CNI International News

ဘေဂျင်း၊ ဇန်နဝါရီ ၁၃

ဆော်ဒီနှင့် ပါကစ္စတန်ကြား JF-17 တိုက်လေယာဉ် အရောင်းအဝယ်ကိစ္စအတွက် ဆွေးနွေးနေကြောင်း သတင်း များ ထွက်ပေါ်လာသဖြင့် ထိုသတင်းသည် ပင်လယ်ကွေ့ဒေသကို တရုတ်၏ လက်နက်များ တင်ပို့ရေးအတွက် ကြီးမားသည့် အောင်မြင်မှု ဖြစ်လာနိုင်သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ပါကစ္စတန်သည် ဆော်ဒီထံမှ ရယူထားသည့် ချေးငွေ ၂ ဘီလျံကို လေယာဉ်ရောင်းချမှုအဖြစ် ပြောင်းလဲ သတ်မှတ် ရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ပါကစ္စတန်က တရုတ်နှင့် ပူးပေါင်း ထုတ်လုပ်ထားသည့် JF-17 တိုက်လေယာဉ်များကို ဆော်ဒီအား တင်ပို့ကာ ချေးငွေအစား လေယာဉ်များဖြင့် အစားထိုးပေးဆပ်ရန် စီစဉ်နေသည်ဟု ဇန်နဝါရီ ၈ ရက် တွင် ရိုက်တာမှ ဖော်ပြ ခဲ့သည်။

သို့သော် အနောက်နိုင်ငံထုတ် တိုက်လေယာဉ်များကိုသာ အဓိက အသုံးပြုနေသည့် ဆော်ဒီလေတပ်အတွက် JF-17 ကဲ့သို့ လေယာဉ်မျိုးကို လက်ခံ အသုံးပြုရန်မှာ အလှမ်းဝေးနေသေးသဖြင့် ထိုသဘောတူညီချက်သည် အကောင်အထည် ပေါ်လာနိုင်ခြေ ရှိ၊ မရှိ မေးခွန်းများ ထွက်ပေါ်နေသည်။

 ပါကစ္စတန် ဝန်ကြီးချုပ်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ်

JF-17 တိုက်လေယာဉ်သည် ပါကစ္စတန် လေကြောင်းဆိုင်ရာ အဖွဲ့အစည်း (PAC) နှင့် တရုတ်နိုင်ငံ၏ ချန်ဒူး လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (Chengdu Aircraft Corporation) တို့ ပူးပေါင်း ဖန်တီးထားသည့် စတုတ္ထမျိုးဆက် အင်ဂျင်တစ်လုံးတပ် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် အဓိက ထုတ်လုပ် ခြင်း ဖြစ်သည်။

ဆော်ဒီနှင့် ပါကစ္စတန်ကြား ဆွေးနွေးနေသည့် သဘောတူညီချက်အရ စုစုပေါင်း အရောင်းအဝယ် တန်ဖိုးမှာ ဒေါ်လာ ၄ ဘီလီယံ ရှိပြီး အကြွေးအဖြစ်မှ လေယာဉ် အရောင်းအဝယ်အဖြစ် ပြောင်းလဲ သတ်မှတ်မည့် ဒေါ်လာ ၂ ဘီလျံအပြင် ဆော်ဒီသည် စစ်လက်နက် ပစ္စည်းများအတွက် ဒေါ်လာ ၂ ဘီလျံ ထပ်မံ သုံးစွဲသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ပါကစ္စတန်လေတပ်သည် ၂၀၀၇ ခုနှစ်ကတည်းက JF-17 တိုက်လေယာဉ်များကို စတင် အသုံးပြုခဲ့ပြီး လက်ရှိတွင် အစီးရေ ၁၂၀ ခန့် ကို အသုံးပြုလျက်ရှိသည်။

ထိုလေယာဉ်များကို အဇာဘိုင်ဂျန်၊ မြန်မာနှင့် နိုင်ဂျီးရီးယားနိုင်ငံများသို့လည်း တင်ပို့ရောင်းချထားပြီး ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်လက ပါကစ္စတန်သည် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းကို ထိန်းချုပ်ထားသည့် လစ်ဗျား အမျိုးသား တပ်မတော်(LNA) နှင့် ဒေါ်လာ ၄ ဘီလီယံကျော် တန်ဖိုးရှိသော လက်နက် ရောင်းဝယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

JF-17 တိုက်လေယာဉ်ကို တွေ့ရစဉ်

ထိုသဘောတူညီချက်တွင် JF-17 တိုက်လေယာဉ် ၁၆ စင်း ပါဝင်ကြောင်း သိရသည်။

ယခုနောက်ဆုံးထုတ် JF-17 (Block III) တိုက်လေယာဉ်များသည် ပိုမိုစွမ်းအား မြင့်မားသည့် တရုတ်နိုင်ငံထုတ် WS-13 အင်ဂျင်ကို တပ်ဆင်ထားပြီး တရုတ်၏ အဆင့်မြင့် တိုက်လေယာဉ်များဖြစ်သော J-10C, J-16 နှင့် J-20 တို့တွင် အသုံးပြုသည့် ဒုံးကျည်အန္တရာယ် ကြိုတင် သတိပေး စနစ်ကိုလည်း ထည့်သွင်းထားသည်။

ထိုကဲ့သို့ JF-17 တိုက်လေယာဉ်များကို ဆော်ဒီက ဝယ်ယူရန် စဉ်းစားနေခြင်းသည် တရုတ်နိုင်ငံ၏ ဒီဇိုင်းနှင့် နည်းပညာအပေါ်  ခိုင်မာသည့် အသိအမှတ်ပြုမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု Hudson Institute မှ အကြီးတန်း သုတေသနအရာရှိ လစ်ဆဲလ်လော့ အော့ဒ်ဂါ့ဒ် (Liselotte Odgaard) က ပြောကြားခဲ့သည်။

ဆော်ဒီသည် အစဉ်အလာအားဖြင့် အနောက်နိုင်ငံလုပ် လက်နက်များကိုသာ အဓိက ဝယ်ယူလေ့ရှိသဖြင့် ယခု သဘောတူညီချက်သာ ရရှိသွားခဲ့မည်ဆိုပါက တရုတ်နိုင်ငံအတွက် အကြီးမားဆုံး အောင်မြင်မှု ဖြစ်လာနိုင်သည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source: South China Morning Post