CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်းအား ပြင်းထန်စွာ ဝေဖန်လေ့ရှိသည့် ကိုလံဘီယာ သမ္မတ ဂူစတာဗို ပတ်ထရို (Gustavo Petro) ကို အိမ်ဖြူတော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထရမ့်သည် ဇန်နဝါရီ ၇ ရက်က ပက်ထရိုနှင့် ခင်မင်ရင်းနှီးစွာ ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီးနောက် ၎င်း၏ သဘောထား တင်းမာမှု လျော့ကျသွားသည့်ပုံစံကို ပြသခဲ့သည်။

“မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ကျနော်တို့ကြားက သဘောထား ကွဲလွဲမှုတွေကို ရှင်းပြဖို့ ဖုန်းဆက်လာတဲ့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုနဲ့ စကားပြောရတာဟာ ဂုဏ်ယူစရာပါပဲ” ဟု ထရမ့်က ၎င်း၏ လူမှုမီဒီယာ တွင် ရေးသားခဲ့သည်။

“သူ့ရဲ့ ဖုန်းခေါ်ဆိုမှုနဲ့ ပြောဆိုပုံကို ကျနော် သဘောကျပါတယ်။ မကြာခင်မှာ သူ့ကို တွေ့ဆုံဖို့ မျှော်လင့်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့ပြီး ပက်ထရိုကို အိမ်ဖြူတော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

ထရမ့်သည် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခဲ့ပြီးနောက် ကိုလံဘီယာသမ္မတ ပက်ထရိုကိုလည်း ကိုကင်းများ ထုတ်လုပ်ပြီး အမေရိကန်ကို ရောင်းချရန် ဝါသနာပါသည့် “ကျန်းမာရေး မကောင်း သော လူ”ဟု သုံးနှုန်းပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ လေသံပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ကိုလံဘီယာသမ္မတ ပက်ထရိုကို တွေ့ရစဉ် 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတင်းထောက်တစ်ဦးက အမေရိကန်အနေဖြင့် ကိုလံဘီယာတွင်လည်း ဗင်နီဇွဲလား ကဲ့သို့ အလားတူ စစ်ဆင်ရေးမျိုး လုပ်ဆောင်မည် ဟုတ်၊ မဟုတ် မေးမြန်းရာတွင် ထရမ့်က “အဲဒါက ကျနော့် အတွက်တော့ သဘောကျစရာပဲ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ဝဲယိမ်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပက်ထရိုသည် ထရမ့် အာဏာပြန်ရလာခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ၎င်းတို့နှစ်ဦးကြား အပြန်အလှန် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ဇန်နဝါရီ ၃ ရက်က ဗင်နီဇွဲလားတွင် ပြုလုပ်ခဲ့သည့် အမေရိကန်၏ စစ်ဆင်ရေးကိုလည်း ပက်ထရိုက ပြင်းပြင်းထန် ထန် ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်သည် လက်တင်အမေရိက၏ အချုပ်အခြာအာဏာကို ရွံရှာဖွယ်ကောင်းစွာ ချိုးဖောက် ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထရမ့်အစိုးရကလည်း ပက်ထရိုသည် အမေရိကန်အတွင်းသို့ ကိုကင်းများ ဝင်ရောက်မှုကို တားဆီးရန် ပျက်ကွက်ခဲ့ သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့်နှစ်က ပက်ထရိုနှင့် ၎င်း၏ မိသားစုဝင်များအပေါ်  ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ကိုလံဘီယာနိုင်ငံသည် လက်တင်အမေရိကတွင် အမေရိကန်၏ အခိုင်မာဆုံး မဟာမိတ်ဖြစ်ခဲ့သည်မှာ ကြာမြင့် လှပြီဖြစ်ပြီး အမေရိကန်၏ ပြည်ပမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗျူဟာ၏ ဗဟိုချက်လည်း ဖြစ်သည်။

Source: DW