CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၂
လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ ကာတစ်ဂျုံးစ်အတွက် အင်တာမီလန်အသင်းရဲ့ပေါင် ၂၁.၇ သန်းနဲ့ နှုတ်ဖြင့်ကမ်းလှမ်းမှုအား ပယ်ချခဲ့ပါတယ်။
အင်တာမီလန်အသင်းရဲ့ဒီကမ်းလှမ်းမှုဟာ ကာတစ်ဂျုံးစ်ကို ရောင်းချဖို့ လီဗာပူးလ်အသင်းသတ်မှတ်ထားတဲ့ ပေါင် ၃၅ သန်းထက် နည်းပါးနေတာပါ။
လီဗာပူးလ်အသင်းဟာ ကာတစ်ဂျုံးစ်ကို ဈေးလျှော့ရောင်းပြီး ထွက်ခွာခွင့်ပြုဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။
လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ ကာတစ်ဂျုံးစ်ကို အင်တာမီလန်အသင်းဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းအားကစားဒါရိုက်တာ အူဆီလီယိုက သူတို့ဟာ ကာတစ်ဂျုံးစ်ကို ခေါ်ယူနိုင်ဖို့ အာရုံစိုက် နေပြီး ဒါကို ဖုံးကွယ်ထားမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
လီဗာပူးလ်အသင်းတောင်ပံကစားသမား ချီယေဆာက ကာတစ်ဂျုံးစ်ဟာ အီတလီမှာ နေထိုင်ရတာ ဘယ်လိုလဲဆိုပြီး သူ့ကိုမေးခဲ့တယ်လို့ အီတလီ သတင်းစာ La Gazzetta dello Sport ကို ပြောခဲ့ပါတယ်။
ကာတစ်ဂျုံးစ်ဟာ လီဗာပူးလ်အသင်းအကယ်ဒမီကို အသက် ၉ နှစ်အရွယ်မှာ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အသင်းနဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာပါ။
ကာတစ်ဂျုံးစ်ဟာ လီဗာပူးလ်အသင်းအတွက် ၂၂၈ ပွဲကစားထားပြီး ၂၂ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အပါအဝင် ပြည်တွင်းဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပါတယ်။
Source:BBC
