CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉

တောင်ကိုရီယားသမ္မတ လီဂျေမြောင်က နိုင်ငံအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတဲ့အတွက် ပြည်သူတွေကို တောင်းပန်ခဲ့ပြီး အားကစားအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံး ပြောင်းလဲသွားမယ်လို့ ပြောခဲ့ပါတယ်။ 

လီဂျေမြောင်က “ဒီမျှော်လင့်မထားတဲ့ ရလဒ်တွေကြောင့် ကျနော်အံ့သြပြီး မှင်သက်မိသွားပါတယ်။ အရည်အချင်း မရှိတဲ့သူတွေကို ခေါင်းဆောင်ရာထူးတွေ ခန့်အပ်ထားတဲ့ အချိန်မှာ ရလဒ်တွေက ဒီလိုပဲဖြစ်မှာပါ။ ကြီးမားတဲ့ စိတ်ပျက်မှုတွေအတွက် ပြည်သူတွေကို အနူးအညွတ် တောင်းပန်ပါတယ်။ ဒီလိုမျိုး နောက်ထပ် မဖြစ်အောင် အားကစားအုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ အမြန်ဆုံးလုပ်ဆောင်သွားပါမယ်။ ပြီးခဲ့တဲ့ဖြစ်ရပ် အတွက် စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်သွားမယ်”လို့ X ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းမှာ ချက်အသင်းကို အနိုင်ရခဲ့ပေမယ့် မက္ကဆီကိုနဲ့ တောင်အာဖရိက အသင်းကို အရေးနိမ့်ပြီး တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။ 

တောင်ကိုရီးယားအသင်းကို တွေ့ရစဉ်

တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး တတိယအသင်းတွေထဲမှာလည်း မပါဝင်ခဲ့ တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ တောင်ကိုရီးယားအသင်း ထွက်ခွာခဲ့ရမှုအတွက် နည်းပြ ဟောင်မြောင်ဘိုဟာ အကြီးအကျယ် ဝေဖန်ခံရပြီးနောက် သူလည်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ 

ဟောင်မြောင်ဘိုဟာ တောင်ကိုရီးယားအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုင်တွယ်ခဲ့တုန်းက အုပ်စု အဆင့်ကနေ ကျော်ဖြတ်အောင် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိတာပါ။ 

ဟောင်မြောင်ဘိုကလည်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရမှုအတွက် တောင်ကိုရီးယားပြည်သူတွေအားလုံးကို တောင်းပန်ခဲ့ပါတယ်။ 

ဒါ့အပြင် ဟောင်မြောင်ဘိုက သူချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းက အမြဲတမ်း မှန်ကန်တဲ့အရာ မဟုတ်ပေမယ့် သူချခဲ့တဲ့ ဆုံးဖြတ်ချက် စံနှုန်းတိုင်းက ကိုရီးယားဘောလုံးအတွက် အကောင်းဆုံးလို့ ယုံကြည်တဲ့အရာလို့ ပြောနိုင်ကြောင်း ထွက်ခွာမှုအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

Source: Dailymail