CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
လက်ရှိ ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ အယ်လ်ဂျီးရီးယားအသင်း ကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီက ဟက်ထရစ် ဂိုးဖြစ်တဲ့ ၃ ဂိုးစလုံး သွင်းယူပေးခဲ့ ပါတယ်။
မက်ဆီဟာ ပွဲချိန် ၁၇ မိနစ်၊ မိနစ် ၆၀ နဲ့ ၇၆ မိနစ်တွေမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပွဲပေါင်း ၂၀၀ ပြည့်ခဲ့တဲ့ မက်ဆီဟာ သွင်းဂိုးတွေနဲ့အတူ အသင်းကို အနိုင် ၃ မှတ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲက ဟက်ထရစ်ဟာ မက်ဆီအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ် ဖြစ်ခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ဟက်ထရစ် သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။
ဒါ့အပြင် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ် ပါဝင်ကစားတဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်
မက်ဆီရဲ့ ပြိုင်ဘက်ကြီးဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစား ခဲ့ရင် သူလည်း မက်ဆီနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်အထိ ပါဝင်ကစားတဲ့ မှတ်တမ်းရရှိမှာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲမှာ သွင်းယူတဲ့ ၃ ဂိုးကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးက ၁၆ ဂိုးအထိ ရှိလာခဲ့တာပါ။
အဲ့ဒါကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျာမနီ ဂန္ထဝင် ကလိုဆေးရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီသွားခဲ့ပြီး နောက်ထပ် တစ်ဂိုး သွင်းယူနိုင်ရင် စံချိန်သစ် တင်နိုင်တော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရည်မှန်းထားတဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် ဇွန်လ ၂၂ ရက်မှာ သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
