်ပွဲကြောင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို ရင်ဆိုင် နေရသည်။
အဘယ်ကြောင့်ဆိုသော် ဥရောပနိုင်ငံများအတွင်း၌ အီရန်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခြင်းနှင့် ကမ္ဘာ့ ရေနံ ထောက်ပံ့မှု ပမာဏ၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အီရန်က ပိတ်ဆို့ထားမှုကြောင့် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်။
“ကျနော့် အပေါ်ဖြစ်စေ၊ တခြားသူတွေ အပေါ်မှာဖြစ်စေ ဘယ်လို ဖိအားတွေပဲရှိပါစေ၊ ဘယ်လို ဆူညံသံတွေပဲ ထွက်ပါစေ၊ ကျနော် ချမှတ်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ဗြိတိန်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါ တယ်”ဟု စတာမာက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 567
CNI International News
ဘေဂျင်း၊ ဧပြီ ၂
ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့သည် အီရန်စစ်ပွဲ အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန် ရည်ရွယ်သည့် အချက် ၅ ချက် ပါဝင်သော အစီအစဉ်တစ်ရပ်ကို မတ်လ ၃၁ ရက် ညပိုင်းက ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ပါကစ္စတန်သည် အမေရိကန်နှင့် အီရန်ကြား စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို အားကောင်းလာစေရန် လုပ်ဆောင်နေချိန်တွင် တရုတ်ကိုပါ ထိုလုပ်ငန်းစဉ်အတွင်း ပါဝင်အောင် စည်းရုံးခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အာရှက်ဒါး (Ishaq Dar) သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ဖိတ်ကြားချက်အရ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အသေးစိတ် ဆွေးနွေးညှိနှိုင်းရန် ဘေဂျင်းသို့ ၁ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အချက် ၅ ချက်ကို တင်ပြခဲ့ကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦးကို တွေ့ရစဉ်
တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးက တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန်နှင့် ပဋိပက္ခများ ပြန့်နှံ့ မသွားစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
ထုတ်ပြန်ချက်တွင် စစ်ဘေးသင့်ဒေသ အားလုံးသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့် ပြုရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံး စတင်ရန်လည်း တောင်းဆိုခဲ့ ကြသည်။
အီရန်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ အမျိုးသား လွတ်လပ် ရေးနှင့် လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းနှင့် သံတမန် နည်းလမ်း ဖြင့် ဖြေရှင်းခြင်းသည်သာ ပဋိပက္ခများကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသော လက်တွေ့ကျသည့် ရွေးချယ်စရာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေချိန်အတွင်း အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်း ရန်နှင့် လက်နက် အသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် အဖွဲ့အစည်းအားလုံးက ကတိ ကဝတ်ပြုပြီး ဆွေးနွေးမှုများ စတင်နိုင်ရေးအတွက် တရုတ်နှင့် ပါကစ္စတန်တို့က သက်ဆိုင်ရာ အဖွဲ့အစည်းများကို ထောက်ခံအားပေးကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
ထို့ပြင် စစ်ရေးနှင့် မသက်ဆိုင်သော အရပ်ဘက် ပစ်မှတ်များ၏ လုံခြုံရေးအတွက်လည်း ဒါးနှင့် ဝမ်တို့က တောင်းဆိုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 248
CNI International News
ဝါရှင်တန်၊ ဧပြီ ၂
