CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် မဲဆွယ်စည်းရုံးရေးကာလ နောက်ဆုံးသီတင်းပတ်အတွင်း ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ် (Kamala Harris) နှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်က အမေရိကန် နိုင်ငံရေးလောကတွင် နည်းလမ်းဟောင်းတစ်ခုကို အသုံးပြုပြီး မဲဆန္ဒရှင်များအား သူနှင့် ဟားရစ်အား နှိုင်းယှဉ်ပြီး ရွေးချယ်ကြရန် ပြောကြားခဲ့သည်။

ထရမ့်က လွန်ခဲ့သည့် ၄ နှစ်က ၎င်း၏ အစိုးရအဖွဲ့လက်ထက်နှင့် ယခု အစိုးရလက်ထက်တွင် မည်သည့် အစိုးရ လက်အောက်၌ နေထိုင်ရသည်မှာ ပိုမိုကောင်းမွန်သနည်းဟု မဲဆန္ဒရှင်များကို မေးခွန်းထုတ်ခဲ့သည်။

ထို့ကြောင့် ထရမ့်၏ လက်ထက်က အခြေအနေအချို့ကို ပြန်လည် ကြည့်ရှုမည်ဆိုပါက ယခုကဲ့သို့ တွေ့ရမည် ဖြစ်သည်။

ထရမ့်၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် အမေရိကန်ပြည်သူများ၏ ပျမ်းမျှသက်တမ်းသည် ၁ နှစ်နှင့် ၈ လ ကျဆင်းသွားခဲ့သည်ဟု အမျိုးသားကျန်းမာရေး စင်တာ၏ အချက်အလက်များအရ သိရသည်။

အမေရိကန် ကိုဗစ်တားမြစ်ရေးလုပ်နေစဉ်

၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၅၀,၀၀၀ ကျော်ရှိခဲ့သည်။

ထိုအချိန်က အမေရိကန်၏ စီးပွားရေးသည် ဆိုးရွားစွာထိခိုက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအတွင်း ဂျီဒီပီသည် ၂၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် မျှမျှတတ သုံးသပ်ရမည်ဆိုပါက ကပ်ရောဂါမဖြစ်မီ ထရမ့်၏ သမ္မတသက်တမ်းဖြစ်သည့် ၂၀၁၉ ခုနှစ်ကို သုံးသပ်ရမည်ဖြစ်သည်။

သို့သော် ထိုကာလတွင်လည်း အမေရိကန်သည် ကဏ္ဍပေါင်းစုံတွင် အနိမ့်/အမြင့်၊ အတက်/အကျများနှင့် ရောထွေး နေသည့် မှတ်တမ်းများကို တွေ့ရသည်။

ထရမ့်၏ ပထမသက်တမ်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်း နီးပါးရှိကြောင်း မှတ်တမ်းများ တွင် ဖော်ပြထားသည်။

အမေရိကန် ပြည်သူများကို တွေ့ရစဉ်

သို့သော် ၂၀၁၉ ခုနှစ်ကုန်ပိုင်းက အလုံးစုံ စီးပွားရေးကဏ္ဍတွင် ငွေကြေးဖောင်းပွမှုသည် လက်ရှိအချိန်ထက် ၁၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထရမ့်လက်ထက် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်ကာလနှင့် ၂၀၁၈ ခုနှစ် တတိယသုံးလပတ် ကာလများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။

ယခုအစိုးရလက်ထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်ကာလတွင် ၂ ဒသမ ၆၆ ရာခိုင်နှုန်းရှိခဲ့သည်။

အလုံးစုံခြုံငုံ သုံးသပ်ရမည်ဆိုပါက ထရမ့် အစိုးရလက်ထက်တွင် စတော့ရှယ်ယာကဏ္ဍ၊ လုပ်ခလစာ၊ ကုန်စျေးနှုန်း အစရှိသည့် ကဏ္ဍများတွင် ပိုမိုကောင်းမွန်ခဲ့ပြီး ဘိုင်ဒန်အစိုးရ လက်ထက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ အလုပ်အကိုင်ရရှိမှု၊ အတိုးနှုန်း အစရှိသည့် ကဏ္ဍများတွင် ပိုမိုကောင်းမွန်ကြောင်း စစ်တမ်းများ၌ ဖော်ပြထား သည်။

Source: ရိုက်တာ