CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

တရုတ်၏ ငြိမ်းချမ်းရေး အစီအစဉ်အပေါ် ပူတင်နှင့်ရှီကျင့်ဖျင် ဆွေးနွေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 116
Tweet
Share
share with Telegram

CNI International News

မော်စကို၊ မတ်လ ၂၂

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့သည် ယူကရိန်း ပဋိပက္ခ ကျေအေးစေရေးအတွက် တရုတ်၏ အစီအစဉ်နှင့်ပတ်သတ်၍ ဆွေးနွေးခဲ့သည်ဟု ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က အင်္ဂါနေ့၌ ပြောသည်။

တရုတ်၏ ငြိမ်းချမ်းရေး အစီအစဉ်အပေါ် ပူတင်နှင့် ရှီကြား ဆွေးနွေးမှု တစ်စုံတစ်ရာ တိုးတက်မှု ရှိခဲ့သည်လားဟု သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ထိုကိစ္စနှင့်ပတ်သက်၍ ခန့်မှန်းပြောဆိုမှု လုပ်ဆောင်သွားမည် မဟုတ် ကြောင်း၊ သတင်းမီဒီယာများ အနေဖြင့် ထုတ်ပြန်ချက်များကို စောင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သဘာဝဓာတ်ငွေ့ စာချုပ်များ၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများနှင့် တခြား အကြောင်းအရာများကို ဆွေးနွေးပွဲတွင် ထည့်သွင်းခဲ့ခြင်း ရှိ/မရှိကိုလည်း ဒီမီထရီ ပတ်စ်ကော့ဗ်က ပြောဆိုခဲ့ခြင်း မရှိပေ။

ခေါင်းဆောင်များ အနေဖြင့် ကြေညာချက် ထုတ်ပြန်ရာတွင် ထိုအရာများကို ထည့်သွင်း ဖော်ပြလိမ့်မည်ဟု ၎င်းက ပြောသည်။

ရှီ၏ ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ သီးခြားဆွေးနွေးပွဲ ကျင်းပမည်လားဆိုသည့် မေးခွန်း ကိုလည်း ကာကွယ်ရေးဌာနကိုသာ မေးမြန်းသွားရန် ပတ်စ်ကော့ဗ်က ပြန်လည် ဖြေကြားခဲ့သည်။

 ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

၎င်းသည် သမ္မတ၏ အစီအစဉ်များကိုသာ ဖြေကြားသွားမည် ဖြစ်ကြောင်းနှင့် ဝန်ကြီးများ၏ အစည်းအဝေးကို ကာကွယ်ရေးဌာနကိုသာ မေးရမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ပတ်စ်ကော့ဗ်က ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်ကြာ ခရီးစဉ်အဖြစ် ရုရှားသို့ ရောက်ရှိ နေသည်။

တနင်္လာနေ့တွင် ရှီကျင့်ဖျင်သည် ပူတင်နှင့် သီးသန့်တွေ့ဆုံခဲ့ကာ လေးနာရီခွဲခန့် ကြာမြင့်စွာ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာနသည် ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် ဖေဖော်ဝါရီလတွင် ထုတ်ပြန်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။

ယင်းတွင် အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် ၁၂ ချက်ကို ဖော်ပြထားသည်။

ဆွေးနွေးပွဲများသည်သာ ယူကရိန်းအရေး ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ထိုထုတ်ပြန် ချက်တွင် ဖော်ပြထားပြီး တိုက်ရိုက် တွေ့ဆုံမှုများ ပြန်လည် စတင်နိုင်ရေး နှစ်ဖက်စလုံးကို ထောက်ပံ့ပေးရန်လည်း တောင်းဆိုထားသည်။

Source: တာ့စ်

 

 

 

 

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် မြူးနစ်လုံခြုံရေးညီလာခံကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် (ဓါတ်ပုံ-ရိုက်တာ)

ရုရှားသည် ဆိုဗီယက်နိုင်ငံဟောင်းများပါ ပစ်မှတ်ထားလာနိုင်ကြောင်း ယူကရိန်းသမ္မတ သတိပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 283
Tweet
Share
share with Telegram

CNI International News

မြူးနစ်၊ ဖေဖော်ဝါရီ ၁၈

ယူကရိန်းသည် ရုရှားကျူးကျော်မှု၏ နောက်ဆုံးနိုင်ငံမဟုတ်သည်မှာ ထင်ရှားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားသည်ဟု Aljazeera သတင်းတွင်ဖော်ပြသည်။

ရုရှားတပ်ဖွဲ့များကို တိုက်ထုတ်ရေးအတွက် အထောက်အကူဖြစ်စေရန် အနောက်အုပ်စုမှ လက်နက်များ ပေးပို့ရာတွင် မကြန့်ကြာစေရန်မှာလည်း အရေးကြီးသည်ဟု ၎င်းက ပြောသည်။

အနောက်အုပ်စုက ယူကရိန်းသို့ တင့်ကားများပေးပို့ရန် ဆွေးနွေးနေချိန်တွင်ပင် ရုရှားသည် ယူကရိန်း အနောက်ဘက်ရှိ မော်ဒိုမာနိုင်ငံ(Moldova)အား ကျူးကျော်ရန် နည်းလမ်းများကို စဉ်းစားနေပြီဟုလည်း ၎င်းကပြောသည်။

