CNI News

၂၀၂၆ ခုနှစ်၊ ဇွန် ၂၆

မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများစုသည် ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်ခြင်း အပါအဝင် အလုပ်လုပ် ကိုင်ရန် သွားရောက်ခြင်းနှင့် စစ်မှုထမ်းဆောင်ကြရခြင်းများကြောင့် ရေရှည်တွင် ပြည်တွင်း၌ လုပ်သားလိုအပ် ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။

မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ယူအေအီးများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံ၌ စက်မှု၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် ကျွမ်းကျင်ပညာရှင်များ ရှားပါးနေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ရေရှည်တွင် မြန်မာနိုင်ငံအနေဖြင့် လုပ်သားရှားပါးမှုပြဿနာ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာပြည်က အခု သန်း ၅၀ ပေါ့။ သန်း ၅၀ တောင် ကျနော်ထင်တယ် သိပ်တောင် ရှိပါ့မလား။ သန်း ၅၀ မှာ၊ သန်း ၂၀ ကတော့ အသက် ၃၅ နဲ့ ၂၀ ကြား တကယ်လုပ်နိုင်တဲ့ အသက်ဝန်းကျင်ပေါ့ဗျာ။ ၁၈ နှစ်နဲ့ ၃၅ ကြား မှာတော့ သန်း ၂၀ ရှိတယ်။ အဲဒီ သန်း ၂၀ မှာ အခုက ပညာသင်တဲ့သူရယ်၊ နိုင်ငံခြား ထွက်တဲ့သူရယ် နုတ်လိုက်ရင် သိပ်မကျန်ဘူး။ နောက် လယ်ယာလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့သူရယ်၊ ဘုန်းကြီးရယ်၊ သာသနာ့ဝန်ထမ်းရယ်၊ နောက်ပြီးတော့မှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်တဲ့သူရယ် ဘာညာဆိုရင် ကျနော်ထင်တယ်၊ ၄,၅,၆ သန်း ပဲ အလုပ်လုပ်နိုင်မယ် ထင်တယ်။ အဲဒီထဲမှာ လုပ်သားရှားပါးမှုကလည်း၊ လူသားအရင်းအမြစ် စွမ်းအားကလည်း ပြဿနာက လာနိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိ အစိုးရသစ် လက်ထက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် အထည်ချုပ်လုပ်ငန်း အစရှိသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်းများ ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်၍ ကောင်းသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရန် လိုအပ်နေသည်။

အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်

ထို့နောက် ထိုင်း၊ မလေးရှား စသည့် နိုင်ငံများထက် မနိမ့်သည့် လုပ်ခလစာ ဖြစ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှသာလျှင် လုပ်သားလိုအပ်ချက် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါတွေက ပြန်လာဖို့ဆိုရင် ကိုယ်က အတင်းလာဟဲ့ လာဟဲ့ဆိုပြီးတော့ ခေါ်လို့မရဘူး။ လာလုပ်တယ် ဆိုတာ တကယ် နည်းနာစနစ် မှန်မှန်ကန်ကန်နဲ့ ကောင်းကောင်းမွန်မွန်နဲ့ အလုပ်လုပ်လို့ရတဲ့ စီးပွားရေး ပတ်ဝန်း ကျင်မျိုးလားဆိုတာ ဒါသည် Question က ကိုယ့်ဘာသာကို ပြန်ဖြေရမယ့် Question လေ။ စီးပွားရေး ပတ်ဝန်း ကျင်ပေါ့၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ကောင်းရင်တော့ ဒီလုပ်သားတွေက ပြန်လာမှာပဲ။ လောလောဆယ်တော့ Labor division ဖြစ်မယ်ဆိုတာ အမှန်ပဲ။ အဓိကတော့ ရေရှည်ကြီးကို စနစ်ကျတဲ့ စဉ်းစားချက်မျိုးတွေ လိုတယ် ဗျ။ ဘတ်ခနဲ ဘတ်ခနဲ အဲဒီလို ပြောတဲ့ဟာမျိုးတွေကျတော့ တကယ်လက်တွေ့မှာ အလုပ်မဖြစ်ဘူးဗျ။ အဓိက တော့ စနစ်တကျ သီအိုရီနဲ့အညီ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ စဉ်းစားဖို့လိုတာပေါ့။ အဓိကတော့ ရင်းနှီး မြှုပ်နှံမှုနဲ့ ပြည်ပထွက်တဲ့သူတွေ ပြန်လာချင်စိတ်ပေါက်တဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ စီးပွားရေး ပတ်ဝန်းကျင် ဖန်းတီးပေးဖို့ လိုတာပေါ့” ဟု ပြောသည်။

အခြေခံလူတန်းစား တစ်ရပ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ လက်ရှိ လုပ်သားစျေးကွက်တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးခြင်းတို့ ကြောင့် ပြည်တွင်း၌ စက်မှုလက်မှု၊ အထည်ချုပ်နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် လုပ်သားလိုအပ်ချက် အဓိက ဖြစ်ပေါ်နေပြီး၊ လုပ်သားအများစုမှာ ထိုင်းနှင့် မလေးရှားစသည့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်လျက် ရှိကြသည်။

အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာသည် အနည်းဆုံး သတ်မှတ်ထားသော နှုန်းထားဖြစ်နေခြင်းကြောင့် လုပ်သားများသည် ပြည်ပသို့ ထွက်ခွာမှု များပြားစေခြင်း ဖြစ်သည်။