CNI International News

ဘာလင်၊ ဇန်နဝါရီ ၇

ဂျာမနီအစိုးရအနေဖြင့် ယခုနှစ် ပထမသုံးလအတွင်း ယူကရိန်းသို့ မာဒါ (Mardar) ကျည်ကာယာဉ်အစီး ၄၀ ဝန်းကျင် ထောက်ပံ့သွားရန် ရည်ရွယ်ထားသည်ဟု သောကြာနေ့က ပြောကြောင်း AP သတင်းတွင်ဖော်ပြသည်။

ဂျာမနီအဓိပတိ အိုလပ်ဇ် ရွိုင်း (Olaf Scholz) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ကြား ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ဂျာမနီဘက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကာ ၎င်းမှာယူကရိန်းကို လက်နက် ထောက်ပံ့ရေးနှင့်ပတ်သက်၍ ဂျာမနီအစိုးရ၏ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုလည်း ဖြစ်သည်။

အဆိုပါယာဉ်အစင်း ၄၀ သည် ယူကရိန်းသို့ ပို့ဆောင်ရန် ယခုနှစ် ပထမ ၃ လပတ်အတွင်း အဆင်သင့်ဖြစ်နေရ မည်ဟု ရွိုင်း၏ပြောခွင့်ရပုဂ္ဂိုလ် စတဲဖန် ဟေဘစ်စတိုင်းမ် (Steffen Hebestreit) က ပြောသည်။ ဂျာမနီသည် ယာဉ်များကို အသုံးပြုပုံနှင့်ပတ်သက်၍ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်လည်း စီစဉ်ထားပြီး သီတင်းပတ် ရှစ်ပတ်မျှကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ Deir Ezzor ကျေးလက်ဒေသတွင် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း Bradley တိုက်ခိုက်ရေးယာဉ်တစ်စီးကို အမေရိကန်စစ်သားများက မောင်းနှင်လာစဉ်(ဓါတ်ပုံ-အေပီ)

ဟောင်ဝှစ်ဇာများ (howitzer)၊ ဂျပတ်(Gepard) လေယာဉ်ပစ်သေနတ်များနှင့် အိုင်းရစ်-တီ(IRIS-T) မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် တစ်ခုအပါအဝင် ဂျာမနီသည် ယူကရိန်းသို့စစ်ရေးအကူအညီများစွာ ပေးထားခဲ့ပြီးဖြစ်ကာ အဆိုပါ လက်နက်များကို ယခုနှစ်အတွင်းထပ်ပေးရန်လည်း စီစဉ်ထားသည်။

မာဒါ(Marder)ယာဉ်များ၊ တင့်ကားများကဲ့သို့ အနောက်နိုင်ငံလုပ် စစ်ဘက်သုံးယာဉ်များကို ထောက်ပံ့ရန်အတွက် ရွိုင်းသည် စိုးရိမ်မှုများစွာရှိခဲ့ကာ ဂျာမနီတစ်နိုင်ငံတည်းအနေဖြင့် ထိုသို့ထောက်ပံ့မှုများကို မလုပ်ဆောင်နိုင် ကြောင်းလည်း ၎င်းကပြောခဲ့သည်။ တခြားသောနိုင်ငံများသည် မည်သည့်အကူအညီမှ မပေးသေးဟုလည်း အာဏာပိုင်များကပြောသည်။ သို့သော် ယခုသီတင်းပတ်တွင်မှ ပြင်သစ်၊ အမေရိကန်နှင့်ဂျာမနီတို့က အဆိုပါယာဉ် များကိုထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအတွက် မည်သို့မည်ပုံ ထောက်ပံ့ပေးမလဲဆိုသည်နှင့်ပတ်သက်၍ ဒီဇင်ဘာလ အလယ်ပိုင်းမှ စတင်ကာ အမေရိကန်အပြင် တခြားနိုင်ငံများနှင့် ဆွေးနွေးခဲ့သည်ဟု ဟေဘစ်စတိုင်းမ်က ပြောသည်။ အခြေခံ အဆောက် အဦများကို ပစ်မှတ်ထားကာ ရုရှားတို့ဘက်မှ ဗျူဟာပြောင်းလဲလာခြင်း၊ ရာသီဥတု ပူနွေးလာချိန်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်းတို့ကြောင့် ယူကရိန်းသို့ ဆိုဗီယက်ခေတ် လက်နက်များထောက်ပံ့ခြင်းက စစ်ပွဲကို အဆုံးသတ်ရန် ပို၍ကြာမြင့်စေလိမ့်မည်ဟုလည်း ၎င်းက ပြောခဲ့သည်။

Source:AP