CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂

အင်္ဂလန်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အက်စတွန်ဗီလာအသင်းမှာ ကစားနေတဲ့ လက်ရွေးစင်အသင်း ဖော် မော်ဂန်ရော်ဂျာစ်ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းနေတယ် လို့ ဗြိတိန်မီဒီ
ယာတွေက ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ၁၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ကာ ယူရိုပါလိဂ် ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတာပါ။ 

မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်အသင်းဟာ ဒီအပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ မော်ဂန်ရော်ဂျာစ်ကို ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းဖို့ရှိနေပြီး ဒီကမ်းလှမ်းမှုက သူ့ကို ရောင်းချဖို့ အက်စတွန်ဗီလာအသင်းကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေကြောင်း Daily Mail က ဖော်ပြထား တာပါ။ 

မော်ဂန်ရော်ဂျာစ်နဲ့ ဒီကလန်ရိုက်စ်ကို တွေ့ရစဉ်

အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကလည်း အင်္ဂလန်အသင်းမှာ အတူရှိတဲ့ အချိန်အတွင်း မော်ဂန်ရော်ဂျာစ်ကို အသင်းထံပြောင်းဖို့ တိုက်တွန်းနေတယ်လို့ အဆိုပါသတင်းရဲ့ ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။

မော်ဂန်ရော်ဂျာစ်ရဲ့ တိုက်စစ် ကွင်းလယ် နေရာစုံမှာ ကစားနိုင်တဲ့ အရည်အသွေးကို အာဆင်နယ်အသင်းနည်းပြ အာတီတာက နှစ်သက်နေတာကြောင့် လန်ဒန်ကလပ်က သူ့ကိုခေါ်ယူဖို့ ဦးစားပေးအဖြစ် စဉ်းစားနေတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ မော်ဂန်ရော်ဂျာစ်ကို လွန်ခဲ့တဲ့ ၂ နှစ်က မယ်ဒယ်ဘရော့အသင်းကနေ ပေါင် ၁၅ သန်းနဲ့ခေါ်ယူခဲ့ပြီး ချန်ပီယံရှစ်ကလပ်ဟာ သူ့ကိုရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်။ 

မော်ဂန်ရော်ဂျာစ်ဟာ ခရိုအေးရှားအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရလို့ စိတ်ပျက်နေပြီး ဂါနာအသင်းနဲ့ အုပ်စုဒုတိယပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

Source: Metro