CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ဂိုးအများဆုံး သွင်းယူတဲ့သူအဖြစ် စံချိန်သစ်မတင်မီ ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့် ဒေါသထွက်ခဲ့ရတယ်လို့ ပြောပါတယ်။
မက်ဆီက “ပယ်နယ်တီ လွဲချော်ခဲ့လို့ ကျနော် အလွန်ဒေါသထွက်ခဲ့ရတဲ့ အခိုက်အတန့်တစ်ခု ဒီပွဲမှာရှိခဲ့ပါတယ်။ ပယ်နယ်တီကို ကျနော် ဆိုးဆိုးရွားရွား ကန်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကျနော်တို့ ဒီအခြေအနေကို ပြောင်းလဲနိုင်ခဲ့ပြီး သွင်းဂိုးတွေရယူကာ ၃ မှတ်ရခဲ့ပါတယ်။ ဒါက အရေးကြီးတယ်”လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းက သြစတြီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲရဲ့ ပွဲချိန် အစောပိုင်းမှာ အာဂျင်တီးနားအသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် မက်ဆီရဲ့ ကန်သွင်းမှု လွဲချော်ခဲ့တာပါ။ မက်ဆီဟာ ပယ်နယ်တီ လွဲချော်ခဲ့လို့ စိတ်ပျက်ခဲ့ပေမယ့် ပွဲချိန် ၃၈ မိနစ်မှာ အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အာဂျင်တီးနားအသင်းအတွက် ဒုတိယမြောက် သွင်းဂိုးကိုလည်း မက်ဆီကပဲ မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ သွင်းယူပေးခဲ့တာပါ။
ဒီသွင်းဂိုးတွေကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ၁၈ ဂိုးနဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
မက်ဆီက စံချိန်သစ် တင်နိုင်ခဲ့လို့ ပျော်ရွှင်သလို ကွင်းထဲမှာ ကစားရတာနဲ့ ပျော်ရွှင်စရာတွေ အချိန်တွေကို ပိုင်ဆိုင် ရတာကို သူနှစ်သက်တယ်လို့ ပြောခဲ့တာပါ။
ဒါ့အပြင် မက်ဆီက အုပ်စုပွဲစဉ် ၂ ပွဲစလုံး အနိုင်ရပြီး ၃၂ သင်း အဆင့်တက်နိုင်ခဲ့တာက သူတို့ရဲ့ ပထမဆုံး ရည်မှန်း ချက်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန်လ ၂၇ ရက်မှာ ဂျော်ဒန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: ESPN