သောကြာနေ့က မြူးနစ်လုံခြုံရေးညီလာခံသို့ ယူကရိန်းခေါင်းဆောင်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မော်ဒိုဗာနိုင်ငံသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြားတွင် တည်ရှိသည်။ ယင်းသည် ရုရှားနှင့်အနောက် အုပ်စုအားပြိုင်မှုတွင်လည်း ကြားညှပ်လျက် ရှိသည်။

ယူကရိန်းနိုင်ငံ အနောက်ဘက်တွင်တည်ရှိသည့် မော်ဒိုဗာနိုင်ငံ၏ တည်နေရာမြေပုံ

နိုင်ငံအရှေ့ပိုင်းတွင် ရုရှားဘက်မှ တပ်သား ၁၅၀၀ ချထားသည့် ရုရှားလိုးလား၍ ခွဲထွက်လိုနေသော ပြည်နယ် တစ်ခုကြောင့် မော်ဒိုဗာနိုင်ငံတွင်လည်း တင်းမာမှုများ မြင့်တက်လာလျက်ရှိသည်။ ရုရှားသည် မော်ဒိုဗာအစိုးရကို ဖယ်ရှားကာ နိုင်ငံ၏ ဥရောပနှင့်ပူးပေါင်းရေးကို တားဆီးနိုင်ရေး ၎င်းတို့အလိုကျ အသုံးတော်ခံမည့် တရားမဝင် အစိုးရတစ်ရပ်ကို တင်မြှောက်ရန် ကြံစည်နေသည်ဟု မော်ဒိုဗာ သမ္မတ မိုင်အီရာ ဆန်ဒူ (Maia Sandu) က တနင်္လာနေ့တွင် ပြောသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် နိုင်ငံအား အသုံးချရန် ကြံစည်နေသည်ဟုလည်း သူမက စွပ်စွဲသည်။

ကြန့်ကြာမှုများသည် အမြဲတမ်းရှိနေကာ၊ ယင်းသည် အမှားဖြစ်ကြောင်း ဇာလန်းစကီးက သောကြာနေ့ ညီလာခံ တွင်ပြောကာ လက်နက်ပို့ဆောင်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။ ၎င်းသည် ထိပ်သီး နိုင်ငံရေးသမားများ၊ စစ်ဘက်အရာရှိများ၊ လုံခြုံရေးအရာရှိများနှင့် သံတမန်များတက်ရောက်သော လုံခြုံရေး ညီလာခံတွင် အဖွင့်မိန့်ခွန်း ပြောခဲ့သည်။

ထိုသို့ သတိပေးခဲ့စေကာမူ ယူကရိန်းစစ်ပွဲတွင် ရုရှားအနိုင်ရလိမ့်မည်ဟု မထင်ကြောင်းလည်း ယူကရိန်း သမ္မတက ပြောသည်။

Source:Aljazeera

 

 

 

 

ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ရှရှားသမ္မတ ပူတင်

ဇာလန်းစကီးနှင့်ပူတင်တို့ကြား ဆွေးနွေးပွဲများလုပ်ရန်မရှိဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 361
Tweet
Share
share with Telegram

CNI International News

မော်စကို၊ဇန်နဝါရီ ၂၇

ယူကရိန်းသမ္မတ ဇာလန်းစကီး သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးနိုင်သူအဖြစ် မရှိတော့ သည်မှာ ကြာမြင့်ခဲ့ပြီဟု ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောဆို ကြောင်း တာ့စ်သတင်းတွင် ဖော်ပြသည်။

ပူတင်နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် စိတ်မဝင်စားဟု ဇာလန်းစကီး၏ပြောဆိုချက်ကို ပက်စ်ကော့ဗ်က ကြာသပတေးနေ့တွင် တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ဇာလန်းစကီး ပေးခဲ့သည့်ကတိများကို အားလုံးသိကြောင်း၊ ၎င်းကို သမ္မတ အဖြစ် ရွေးချယ်ခဲ့သူများအနေဖြင့် အဆိုပါကတိများကို ပြန်စဉ်းစားရန်မခက်ကြောင်း၊ ဇာလန်းစကီးသည် ဒွန်းဘတ်စ် (Donbass) ပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် မင့်ခ် (Minsk) သဘောတူညီချက်ကို ထပ်မံပြောဆို ခဲ့ကြောင်း၊ ထို့အပြင် ၎င်းသည် အဆိုပါကတိများကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ခြင်းမရှိကြောင်းနှင့် ၎င်း သည် စစ်ဖြစ်ရန်ပြင်ဆင်ခဲ့ကြောင်း ပက်စ်ကော့ဗ်ကပြောသည်။

ယူကရိန်းနိုင်ငံရှိ မာရီယူပေါလ်မြို့ကြီး၏ ပျက်ဆီးနေမှု မြင်ကွင်း(ဓါတ်ပုံ-CNN)

ထို့ကြောင့် ၎င်းသည်သမ္မတ ပူတင်နှင့်ဆွေနွေးပွဲ ကျင်းပနိုင်မည့်သူ မဟုတ်တော့သည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း လည်း ပြောခွင့်ရပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ကြာသပတေးနေ့အစောပိုင်းတွင် ဇာလန်းစကီးသည် Sky News TV ချန်နယ်နှင့်တွေ့ဆုံကာ ယူကရိန်းကို စစ်ပွဲ စတင်ခဲ့ချိန်ကတည်းက ပူတင်သည် ၎င်းအတွက်အရေးပါသူ မဟုတ်တော့ကြောင်းပြောကာ ၎င်းသည် ပူတင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်လုံးဝ စိတ်ဝင်စားမှု မရှိကြောင်းပြောဆိုခဲ့သည်။

