CNI International News
အစ္စလာမ်မာဘက်၊ ဇန်နဝါရီ ၉
ပါကစ္စတန်နိုင်ငံက ဆော်ဒီထံမှ ရယူထားသော ချေးငွေ ဒေါ်လာ ၂ ဘီလီယံခန့်ကို JF-17 တိုက်လေယာဉ် အရောင်း အဝယ်အဖြစ် ပြောင်းလဲသတ်မှတ်ရန် နှစ်နိုင်ငံကြား ဆွေးနွေးလျက်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဆော်ဒီနှင့် ပါကစ္စတန်ကြား အပြန်အလှန် ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ယခု အစီအစဉ်သည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေသည့် လုပ်ရပ်တစ်ခုဖြစ်သည်။
ပါကစ္စတန်နိုင်ငံသည် ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ဆော်ဒီကလည်း အရှေ့အလယ်ပိုင်းဒေသ အပေါ် အမေရိကန်၏ ကတိကဝတ်များ မရေရာမှုကြောင့် ၎င်း၏ လုံခြုံရေးဆိုင်ရာ မဟာမိတ်ဖွဲ့မှုများကို ပြန်လည် ပုံဖော်နေချိန်တွင် ယခုဆွေးနွေးမှုများသည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ အကောင်အထည် ဖော်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဆော်ဒီနှင့် ပါကစ္စတန်ကြား အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးမှုများနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ခုကမူ ပါကစ္စတန်သည် ဆော်ဒီထံမှ ရယူထားသည့် ချေးငွေ ဒေါ်လာ ၂ ဘီလျံကို ငွေသားဖြင့် ပြန်လည်ပေးဆပ်ရမည့်အစား ပါကစ္စတန်နှင့် တရုတ် ပူးတွဲထုတ်လုပ်သည့် JF-17 Thunder တိုက်လေယာဉ်များအား ဒေါ်လာ ၂ ဘီလျံဖိုး ထုတ်လုပ်ပေးရမည်ဟု ဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံက ထုတ်လုပ်နေတဲ့ တိုက်လေယာဉ်ကိုတွေ့ရစဉ်
စုစုပေါင်း အရောင်းအဝယ် တန်ဖိုးမှာ ဒေါ်လာ ၄ ဘီလီယံ ရှိပြီး အကြွေးအဖြစ်မှ လေယာဉ် အရောင်းအဝယ်အဖြစ် ပြောင်းလဲသတ်မှတ်မည့် ဒေါ်လာ ၂ ဘီလျံအပြင် ဆော်ဒီသည် စစ်လက်နက်ပစ္စည်းများအတွက် ဒေါ်လာ ၂ ဘီလျံ ထပ်မံ သုံးစွဲသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ပါကစ္စတန် စစ်တပ်၊ ဘဏ္ဍာရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများက ရိုက်တာ သတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိဘဲ ဆော်ဒီအစိုးရမီဒီယာရုံးကလည်း တုန့်ပြန်ခဲ့ ခြင်း မရှိပေ။
ပါကစ္စတန် လေတပ်အကြီးအကဲ ဇာဟီး အာမက် ဘာဘာ ဆီဒူး (Zaheer Ahmed Baber Sidhu) သည် ယခု သီတင်းပတ်အတွင်း ဆော်ဒီသို့ သွားရောက်ခဲ့ပြီး ဆော်ဒီလေတပ်အကြီးအကဲ တာကီ ဘင် ဘန်ဒါ ဘင် အဗ္ဗဒူလာဇစ် (Turki bin Bander bin Abdulaziz) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ပါကစ္စတန် စစ်တပ်က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း လုံခြုံရေး အခြေအနေနှင့် အနာဂတ် တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ သည်။
Source: ရိုက်တာ
