CNI International News

ဘာလင်၊ဇန်နဝါရီ ၂၆

ဂျာမနီအစိုးရသည် ယူကရိန်းသို့ Leopard 2 တင့်ကားများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တခြားနိုင်ငံများ ထိုသို့ ထောက်ပံ့ရန်လည်း သဘောတူကြောင်း ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ် (Olaf Scholz)က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

သီတင်းပတ် အတန်ကြာ တွန့်ဆုတ်နေခဲ့ခြင်းကြောင့် မဟာမိတ်နိုင်ငံများကြား စိတ်မရှည်မှုများ ရှိလာချိန်တွင် ထိုသို့ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ကနဦးတွင် Leopard 2 A6 တင့်ကား တပ်ခွဲတစ်ခု သို့မဟုတ် ၁၄ စင်း ယူကရိန်းသို့ ထောက်ပံ့သွားမည်ဟု ဂျာမနီအစိုးရက ပြောသည်။

ဂျာမနီနှင့် မဟာမိတ်များ၏ ရည်ရွယ်ချက်မှာ တပ်ရင်းနှစ်ခုနှင့်ညီမျှသော တင့်ကား ၈၈ စင်း ထောက်ပံ့ရန် ဖြစ် သည်။ မဟာမိတ်များ၊ နိုင်ငံတကာ မိတ်ဖက်များနှင့် အကြိတ်အနယ် ဆွေးနွေးမှု၏ ရလဒ်ဖြစ်ကြောင်း ရှလော့ဇ်က ဂျာမနီလွှတ်တော် အမတ်များအား ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ်နဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသတင်းအတွက် ဝမ်းမြောက်မိသည်ဟုလည်း ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy) က ပြောသည်။

ဥရောပနိုင်ငံ တချို့ကလည်း ဂျာမနီလုပ် Leopard 2 တင့်ကားများကို ပိုင်ဆိုင်ထားခြင်းကြောင့် ဂျာမနီဘက်က ခွင့်ပြုချိန်တွင် ၎င်းတို့အနေဖြင့် ကိုယ်ပိုင်တင့်ကားများအား ယူကရိန်းသို့ ထောက်ပံ့ ပေးနိုင်မည် ဖြစ်သည်။

ကာလရှည်ကြာ စောင့်စားခဲ့ရသော ဂျာမနီဘက်မှ ကြေညာချက်သည် အမေရိကန်ဘက်က ၎င်းတို့၏ M1 Abrams တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရန် သဘောတူခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်းမှ ရုရှားတို့ကို တိုက်ထုတ်ရေး ယူကရိန်းစစ်တပ်ကို ကူညီပေးရန် အမေရိကန် M1 Abrams တင့်ကားများအား ယူကရိန်းသို့ ပေးပို့ရေးအတွက်လည်း အကြိုသဘောတူညီချက် တစ်ခုကို ရရှိခဲ့ပြီဟု အမေရိကန် အရာရှိများက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

တရားဝင် မဆုံးဖြတ်ရသေးသော ကိစ္စဖြစ်ခြင်းကြောင့် ၎င်းတို့ အမည်များကို မဖော်ပြရန်လည်း အမေရိကန် အရာရှိများက တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ် လွှတ်တော်မိန့်ခွန်းပြောနေစဉ်(AP)

သို့သော် ထိုတင့်ကားများ ယူကရိန်းသို့ မည်သည့်အချိန်တွင် ပေးပို့မည် သို့မဟုတ် ယင်းတို့သည် တိုက်ပွဲတွင် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ဆိုခြင်းကိုတော့ ကွဲကွဲပြားပြား မသိရသေးပေ။

ရုရှားသည်နွေဦး ထိုးစစ်ဆင်မှု တစ်ခုကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ယူကရိန်းသို့ ယခင်ကတည်းက တင့်ကားများ ထောက်ပံ့ခဲ့သော်လည်း ယင်းတို့မှာ ဆိုဗီယက်ခေတ် မော်ဒယ်လ် များဖြစ်သည်။ ယခင်က ရုရှားနှင့် အဆင်ပြေပြီး ယခုချိန်တွင် အနောက်အုပ်စုဘက်သို့ ရောက်ရှိလာသော ဥရောပ နိုင်ငံများက ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
ရုရှားတပ်များကို နှိမ်နင်းရန် ယူကရိန်းတပ်ဖွဲ့များ အနေဖြင့် အနောက်အုပ်စုထုတ် ခေတ်မီ တင့်ကားများ လိုအပ် နေဆဲဖြစ်သည်ဟု ယူကရိန်းဘက်က ပြောထားသည်။

ဂျာမနီ၏ ကြေညာချက် အပေါ် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုကြောင်း ပြောခဲ့သော်လည်း ယင်းသည် အင်မတန်အန္တရာယ်များသည်ဟု ဂျာမနီရှိ ရုရှားသံအမတ်က မှတ်ချက်ပြုသည်။

Source:AP