ဗင်နီဇွဲလားနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ ရှိလာရမည်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်။
သို့သော် ထိုအခြေအနေသို့ ရောက်ရှိရန်အတွက် စိတ်ရှည်သည်းခံမှုရှိရန် လိုအပ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောဆိုခဲ့သည်။
“နောက်ဆုံးမှာတော့ အကူးအပြောင်းကာလ တစ်ခုရှိလာရမှာပါ။ ဗင်နီဇွဲလားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိလာရပါမယ်။ အဲဒီအချက်ကိုတော့ မဖြစ်မနေ ရောက်ရှိရပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ စိတ်ရှည်ဖို့လိုပေမယ့် ပေါ့ပေါ့ဆဆ နေလို့တော့ မဖြစ်ပါဘူး”ဟု ရူဘီယိုက Fox News Channel နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမိန့်ဖြင့် အမေရိကန်စစ်တပ် သည် ဗင်နီဇွဲလားနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro)အား ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တွေ့ရစဉ်
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကမူ အဆိုပါ စီးနင်းတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုအချိန်က အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်သွားမည်ဟု ထရမ့်က ပြောခဲ့ဖူးသည်။
ထို့နောက် ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) သည် ယာယီသမ္မတအဖြစ် လွှဲပြောင်း ရယူခဲ့ပြီး ယခုအခါ အမေရိကန်၏ ကြီးကြပ်မှုအောက်တွင် ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်လျက်ရှိသည်။
ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်၏ လုပ်ဆောင်ချက်များ အပြီးတွင် ကျူးဘားနိုင်ငံအပေါ် အလားတူ အရေးယူ ဆောင်ရွက်ရန်နှင့် ၎င်း၏ ခေါင်းဆောင်ပိုင်းကို ဖိအားပေးရန် ထရမ့်က ပြောကြားခဲ့သည်။

ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ကျူးဘားနိုင်ငံ အနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပြီး၊ ကျူးဘားနှင့် ပတ်သက်သည့် သတင်းအချက်အလက် အသစ်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။
“ကျူးဘားနိုင်ငံအတွက် အချက်နှစ်ချက် လိုအပ်နေတယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါတွေကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေပါပဲ။ သူတို့ရဲ့ အစိုးရအုပ်ချုပ်ပုံစနစ်ကို မပြောင်းလဲဘူးဆိုရင် သူတို့ရဲ့ စီးပွားရေးကိုလည်း ပြုပြင်လို့ရမှာ မဟုတ်ပါဘူး” ဟု ရူဘီယိုက ပြောကြားခဲ့သည်။
ဇန်နဝါရီလ အစောပိုင်းတွင် မာဒူရိုကို ရာထူးမှ ဖယ်ရှားပြီးနောက် အမေရိကန်သည် ဗင်နီဇွဲလားမှ ကျူးဘားသို့ ရေနံတင်ပို့မှုများကို ဖြတ်တောက်ခဲ့သည်။
ထို့ပြင် ကျူးဘားသို့ ရေနံစိမ်း ပေးပို့သည့် အခြားမည်သည့် နိုင်ငံကိုမဆို ပြင်းထန်သော သွင်းကုန်ခွန်များ ကောက်ခံသွားမည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 302
CNI International News
ဝါရှင်တန်၊ ဧပြီ ၂
အီရန်စစ်ပွဲသည် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
စွမ်းအင်ထောက်ပံ့မှုများကို အနှောင့်အယှက် ဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန်အတွက် သဘောတူညီချက်တစ်ရပ် ရရှိရန်မလိုကြောင်း ၎င်းက ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက် အာရက်ချီ (Abbas Araghchi)က အမေရိကန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ သတင်းစကားများ အပြန်အလှန် ဖလှယ်မှုများ ရှိနေသော်လည်း မည်သည့် ညှိနှိုင်းဆွေးနွေးမှုမျိုးမျှ ပြုလုပ်နေခြင်းမရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခင်က