ဇာလန်းစကီးသည် ယခင်ကတည်းက ရုရှားနှင့်ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်ရန် တားမြစ်ခဲ့သူဖြစ်သည်။ လက်ရှိအချိန်တွင် ယူကရိန်းနှင့်ရုရှားတို့အကြား ဆွေးနွေးမှုများ လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်းနှင့် မည်သည့် အနေအထားမျိုးတွင်မဆို ထိုသို့ ဖြစ်ရန်အခြေအနေမရှိကြောင်းလည်း ပက်စ်ကော့ဗ်က ပြောသည်။

Source:Tass

 

 

 

 

ယူကရိန်းစစ်သားများသည် ဒွန်နက်ခ်ပြည်နယ် ဘက်ခ်မွတ်မြို့တွင် ရုရှား၏တိုက်ခိုက်မှုကို ခုခံရန် ရှေ့တန်း စစ်မျက်နှာပြင်၌ ဟောင်ဝစ်ဇာများဖြင့် ပစ်ချရန် ပြင်ဆင်နေစဉ်(ဓါတ်ပုံ- ရိုက်တာ)

ဘက်ခ်မွတ်မြို့တွင်တိုက်ပွဲများ အချိန်ပြည့် ဖြစ်ပွား

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 309
Tweet
Share
share with Telegram

CNI International News

ချာဆစ်ယာ၊ မတ်လ ၄

ရုရှားဘက်မှ တိုက်ခိုက်ရေးသမားများကို ခုခံရန်အတွက် အရှေ့ပိုင်း ဘက်ခ်မွတ် (Bakhmut) မြို့တွင် ရှိနေသော ယူကရိန်းတပ်ဖွဲ့များသည် ကတုတ်ကျင်းအသစ်များကို တူးခဲ့သည်ဟု CNA သတင်းတွင် ဖော်ပြသည်။

ဒွန်နက်ခ်ပြည်နယ်တွင်ရှိသော ဘက်ခ်မွတ်မြို့ကိုသိမ်းပိုက်ရန် ရုရှားဘက်က လနှင့်ချီ၍ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ယင်းသည် စစ်ပွဲအတွင်း သွေးထွက်သံယိုဖြစ်ပွားမှု အများဆုံးနေရာများမှ တစ်ခုလည်းဖြစ်သည်။

ဘက်ခ်မွတ်တွင် အချိန်နှင့်အမျှတိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ အရေးတကြီးအခြေအနေတွင် ရှိနေကြောင်း ယူကရိန်းကာကွယ်ရေးတပ်မှ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလိုဒီမီယာ နာဇာရန်ကို (Volodymyr Nazarenko) က ပြောသည်။ ရန်သူဘက်မှအထိအခိုက်စာရင်းကို ထုတ်ပြန်မှုမရှိကြောင်း၊ ဘက်ခ်မွတ်ရှိ ယူကရိန်းတပ်များ၏ တာဝန်မှာ ရန်သူကို များနိုင်သမျှများများ ချေမှုန်းနိုင်ရန်ဖြစ်ကြောင်း၊ ယူကရိန်းနယ်မြေတစ်မီတာစီတိုင်းအတွက် ရန်သူ၏အသက်ပေါင်းများစွာ ပေးဆပ်ရမည်ဟုလည်း ၎င်းက ပြောသည်။

ယူကရိန်းနိုင်ငံ၊ ဒွန်နက်ခ်ပြည်နယ် ဘက်ခ်မွတ်မြို့ရှိ ရှေ့တန်းစစ်မျက်နှာတစ်ခုတွင် ယူကရိန်းစစ်သည်တစ်ဦး ကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့များသည် ဘက်ခ်မွတ် ရှေ့တန်းစစ်မျက်နှာမှ ခရိုင်ငါးခုအတွင်း တိုက်ခိုက်မှုပေါင်း ၈၅ ခုကျော်ကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်မှ သောကြာနေ့တွင်ထုတ်ပြန်သည်။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် နယ်မြေများကို ဆုံးရှုံးခဲ့ရသော ရုရှားသည် ဘက်ခ်မွတ်မြို့အား ရယူခြင်းသည် ဒွန်ဘတ်စ် (Donbas) ဟု ထင်ရှားသော စက်မှုဒေသပတ်ဝန်းကျင်ရှိ တခြားသောနယ်မြေဒေသများကို သိမ်းပိုက်ရန် ခြေလှမ်းဖြစ်လိမ့်မည်ဟု ပြောသည်။

မြို့သည် မဟာဗျူဟာအရ တန်ဖိုးကန့်သတ်ချက်ရှိသော်လည်း ရုရှားတပ်များကို စစ်ပန်းအောင် လုပ်ဆောင်လိုသည်ဟု ယူကရိန်းဘက်က ပြောသည်။ ယင်း၏ အနီးရှိ မြို့ရွာများတွင် ကတုတ်ကျင်းအသစ်များကို တူးခဲ့ပြီး ယင်းသည် ယူကရိန်းတပ်များအနေဖြင့် ခုခံစစ်ကို ပြင်ဆင်နေသည့် လက္ခဏာလည်းဖြစ်သည်။ လက်နက်ခဲယမ်း များကို လိုအပ်ကြောင်း၊ ရန်သူအင်အားသည် လက်နက်အင်အားထက် ပိုများကြောင်း၊ ပိုများသော်ငြားလည်း နည်းပညာလိုအပ်ချက်သည် အရေးပါကြောင်း ယူကရိန်းစစ်တပ်မှ ပြောသည်။

