CNI International News

ကိယက်ဗ်၊ ဇွန်လ ၁၈

တင့်ကားအစီးရေ ၄၀၀ အပါအဝင် လက်နက်ကြီးသိုလှောင်ထားမှု ၅၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ကြောင်း ယူကရိန်း ကြည်းတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလိုဒီမီယာကာပန်ကို (Volodymyr Karpenko) က ယခု သီတင်းပတ် အစောပိုင်း တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။ ရုရှားထိုးစစ်ကို ခုခံရင်ဆိုင် နေရချိန်အတွင်း ယူကရိန်းဘက်မှ အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားကာကွယ်ရေးမဂ္ဂဇင်းနှင့် အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ရာ ကာပန်ကိုက “တက်ကြွစွာ တိုက်ပွဲဝင်ရင်း စစ်လက်နက်ကိရိယာများ ဆုံးရှုံးမှုမှာ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ တခါတရံ ၅၀ ရာခိုင်နှုန်းအထိ ရှိတတ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်း၏လိုအပ်ချက်များအတိုင်း အနောက်အုပ်စုနိုင်ငံများက ထောက်ပံ့နေခြင်းမဟုတ်ကြောင်း ယူကရိန်း ကာကွယ်ရေးဒုတိယဝန်ကြီး ဒီညက်ရှာရာပေါ့ဗ် (Denys Sharapov) က အလားတူတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဝန်ခံသွားခဲ့သည်။

“လက်နက်ပစ်ခတ်တဲ့စနစ်တွေအများကြီး ကျနော် လက်ခံရရှိပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ဒီလို တန်ဖိုးကြီးအရင်းအမြစ်တွေ ရပေမယ့်လည်း ကျနော်တို့လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း လောက်ပဲ(အနောက်အုပ်စုက) ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု ရှရာပေါ့ဗ်က ပြောကြားခဲ့သည်။

ကိယက်ဗ်အစိုးရ၏လိုအပ်သော လက်နက်ကြီးအရေအတွက်ကို အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိ သော်လည်း အမြောက်စနစ်များ လိုအပ်ချက်မှာ ရာနှင့်ချီကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“အမြောက်တပ်တွေ လိုတယ်။ ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်တွေ၊ တင့်ကားတွေ လိုတယ်။ နောက်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ အမျိုးမျိုးပစ်လွှတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ တကယ့်ကို လိုနေတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပစ်မှတ်ကို တိကျစွာထိမှန်နိုင်စွမ်းရှိပြီး နည်းပညာမြင့်မားသော လက်နက်စနစ်များ ထောက်ပံ့ရေးမှာ အရေးကြီးကြောင်း၊ ထိုစနစ်များသုံး၍ ရန်သူအပေါ် အသာစီးရစေမည်ဟု ယူကရိန်းက ယုံကြည်ကြောင်း ရှရာပေါ့ဗ်က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါစနစ်များကို ပိုင်ရှင်များထံမှ နည်းပညာလွှဲပြောင်းမှုခွင့်ပြုချက်အပါအဝင် ယူကရိန်းသို့ လက်နက်ပို့ပေးရေး အစီအစဉ်နှင့်ပတ်သက်၍ အနောက်နိုင်ငံများ ကိုင်တွယ်ဖြေရှင်းရသည့်ကိစ္စရပ်များကို မိမိတို့သိရှိနားလည်ကြောင်း ယူကရိန်းကာကွယ်ရေးဒုတိယဝန်ကြီးက အသိအမှတ်ပြုပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန