CNI International News

မော်စကို၊ ဇွန်လ ၁၇

မော်စကို(ရုရှား)သည် ကမ္ဘာ့အနောက်နှင့်အရှေ့ နှစ်ခုစလုံးကို အမြဲတမ်း ဆက်ဆံရေး ရှိခဲ့သော်လည်း ယခုအခါ ဥရောပနိုင်ငံ များနှင့် ဆက်ဆံရေးကို မိမိတို့ ဦးစားပေးတော့မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ရုပ်သံ လိုင်း တစ်ခုနှင့် အင်တာဗျူးတွင် အတိအလင်း ပြောကြားခဲ့သည်။

“ကျနော်တို့ အနောက်၊ အရှေ့၊ မြောက်နဲ့တောင်နဲ့ အမြဲတမ်း လက်တွဲ လုပ်ခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေက အဆက် အသွယ် အားလုံး ဖြတ်တောက် လိုက်ကတည်းက ကျနော်တို့က အရင်လိုပဲ အရှေ့တိုင်းနိုင်ငံတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဆက်ဆံ ခဲ့ပါတယ်။ ကျနော်တို့က အရှေ့တိုင်းနဲ့ ဆက်ဆံရေးကို အမြဲတိုးချဲ့နေပါတယ်။ ဒါပေမယ့် အဆုံးစွန်ဆုံးပြောရရင် အရှေ့တိုင်းနဲ့ ဆက်ဆံရေးက ပိုကြီးထွားလာနေပါတယ်။ နှိုင်းယှဉ်ကြည့်ရင်တော့ ဥရောပဟာ ကျနော်တို့ရဲ့ ဦးစားပေး အစီအစဉ်ကနေ ပျောက်သွားခဲ့တာတော့ သေချာပါတယ်” ဟု လာဗရော့က NTV ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်

အဆိုပါ အင်တာဗျူးကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် နိုင်ငံတကာစီးပွားဖိုရမ်၌ လာဗရော့က သီးသန့် ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။

ရို့စ်ကွန်ဂရက် ဖောင်ဒေးရှင်းက စီစဉ်သည့် အဆိုပါ စီးပွားရေးဖိုရမ်ကို ဇွန်လ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပလျက်ရှိသည်။ ယခုနှစ်အတွက် ၎င်းဖိုရမ်ကို “ကမ္ဘာသစ်အတွက် အခွင့်အလမ်းသစ်များ” ဟု အမည်ပေးထားသည်။

ထိုဖိုရမ်၏ အစိတ်အပိုင်းများအဖြစ် SME ဖိုရမ်၊ ဖန်တီးမှု စီးပွားရေးဖိုရမ်၊ မူးယစ်လုံခြုံရေးဖိုရမ်၊ SPIEF လူငယ် စကားဝိုင်းနှင့် SPIEF အားကစား ရက်သတ္တပတ် စသည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။

Source: တာ့စ်သတင်းဌာန