ဒွန်နက်ခ် (Donetsk)၊ ဇာပိုရေးဇီးယား (Zaporizhzhia) နှင့် ခါဆွန်အော်ဘလက်စ် (Kherson Oblasts) တို့တွင် ရုရှားတို့သည် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းနှင့်ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ယူကရိန်းဘက်က စွပ်စွဲသော်လည်း ရုရှားဘက်က ယင်းကို ငြင်းဆိုသည်။

Source:ChannelNewsAsia

 

 

 

 

ရုရှားဒုံးပျံတိုက်ခိုက်မှုအတွင်း လူများစုဝေးရာနေရာအဖြစ် အသုံးပြုထားသည့် မြေအောက်ရထားဘူတာရုံ တစ်ခုတွင် လူများစုဝေးနေထိုင်နေရစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းနိုင်ငံတစ်ဝန်းလုံးကို ရုရှားမှ ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုပြုလုပ်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 303
Tweet
Share
share with Telegram

CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁

ရုရှားတပ်များသည် သောကြောနေ့ အစောပိုင်းတွင် ဗုံးကြဲလေယာဉ်များ၊ ခရုစ်ဒုံးကျည်များနှင့် ဖောက်ခွဲရေး ဒရုန်းများအသုံးပြုကာ ယူကရိန်းနိုင်ငံတလွှား တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ရုရှားတပ်များသည် ကြာသပတေးနေ့ နှောင်းပိုင်းမှစတင်ကာ ခရုစ်ဒုံးကျည် ၇၁ လုံး၊ S-300 ဒုံးကျည် ၃၅ လုံးနှင့် Shahed ဒရုန်း ခုနစ်စင်းတို့ ပစ်လွှတ်ခဲ့သည်ဟု ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗဲလ်လာရီ ဇာလူဇီညီ (Valerii Zaluzhnyi ) က ပြောသည်။
ယူကရိန်းတပ်များက ခရုစ်ဒုံးကျည် ၆၁ လုံးနှင့် ဒရုန်းငါးစင်းကို ပစ်ချနိုင်သည်လည်း သိရသည်။ ရုရှား၏ တိုက်ခိုက် မှုများသည်မဖြစ်မနေ ရပ်တန့်ရမည့် အကြမ်းဖက်မှုဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး က ပြောသည်။ သမ္မတသည် ရုရှား၏ ကျူးကျော်မှုကို ကာကွယ်ရန် အနောက်အုပ်စုထံမှ ထောက်ပံ့မှုများ ပိုမိုရရှိရေးအတွက် စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိသည်။ မြေပြင်အခြေအနေများတွင် ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်း စက်မှုဒေသဖြစ်သော ဒွန်ဘတ်စ် (Donbas) ဒေသကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ယူကရိန်းစစ်ဘက်က ပြောသည်။ ထိုဒေသတွင် လူဟန့်ခ် (Luhansk) နှင့် ဒွန်နက်စ် (Donetsk) ပြည်နယ်များပါဝင်သည်။ ယင်းတွင် ရုရှားကိုလိုလားသော ခွဲထွက်ရေးသမားများသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ ယူကရိန်းအစိုးရကို တိုက်ခိုက်လျက် ရှိသည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့လယ်ခေါင်မြင်ကွင်း(ဓါတ်ပုံ-အေပီ)

ရုရှားတပ်များသည် ဒွန်နက်ခ်၊ ခါဆွန် (Kherson)၊ လူဟန့်ခ်နှင့် ဇာပိုရေးဇီးယား (Zaporizhzhia) ဒေသများ အပါအဝင် စက်တင်ဘာလနှောင်းပိုင်းက ၎င်းတို့ တရားမဝင် သိမ်းပိုက်ထားသော ဧရိယာများအား အပိုင်ထိန်းချုပ် နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ အဆိုပါဒေသများသည် ရုရှားအုပ်ချုပ်မှုကိုကြိုဆိုနေကြသည်ဟုလည်း ရုရှားအရာရှိ များက ပြောသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ကျူးကျော်မှုလုပ်ဆောင်ချိန်တွင် ရည်မှန်းချက်များစွာရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် ရုရှား၏ရည်မှန်းချက်များမှာ လျော့နည်းလာသည်ဟု စစ်ဘက်ဆိုင်ရာပညာရှင်များက ပြောသည်။ ကျူးကျော်မှုပြုလုပ်ချိန်တွင် မြို့တော်ကိယက်ဗ်ကို သိမ်းယူရန်၊ ၎င်းတို့ကြိုးဆွဲရာကမည့် အစိုးရတစ်ရပ်ကို တင်မြှောက်ရန် ရည်ရွယ်ခဲ့သော်ငြားလည်း သိမ်းပိုက်ထားသောဧရိယာများကို ပြန်လည်လက်လွှတ်လိုက်ရမှုနှင့် အတူ စစ်မြေပြင်တွင် ရှုံးနိမ့်မှုများက ရုရှားသမ္မတ ပူတင်ကို အရှက်ရစေခဲ့သည်။