အီရန်သည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီချက်ရရန် တောင်းပန်နေသည်ဟု ထရမ့်က ပြောကြားခဲ့ဖူးသော်လည်း မတ်လ ၃၁ ရက်တွင်မူ ၎င်း၏ လေသံကို ပြောင်းလဲခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ပဋိပက္ခများကို ရပ်တန့်ရန်အတွက် အမေရိကန်အနေဖြင့် အောင်မြင်သော သံတမန်ရေးရာ ရလဒ်တစ်ခုရှိရန် လိုအပ် မလိုအပ် သတင်းထောက်များက အိမ်ဖြူတော်တွင် မေးမြန်းရာ ထရမ့်က “အီရန် အနေနဲ့ သဘောတူညီ ချက်တစ်ခု လုပ်စရာမလိုပါဘူး၊ မလိုအပ်ပါဘူး။ မကြာခင် အချိန်မှာပဲ... ဖြစ်နိုင်ရင် နှစ်ပတ် ဒါမှမဟုတ် သုံးပတ် အတွင်းမှာပဲ အမေရိကန်က တိုက်ခိုက်မှုတွေ အဆုံးသတ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
“သူတို့ ကျောက်ခေတ်ကို ပြန်ရောက်သွားပြီလို့ ကျနော်တို့ ယူဆနိုင်မယ့်အချိန်၊ သူတို့အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်း မရှိတော့မယ့် အချိန်မျိုးကျရင် ကျနော်တို့ တိုက်ခိုက်မှုတွေကို အဆုံးသတ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်နိုင်ငံကမူ ၎င်းတို့၏ နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းသော ရည်ရွယ်ချက် အတွက်သာဖြစ်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်ရန် မည်သည့်အခါကမျှ ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း အစဉ်တစိုက် တုန့်ပြန်ပြောဆိုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
လက်ရှိတွင် ဒေသတွင်း ကူးစက်ပျံ့နှံ့နေပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်းမှ ထရမ့် အနေဖြင့် အလွယ်တကူ ခေါင်းရှောင်ပြီး ထွက်ခွာသွားရန် မလွယ်ကူကြောင်း ကွင်စီ အင်စတီကျု (Quincy Institute)မှ အီရန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ထရီတာ ပါစီ (Trita Parsi) က ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်သည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် ရရှိရေးအတွက် စစ်ရေးအရ ကူညီပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ကြသည့် မဟာမိတ်နိုင်ငံများအား ပြစ်တင် ဝေဖန်ခဲ့သည်။
“ခင်ဗျားတို့ဟာ ကိုယ့်ဘာသာကိုယ် ဘယ်လိုတိုက်ပွဲ ဝင်ရမလဲဆိုတာကို စတင် သင်ယူရတော့မယ်။ ခင်ဗျားတို့က ကျနော်တို့ဘက်မှာ မရှိခဲ့သလိုမျိုးပဲ၊ အမေရိကန်ကလည်း ခင်ဗျားတို့ကို ကူညီဖို့ နောက်ထပ် ရှိနေတော့မှာ မဟုတ်ဘူး။ အီရန်ကတော့ အခြေခံအားဖြင့် ပျက်စီးသွားပါပြီ။ ခက်ခဲတဲ့အပိုင်းက ပြီးသွားပြီ။ ကိုယ့်ဘာသာကိုယ်ပဲ ရေနံတွေကို ရှာကြပေတော့” ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 279
CNI International News
နယူးဒေလီ၊ ဧပြီ ၁
အိန္ဒိယနိုင်ငံတွင် ၁၀ နှစ်လျှင် ၁ ကြိမ် ပြုလုပ်မြဲဖြစ်သော သန်းခေါင်စာရင်း (လူဦးရေစာရင်း) ကောက်ယူမှုကို မူလ က ၂၀၂၁ ခုနှစ်၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း COVID-19 ကပ်ရောဂါကြောင့် ကြန့်ကြာခဲ့ရပြီးနောက် ယခုနှစ် ဧပြီလ ၁ ရက်မှာ စတင်ကောက်ယူတော့မည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယ၏ လူဦးရေကို တစ်ယောက်မကျန် ရေတွက်ရန်အတွက် အစိုးရ ဝန်ထမ်းပေါင်း ၃ သန်းကျော်ကို တာဝန်ပေးအပ်ထားကြောင်း အိန္ဒိယအစိုးရက မတ်လ ၃၀ ရက်တွင် ပြောကြားခဲ့ သည်။
တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကောက်ယူမည့် လူဦးရေစာရင်း ကောက်ယူမှု အစီအစဉ်တွင် အဆင့် (၂) ဆင့် ရှိမည်ဖြစ်သည်။

အိန္ဒိယမှာ လူဦးရေစာရင်း ကောက်ယူနေစဉ်
