CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃

အီရန်အစိုးရ၏ ဆန္ဒပြသူများအပေါ် ပြင်းထန်စွာ နှိမ်နင်းမှုများကြောင့် အီရန်ကို စစ်ရေးအရ အရေးယူမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump ) က ခြိမ်းခြောက်ခဲ့ပြီးနောက် လက်ရှိတွင် အီရန် ခေါင်းဆောင်များသည် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းလိုကြောင်း ထရမ့်က ပြောကြားခဲ့သည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသော ဆန္ဒပြပွဲများအတွင်း သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး ၅၄၄ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့ပြီး နောက် ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နှင့် အီရန်ကြား ကာလကြာရှည် ကြားဝင်စေ့စပ်ပေးခဲ့သည့် အိုမန်နိုင်ငံခြားရေးဝန်ကြီးသည် ယခု သီတင်းပတ်ကုန်က အီရန်သို့ သွားရောက်ခဲ့ပြီးနောက် ထိုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း  အီရန် ဘက်ကမူ ချက်ချင်းတုန့်ပြန်မှု မရှိသေးပေ။

အထူးသဖြင့် ထရမ့်က အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပဲ့ထိန်းစနစ် ဒုံးကျည် စီမံကိန်းတို့အပေါ် တင်းကျပ် သော တောင်းဆိုမှုများ ပြုလုပ်ထားသည်။

အီရန်ဘက်ကမူ ၎င်းတို့၏ နျူကလီးယား စီမံကိန်းသည် အမျိုးသား ကာကွယ်ရေးအတွက် အရေးပါသည်ဟု အခိုင်အမာ ဆိုထားသောကြောင့် အီရန်အနေဖြင့် မည်သည့်အချက်ကို ကတိပေးနိုင်မည်ဆိုသည်မှာ မရှင်းလင်း သေးပေ။

အီရန်နိုင်ငံအတွင်း ဆန္ဒပြနေကြစဉ်

လက်ရှိ အချိန်တွင် ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး အခြေအနေများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araghchi) က တီဟီရန်မြို့တော်ရှိ နိုင်ငံခြား သံတမန် များကို အခိုင်အမာ ပြောကြားခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီက ဆန္ဒပြ ဆူပူအုံကြွမှုများအတွက် အစ္စရေးနှင့် အမေရိကန်တို့တွင် တာဝန်ရှိကြောင်း မည်သည့် အထောက်အထားမျှ မပြဘဲ ပြင်းထန်စွာ စွပ်စွဲပြောဆိုခဲ့သည်။

“ဒါကြောင့်မို့လို့ပဲ အမေရိကန်သမ္မတကို ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းပြချက် ပေးနိုင်အောင် ဆန္ဒပြပွဲတွေကို အကြမ်းဖက်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်လာအောင် လုပ်ခဲ့ကြတာပါ” ဟု အာရတ်ချီက ပြောကြားခဲ့ ကြောင်း ကာတာအခြေစိုက် Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံအတွင်း အင်တာနက်လိုင်းများ ဖြတ်တောက် ခံထားရသော်လည်း Al Jazeera သတင်းဌာနကမူ နိုင်ငံ အတွင်းမှနေ၍ တိုက်ရိုက် ထုတ်လွှင့် တင်ပြခွင့် ရရှိထားသည်။

Source: အေပီ