ရုရှားအစိုးရသည်လက်ရှိတွင် ဒွန်ဘတ်စ်ကို အပြည့်အဝထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုများကို အားထည့် ဆောင်ရွက် နေပြီး တိုးတက်မှုနှေးကွေးနေသည့်တိုင် ရှေ့တန်းစစ်မျက်နှာပြင်အသီးသီးတွင် အရေးပါသောနေရာများကို ထိုး စစ်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောသည်။ ဒွန်နက်စ်တွင် ရုရှားစစ်တပ်သည် တပ်သားသစ်များချထားခြင်းနှင့် ထိုးစစ်ဆင်မှုသစ်များကို လုပ်ဆောင်နေသည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။ လူဟန့်ခ်တွင်လည်း ရုရှားစစ်တပ်သည် ယူကရိန်းခံစစ်များကို ထိုးဖောက်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။

Source:AP

 

 

 

 

ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ်နဲ့ တင့်ကားကိုတွေ့ရစဉ် (AP)

ယူကရိန်းကို Leopard တင့်ကားများထောက်ပံ့ရန် ဂျာမနီသဘောတူ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 340
Tweet
Share
share with Telegram

CNI International News

ဘာလင်၊ဇန်နဝါရီ ၂၆

ဂျာမနီအစိုးရသည် ယူကရိန်းသို့ Leopard 2 တင့်ကားများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တခြားနိုင်ငံများ ထိုသို့ ထောက်ပံ့ရန်လည်း သဘောတူကြောင်း ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ် (Olaf Scholz)က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

သီတင်းပတ် အတန်ကြာ တွန့်ဆုတ်နေခဲ့ခြင်းကြောင့် မဟာမိတ်နိုင်ငံများကြား စိတ်မရှည်မှုများ ရှိလာချိန်တွင် ထိုသို့ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ကနဦးတွင် Leopard 2 A6 တင့်ကား တပ်ခွဲတစ်ခု သို့မဟုတ် ၁၄ စင်း ယူကရိန်းသို့ ထောက်ပံ့သွားမည်ဟု ဂျာမနီအစိုးရက ပြောသည်။

ဂျာမနီနှင့် မဟာမိတ်များ၏ ရည်ရွယ်ချက်မှာ တပ်ရင်းနှစ်ခုနှင့်ညီမျှသော တင့်ကား ၈၈ စင်း ထောက်ပံ့ရန် ဖြစ် သည်။ မဟာမိတ်များ၊ နိုင်ငံတကာ မိတ်ဖက်များနှင့် အကြိတ်အနယ် ဆွေးနွေးမှု၏ ရလဒ်ဖြစ်ကြောင်း ရှလော့ဇ်က ဂျာမနီလွှတ်တော် အမတ်များအား ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ်နဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသတင်းအတွက် ဝမ်းမြောက်မိသည်ဟုလည်း ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy) က ပြောသည်။

ဥရောပနိုင်ငံ တချို့ကလည်း ဂျာမနီလုပ် Leopard 2 တင့်ကားများကို ပိုင်ဆိုင်ထားခြင်းကြောင့် ဂျာမနီဘက်က ခွင့်ပြုချိန်တွင် ၎င်းတို့အနေဖြင့် ကိုယ်ပိုင်တင့်ကားများအား ယူကရိန်းသို့ ထောက်ပံ့ ပေးနိုင်မည် ဖြစ်သည်။

ကာလရှည်ကြာ စောင့်စားခဲ့ရသော ဂျာမနီဘက်မှ ကြေညာချက်သည် အမေရိကန်ဘက်က ၎င်းတို့၏ M1 Abrams တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရန် သဘောတူခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်းမှ ရုရှားတို့ကို တိုက်ထုတ်ရေး ယူကရိန်းစစ်တပ်ကို ကူညီပေးရန် အမေရိကန် M1 Abrams တင့်ကားများအား ယူကရိန်းသို့ ပေးပို့ရေးအတွက်လည်း အကြိုသဘောတူညီချက် တစ်ခုကို ရရှိခဲ့ပြီဟု အမေရိကန် အရာရှိများက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

တရားဝင် မဆုံးဖြတ်ရသေးသော ကိစ္စဖြစ်ခြင်းကြောင့် ၎င်းတို့ အမည်များကို မဖော်ပြရန်လည်း အမေရိကန် အရာရှိများက တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ် လွှတ်တော်မိန့်ခွန်းပြောနေစဉ်(AP)

သို့သော် ထိုတင့်ကားများ ယူကရိန်းသို့ မည်သည့်အချိန်တွင် ပေးပို့မည် သို့မဟုတ် ယင်းတို့သည် တိုက်ပွဲတွင် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ဆိုခြင်းကိုတော့ ကွဲကွဲပြားပြား မသိရသေးပေ။

ရုရှားသည်နွေဦး ထိုးစစ်ဆင်မှု တစ်ခုကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ယူကရိန်းသို့ ယခင်ကတည်းက တင့်ကားများ ထောက်ပံ့ခဲ့သော်လည်း ယင်းတို့မှာ ဆိုဗီယက်ခေတ် မော်ဒယ်လ် များဖြစ်သည်။ ယခင်က ရုရှားနှင့် အဆင်ပြေပြီး ယခုချိန်တွင် အနောက်အုပ်စုဘက်သို့ ရောက်ရှိလာသော ဥရောပ နိုင်ငံများက ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
ရုရှားတပ်များကို နှိမ်နင်းရန် ယူကရိန်းတပ်ဖွဲ့များ အနေဖြင့် အနောက်အုပ်စုထုတ် ခေတ်မီ တင့်ကားများ လိုအပ် နေဆဲဖြစ်သည်ဟု ယူကရိန်းဘက်က ပြောထားသည်။