ပထမအဆင့်တွင် အိမ်ခြေစာရင်းနှင့် အိမ်ရာ အခြေအနေများကို ကောက်ယူမည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ နေထိုင်သူ လူဦးရေနှင့် ၎င်းတို့၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အချက်အလက်များကို ကောက်ယူသွားမည် ဖြစ်ကြောင်း လူဦးရေစာရင်းဆိုင်ရာ မဟာမင်းကြီး မရီတန်ဂျေး ကူးမား နာရာယန် (Mritunjay Kumar Narayan) က သတင်းထောက်များကို ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် လူဦးရေ ၁ ဒသမ ၄ ဘီလျံကျော်ဖြင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ကျွမ်းကျင်သူများနှင့် စီးပွားရေး ပညာရှင်များကမူ အိန္ဒိယနိုင်ငံ၏ လူဦးရေ ပမာဏနှင့်ပတ်သက်ပြီး စိုးရိမ်စရာကိစ္စ တစ်ခုအဖြစ် ရှုမြင်ထားခြင်း မရှိပေ။
အဓိက စီးပွားရေး အင်အားကြီး နိုင်ငံအများစုသည် လုပ်သားအင်အား လျော့နည်းလာခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်း အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် အိန္ဒိယအစိုးရကမူ ၎င်းတို့၏ လူငယ်ဦးရေ အချိုးအစား များပြားမှုကို ကျွမ်းကျင်လုပ်သား အင်အားစုကြီးအဖြစ် ဖန်တီးနိုင်မည့် အခွင့်အလမ်း တစ်ခုအဖြစ် ကာလရှည်ကြာစွာ ဂုဏ်ယူခဲ့သည်။

အိန္ဒိယလူဦးရေကို တွေ့ရစဉ်
ထို့ပြင် ယခု လူဦးရေ စာရင်းတွင် ဇာတ်နိမ့်၊ ဇာတ်မြင့် အသေးစိတ် အချက်အလက်များကိုလည်း ကောက်ယူသွား မည်ဖြစ်ကြောင်း လူဦးရေစာရင်းဆိုင်ရာ မဟာမင်းကြီး နာရာယန်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီကတည်းက တည်ရှိခဲ့သည့် ဇာတ်ခွဲခြားမှုစနစ်သည် အိန္ဒိယနိုင်ငံသားတို့၏ နေ့စဉ် ဘဝနှင့် နိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးကို လွှမ်းမိုးထားသည်။
အိန္ဒိယအစိုးရသည် ၂၀၁၁ ခုနှစ်မှစပြီး လူမှုစီးပွားနှင့် ဇာတ်နိမ့်၊ ဇာတ်မြင့် စာရင်းကောက်ယူမှုကို ပြုလုပ်ခဲ့သော် လည်း ဇာတ်နိမ့်၊ ဇာတ်မြင့်ဆိုင်ရာ အချက်အလက်များကို အပြည့်အဝ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ယခုပြုလုပ်နေသည့် လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ်သည် ၂၀၂၇ ခုနှစ်၊ မတ်လတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားပြီး ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထားသော ဒေတာအများအပြားကို စာရင်း ကောက်ယူ ပြီးစီးပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း နာရာယန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 427
CNI International News
တီဟီရန်၊ ဧပြီ ၁
အမေရိကန်သည် အီရန်၏ အဓိက နျူကလီးယားစက်ရုံ တစ်ရုံတည်ရှိသည့် မြို့ကို မတ်လ ၃၁ ရက်က တိုက်ခိုက် ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အီရန်ကလည်း ပါရှန်းပင်လယ်ကွေ့အတွင်း ရေနံ အပြည့်တင်ထားသည့် ကူဝိတ်ရေနံတင် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား တစ်လကျော်အကြာ ဖြစ်ပွားနေသည့် စစ်ပွဲ၏ အရှိန်ပြင်းထန်မှုကို ပြသရာရောက်နေသည်။
ထိုပဋိပက္ခကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ကွင်းဆက် ကိုလည်း ကြီးမားစွာ အနှောင့်အယှက် ဖြစ်စေခဲ့သလို မတ်လ ၃၁ ရက်တွင် အမေရိကန်နိုင်ငံ၌ ဓာတ်ဆီပျမ်းမျှ ဈေးနှုန်းမှာ တစ်ဂါလန်လျှင် ၄ ဒေါ်လာ ကျော်အထိ ထိုးတက်သွားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အီရန်နှင့် သံတမန်ရေးအရ ဆွေးနွေးမှုများ တိုးတက်မှုရှိနေသည်ဟု ပြောဆိုလေ့ရှိသော်လည်း တစ်ချိန်တည်းမှာပဲ စစ်ပွဲကို ပိုမိုချဲ့ထွင်မည်ဟုလည်း ခြိမ်းခြောက်လျက်ရှိသည်။
ထို့ပြင် ထရမ့်သည် အစ္စဖာဟန် (Isfahan) မြို့ကို တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို Truth Social ကွန်ရက် တွင် မျှဝေခဲ့သည်။