ဂျာမနီ၏ ကြေညာချက် အပေါ် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုကြောင်း ပြောခဲ့သော်လည်း ယင်းသည် အင်မတန်အန္တရာယ်များသည်ဟု ဂျာမနီရှိ ရုရှားသံအမတ်က မှတ်ချက်ပြုသည်။

Source:AP

 

 

 

 

 

ပူတင်ကိုတွေ့ရစဉ်(AP)

အနောက်အုပ်စုကို နျူကလီးယာသတိပေးချက် လုပ်ဆောင်ခဲ့သည့် ပူတင်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 364
Tweet
Share
share with Telegram

CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၂

အထင်ကရ နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အင်္ဂါနေ့တွင် အနောက်အုပ်စုအား သတိပေးမှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

တိုက်ပွဲတွင် မဟာဗျူဟာမြောက် စနစ်သစ်များ ကျင့်သုံးသွားမည်ဟု ပူတင်က ကြေညာခဲ့ပြီး နျူကလီးယား စမ်းသပ်မှုများကို ပြန်လည် စတင်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

ဆယ်စုနှစ် ခြောက်ခုအတွင်း အနောက်အုပ်စုနှင့် အကြီးမားဆုံး ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေခဲ့သော ကျူးကျော် စစ်ကို အမိန့်ပေးခဲ့သည်။

ထို့နောက် ကျူးကျော်စစ် တစ်နှစ်နီးပါးအကြာတွင် ပူတင်က ရုရှားသည် ၎င်း၏ ရည်ရွယ်ချက်များကို အောင်မြင်နိုင်သည်ဟု ပြောကြားခဲ့သလို အနောက်အုပ်စုသည် ရုရှားအား ဖျက်ဆီးရန် ကြိုးပမ်းနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

အနောက်အုပ်စု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်လာရကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ပွဲအတွင်း ရုရှား ကို အနိုင်ယူရန် မဖြစ်နိုင်သည်ကိုလည်း သဘောပေါက်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးသမားများနှင့် စစ်တပ်အရာရှိများ ကို ပူတင်က ပြောသည်။

အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားနဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်ကိုတွေ့ ရစဉ် (GETTY IMAGES)

အမေရိကန်သည် ယူကရိန်းစစ်ပွဲအား ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်စေအောင် ကြိုးပမ်းနေသည်ဟု စွပ်စွဲကာ ရုရှားသည် New START သဘောတူညီချက်တွင် ပါဝင်မှုကို ရပ်ဆိုင်းလိုက်ပြီဟု ပူတင်က ကြေညာသည်။

ယင်းသည် ရုရှားနှင့်အမေရိကန်တို့ကြား နောက်ဆုံးရရှိထားသော လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အရေးပါသည့် သဘောတူညီချက် ဖြစ်သည်။

အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား (Barack Obama) နှင့် ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) တို့ ၂၀၁၀ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သော ထိုသဘောတူညီချက်သည် နိုင်ငံများ၏ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်မှု အရေအတွက်ကို ထိန်းချုပ်ထားသည်။

၂၀၂၆ တွင် သက်တမ်းကုန်ဆုံးမည့် ယင်းသဘောတူညီချက်သည် တစ်ဖက်နိုင်ငံ၏ နျူကလီးယား လက်နက်များ ကို အပြန်အလှန် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် စစ်ဆေးနိုင်ရေးအတွက်လည်း ခွင့်ပြုပေးထားသည်။

သို့သော် ယူကရိန်းပဋိပက္ခ စတင်ချိန်ကတည်းက ထိုသို့ စစ်ဆေးမှုများ အဆုံးသတ်သွားခဲ့သည်။ ပူတင်၏ လုပ်ရပ်သည် ပြင်းထန်သော ဆိုးရွားမှု၊ တာဝန်မဲ့မှု ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောသည်။

အမေရိကန်သမ္မတဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

ကမ္ဘာကြီးကို အန္တရာယ်ရှိသော နေရာအဖြစ် ပြောင်းလဲစေနိုင်သော ထိုဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားရန်လည်း နေတိုးအဖွဲ့ အတွင်းရေးမှူးက ပူတင်အား တိုက်တွန်းခဲ့သည်။

တိုက်ခိုက်ရေး တာဝန်များတွင် မြေပြင်အခြေစိုက် မဟာဗျူဟာမြောက် စနစ်များကို ထည့်သွင်းသည့် ဒီဂရီတစ်ခု ကို ပြီးခဲ့သည့် သီတင်းပတ်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ၎င်းက ပြောသော်လည်း မည်သည့်စနစ်ကို ရည်ညွှန်းသလဲ မသိရသေးပေ။

ယူကရိန်းသည် နျူကလီးယား ဗုံးကြဲလေယာဉ်များ ထားရှိရာ ရုရှားအတွင်းပိုင်းမှ စစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟုလည်း ပူတင်က စွပ်စွဲသည်။

Engels လေတပ်စခန်းကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

Source: Reuters

 

 

 

 

ချေချင်းညာခေါင်းဆောင် ရမ်ဇန်ရာဒီရော့ဗ်ကိုတွေ့ရစဉ်

၂၀၂၃ မကုန်ခင် ရုရှားအနိုင်ရလိမ့်မည်ဟု ချေချင်းညာခေါင်းဆောင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 338
Tweet
Share
share with Telegram

CNI International News

ဂရို့ဇ်နီ၊ ဖေဖော်ဝါရီ ၈

ယူကရိန်းတွင် လုပ်ဆောင်နေသော ရုရှား၏ အထူးစစ်ဆင်ရေးသည် ယခုနှစ် နှောင်းပိုင်းမတိုင်ခင် ပြီးဆုံးသွားလိမ့် မည်ဟု ချေချင်းညာခေါင်းဆောင် ရမ်ဇန် ရာဒီရော့ဗ် (Ramzan Kadyrov) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

မြောက်ပိုင်း ကော့ကေးဆတ် (North Caucasian) ၏ အမျိုးသားမူဝါဒ၊ နိုင်ငံခြားရေးရာ၊ သတင်းအချက်အလက် ဝန်ကြီး အက်ခ်မက် ဒူဒီအက်ဗ် (Akhmed Dudyaev) နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းစစ်ပွဲ ရှေ့တန်းတစ်နေရာကိုတွေ့ရစဉ်

ဥရောပနှင့် ဥရောပမှ တိုက်ပွဲများ မည်သည့်အချိန်တွင် ပြန်စလာနိုင်လဲဟု မေးမြန်းခဲ့ရာ ကာဒီရော့ဗ်က အထူး စစ်ဆင်ရေးသည် ယခုနှစ် မကုန်ဆုံးခင် အဆုံးသတ် သွားမည်ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများသည် ၎င်းတို့ မှားသည် ဟု ဝန်ခံလာကြောင်း၊ အနောက်အုပ်စုလည်း ဒူးထောက်ရမည်ဖြစ်ကြောင်း၊ ဥရောပ နိုင်ငံများသည် ယခင်အတိုင်း ရုရှားနှင့် လာရောက် ပူးပေါင်းရမည်ဖြစ်ကြောင်း၊ ၎င်းတို့တွင် တခြားရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ကြောင်း ချေချင်းညာခေါင်းဆောင် ရမ်ဇန် ရာဒီရော့ဗ်က ပြန်လည်ဖြေကြားခဲ့သည်။

ရုရှားသည် ယူကရိန်းကို နေတိုးအုပ်စုအတွင်း ဝင်ရောက်မည်ကို လက်မခံရာကနေ အငြင်းပွား၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင်း စတင် ကျူးကျော်တိုက်ခိုက်လာခဲ့ရာ ယခု တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

အဆိုပါ စစ်ပွဲတွင် ချေချင်းညာ စစ်သားများသည် ရုရှားဘက်ကနေ တိုက်ခိုက်ပေးလျက်ရှိသည်။ ထို့နောက် ချေချင်းညာ ခေါင်းဆောင်က ယခုနှစ်ကုန်တွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်၍ ရုရှားအနိုင်ယူလိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

Source: တာ့စ်

 

 

 

ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှီရို မိုရီကို ၂၀၀၁ ခုနှစ်က မြင်တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ယူကရိန်းအရေးတွင် ရုရှား ရှုံးနိုင်ဖွယ်မရှိဟု ဂျပန်ဝန်ကြီးချုပ်ဟောင်း သုံးသပ်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 363
Tweet
Share
share with Telegram

CNI International News

တိုကျို၊ဇန်နဝါရီ ၂၆

ယူကရိန်းစစ်ပွဲတွင် ရုရှားတို့ ရှုံးနိမ့်ရန်မှာ ဖြစ်နိုင်ခြေနည်းပါးကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှီရို မိုရီ (Yoshiro Mori) က ပြောကြားပြီးနောက် ဂျပန်ပါဝင်နေသော အမေရိကန်ဦးဆောင်သည့် ယူကရိန်းထောက်ပံ့ရေး လုပ်ငန်းကိုလည်း မေးခွန်းထုတ်ခဲ့သည်ဟု အာရ်တီသတင်းတွင် ဖော်ပြသည်။

ရုရှားအနေဖြင့် ယခုစစ်ပွဲတွင် ရှုံးနိမ့်ရန်ဖြစ်နိုင်ခြင်း မရှိကြောင်းကို ဝန်ကြီးချုပ်ဟောင်းက ဗုဒ္ဓဟူးနေ့ တိုကျိုရှိ ဂျပန်-အိန္ဒိယ အဖွဲ့အစည်းအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဂျပန်အစိုးရအနေဖြင့် အဘယ့်ကြောင့် ရုရှားနှင့်ဆက်ဆံရေးကိုဖျက်ဆီးရန် ဆန္ဒရှိနေသလဲဆိုသည်ကို နားမလည် နိုင်ကြောင်းလည်း အသက် ၈၅ နှစ်အရွယ် နိုင်ငံရေးသမားကြီးက ပြောသည်။

ရုရှားနှင့်ဂျပန်တို့တွင် မဖြေရှင်းရသေးသော နိုင်ငံပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုရှိနေပြီး ထိုနှစ်နိုင်ငံသည် လုပ်ထုံး လုပ်နည်းများအရ စစ်ဖြစ်နေဆဲဖြစ်သည်။ မိုရီသည် ဝန်ကြီးချုပ်အဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တစ်နှစ်ကျော်သာထမ်းဆောင်ခဲ့သူဖြစ်ကာ ၎င်း၏ သက်တမ်းသည်လည်း ပြောဆို၊လုပ်ကိုင်ပုံ မှားယွင်းမှုများ အပေါ် မီဒီယာများ၏ထောက်ပြမှုများဖြင့် ကုန်ဆုံးခဲ့ရသည်။ ရာထူးမှ နုတ်ထွက်သွားချိန်တွင် ၎င်းသည် ၂၀၂၀ နွေရာသီအိုလံပစ်ကျင်းပရေးအဖွဲ့အား ဦးဆောင်ရန်ရွေးချယ်ခြင်းခံခဲ့ရသည်။