စစ်ပွဲအတွင်း တိုက်ခိုက်ခံရမှုကို တွေ့ရစဉ်
အစ္စဖာဟန်မြို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက အီရန်နှင့် အစ္စရေးကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲတွင် အမေရိကန်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် နျူကလီးယားစက်ရုံ ၃ ခုအနက် စက်ရုံတစ်ခု တည်ရှိရာနေရာ ဖြစ်သည်။
အီရန်၏ အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံ အများစုကို ထိုစက်ရုံတွင် သိုလှောင်ထားနိုင်ကြောင်း ကျွမ်းကျင်သူများ က ယူဆထားကြသည်။
သမ္မတထရမ့်က မကြာမီ အချိန်အတွင်း အပစ်အခတ်ရပ်စဲရေး မရရှိသလို အီရန်အနေဖြင့် ရေလက်ကြားကို ပြန်မဖွင့်ပေးပါက အမေရိကန်အနေဖြင့် ထိုးစစ်ကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်ကြောင်း ယခုသီတင်းပတ်အတွင်း သတိပေးလိုက်သည်။
ထိုးစစ်ချဲ့ထွင်မည့် အစီအစဉ်တွင် အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်း (Kharg Island) ရေနံဆိပ်ကမ်းနှင့် ပင်လယ်ရေငန်မှ ရေချို ပြောင်းလဲထုတ်လုပ်သည့် စက်ရုံများကိုပါ တိုက်ခိုက်သွားမည့် အစီအစဉ်များ ပါဝင်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 520
CNI International News
ဂျာကာတာ၊ ဧပြီ ၁
အင်ဒိုနီးရှားတွင် စက်သုံးဆီများကို နေ့စဉ်ဝယ်ယူခွင့် ကန့်သတ်ချက်များဖြင့် ခွဲတမ်းစနစ် ကျင့်သုံးရန် စဉ်းစား နေကြောင်း အစိုးရက ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကျပ်အတည်းကြောင့် နိုင်ငံတော် ဘတ်ဂျက်အပေါ် ရိုက်ခတ်မှုများကို ထိန်းချုပ်နိုင်ရန် အတွက် အစိုးရ ထောက်ပံ့ကြေး ပေးထားသော စက်သုံးဆီများကို ကားအမျိုးအစားအလိုက် ခွဲတမ်းဖြင့် ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။
အစိုးရ၏ အစီအစဉ်များအရ အင်ဂျင်ပါဝါ ၁၄၀၀ cc နှင့်အထက်ရှိသော ဓာတ်ဆီသုံး ကိုယ်ပိုင်ကားများ၊ အင်ဂျင် ပါဝါ ၂၀၀၀ cc နှင့်အထက်ရှိသော ဒီဇယ်ဆီသုံး ကိုယ်ပိုင်ကားများနှင့် အင်ဂျင်ပါဝါ ၂၅၀ cc နှင့်အထက် ရှိသော အင်ဂျင်ပါဝါမြင့် ဆိုင်ကယ်များသည် ဈေးနှုန်းချိုသာသည့် ဓာတ်ဆီနှင့် ဒီဇယ်တို့ကို ဝယ်ယူခွင့် ရရှိဖွယ်မရှိပေ။
ထို့ပြင် အင်ဂျင်ပါဝါ မည်မျှပင်ရှိစေကာမူ ဈေးနှုန်းမြင့်မားသော ဇိမ်ခံကား အမျိုးအစားအားလုံးကို အစိုးရက ထောက်ပံ့ကြေး ပေးထားသော ဆီဝယ်ယူခွင့် စာရင်းမှ လုံးဝ ပယ်ဖျက်ခံရဖွယ်ရှိသည်။

စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ထိုခွဲတမ်းစနစ်ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် My Pertamina အမည်ရှိ ဝက်ဘ်ဆိုက်ကို အသုံးပြုသွားမည်ဖြစ်သည်။
ယာဉ်ပိုင်ရှင်များသည် ၎င်းတို့၏ ယာဉ်မှတ်ပုံတင်နှင့် အင်ဂျင်ပါဝါ အချက်အလက်များကို ထိုဝက်ဘ်ဆိုက်တွင် ကြိုတင် စာရင်းသွင်းရမည်ဖြစ်ပြီး ဆီဆိုင်များ၌ QR Code ပြသမှသာ သတ်မှတ်ထားသော နေ့စဉ်ခွဲတမ်းအတိုင်း ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။
ကန့်သတ်ချက်အတွင်း အကျုံးဝင်သော်လည်း ဆီဝယ်ယူခွင့်ရှိသည့် ယာဉ်များအတွက် တစ်နေ့တာ အများဆုံး ဝယ်ယူနိုင်သည့် ပမာဏမှာ ကိုယ်ပိုင်ကားငယ်များအတွက် တစ်နေ့လျှင် လီတာ ၄၀ မှ ၆၀ ခန့်၊ အများပြည်သူသုံး ယာဉ်များအတွက် တစ်နေ့လျှင် လီတာ ၈၀ ခန့် သတ်မှတ်ရန် စဉ်းစားနေသည်ဟု ဆိုသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်နေသဖြင့် အခြား အရှေ့တောင် အာရှနိုင်ငံများကလည်း အလားတူ လောင်စာဆီ ထိန်းချုပ်မှုများကို လုပ်ဆောင်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြသည်။
Source: Nikkei Asia