ယူကရိန်းနိုင်ငံ Kryvyi Rih မြို့တွင် ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးများအကြား ဝမ်းနည်းစွာ ငိုကြွေးနေသည့် ယူကရိန်းနိုင်ငံသူ သက်ကြီးရွယ်အိုတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ဝေဖန်ခံရမှုအကြားမှာပင် မိုရီသည် ရုရှားအစိုးရနှင့်ကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့သည်။ မြို့ငယ်လေးတစ်ခုတွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မိုရီ၏ဖခင်ဖြစ်သူသည် ဆိုဗီယက် ပြည်ထောင်စုရှိ ဂျပန်စစ်သားများ၏ အုတ်ဂူများကို ထိန်းသိမ်းလိုခဲ့သူဖြစ်သည်။ ၎င်းသည် တူညီသော သဘောထားရှိသည့် ရုရှားမိတ်ဆွေများစွာနှင့် တွေ့ခဲ့ရပြီး ၎င်းကွယ်လွန်ချိန်တွင် အရိုးပြာတစ်ချို့ကို ရုရှားတွင် မြုပ်နှံပေးရန်အထိ တောင်းဆိုခဲ့သူလည်းဖြစ်သည်။

မိုရီငယ်ရွယ်စဉ်အချိန်အခါမှာလည်း ရုရှားသမ္မတပူတင်နှင့်ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ကာ ၎င်းသည် ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ၂၀၁၇ ရုရှားခရီးစဉ်အတွက် လိုအပ်သည်များကိုပင် စီစဉ်ပေးခဲ့ရသည်ဟု သိရ သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်လို့ အမေရိကန်နှင့်ဥရောပမှ သတင်းရင်းမြစ်များကို မှီငြမ်းကာ တစ်ဖက် သတ် သတင်းထုတ်ပြန်မှု လုပ်ဆောင်နေသည်ဟု နိုဝင်ဘာလတွင် နိုရီက ၎င်း၏ယူဆချက်နှင့် ပတ်သက်၍ ဂျပန်မီဒီယာများကို ပြောခဲ့သည်။ ယူကရိန်းပြည်သူမြောက်များစွာကို ထိခိုက်စေခဲ့သော်လည်း ပူတင်သည် ဝေဖန်မခံရသင့်ဟု ၎င်းကယူဆသည်။

တနင်္လာနေ့ လွှတ်တော်မိန့်ခွန်းတစ်ခုတွင် လက်ရှိဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ရုရှားသမ္မတပူတင်ကို ဝေဖန် ခဲ့သည်။ အငြင်းပွားနေသော ကူရီကျွန်းများနှင့်ပတ်သက်၍ ဂျပန်အစိုးရသည် နယ်မြေရေးရာဆိုင်ရာဖြေရှင်းမှု မူဝါဒများကို ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောကာ ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက်ခြင်းဖြင့် ပူတင်သည် နိုင်ငံတကာစည်းမျဉ်၏ အခြေခံအုတ်မြစ်များကို လှုပ်ခါအောင်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ဂျပန်အစိုးရသည် ရုရှားကိုအရေးယူပိတ်ဆို့ခြင်းဖြင့် ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမည်ဟုလည်း ကီရှီဒါက ကတိပြုခဲ့သည်။

Source:အာရ်တီ

 

 

 

 

Page 1 of 12

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Latest News

ယူကရိန်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အိုလံပစ်လူငယ် လက်ဝှေ့သမား

ယူကရိန်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အိုလံပစ်လူငယ် လက်ဝှေ့သမား

28 Mar အားကစား
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာနဲ့ဆွေးနွေးဖို့ အင်ဒိုနီးရှားစီစဉ်

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာနဲ့ဆွေးနွေးဖို့ အင်ဒိုနီးရှားစီစဉ်

28 Mar အားကစား
သင်္ကြန်ရုံးပိတ်ရက်ကာလ စစ်တွေမှ ရန်ကုန်ပြန်သည့် ခရီးသွားနည်း၍ ယာဉ်စီးခတိုးမြှင့်

သင်္ကြန်ရုံးပိတ်ရက်ကာလ စစ်တွေမှ ရန်ကုန်ပြန်သည့် ခရီးသွားနည်း၍ ယာဉ်စီးခတိုးမြှင့်

28 Mar စီးပွားရေး
စပါးနဲ့ ခရီးစဉ်ပြီးဆုံးသွားပြီလို့ ကွန်တီ နှုတ်ဆက်

စပါးနဲ့ ခရီးစဉ်ပြီးဆုံးသွားပြီလို့ ကွန်တီ နှုတ်ဆက်

28 Mar အားကစား
မက်ဆီကို ပုံတူရုပ်တုပြုလုပ်ပြီး CONMEBOL ဂုဏ်ပြု

မက်ဆီကို ပုံတူရုပ်တုပြုလုပ်ပြီး CONMEBOL ဂုဏ်ပြု

28 Mar အားကစား
CNI
  1. You are here:  
  2. Home
  3. ရုရှား-ယူကရိန်းအရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar